ကလေးတိုက်ပွဲ ဒေသခံ ၁၀ ယောက်နဲ့ ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦးသေ၊ ကိုးဦးဒဏ်ရာရ

RFA Burmese
2024.05.05
ကလေးတိုက်ပွဲ ဒေသခံ ၁၀ ယောက်နဲ့ ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦးသေ၊ ကိုးဦးဒဏ်ရာရ စစ်ကိုင်းတိုင်း ကလေးမြောက်ပိုင်း ပြည်တော်သာရွာ မီးရှို့ခံထားရသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ ပြည်တော်သာရွာအနီးမှာဖြစ်နေတဲ့ တိုက်ပွဲအတွင်း မေလ ၄ ရက်နေ့ တစ်ရက်တည်းမှာတင် ဒေသခံဆယ်ယောက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပြီး ဒေသခံ ကိုးဦးဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေနဲ့ ထွက်ပြေးနေရသူတွေက ပြောပါတယ်။

မေလ ၄ ရက်နေ့ မနက်ပိုင်းကစပြီး အဲဒီရွာနားမှာ စစ်ကောင်စီတပ်နဲ့ ကလေးပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဒရုန်းဗုံးနဲ့ လက်နက်ကြီး ရှစ်ဆယ်နီးပါးအသုံးပြု တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"သူတို့ကပဲ လက်နက်ကြီးနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပစ်တာများတော့"

မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အမည်မဖော်လိုသူတစ်ဦးက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဒေသခံ ဆယ်ယောက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး နေရာမှာတင် သေဆုံးခဲ့တာလို့ RFA ကို ပြောပါတယ်။

"ဟုတ်တယ်၊ ခန့်မှန်းခြေက အဲလောက်ရှိတယ်။ ကျွန်မတို့က ပြည်သူနဲ့ ကာကွယ်ရေး ဘယ်လောက်ဆိုတာ အတိအကျ သတင်းထုတ်ပြန်နိုင်တာ မရှိသေးဘူး။ ဟုတ်တယ် စစ်ကောင်စီလက်ချက်ပေါ့။ သူတို့ကပဲ လက်နက်ကြီးနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပစ်တာများတော့။ တအုန်းအုန်း၊ တစ်ဒိုင်းဒိုင်း ထုကြတာများတော့ ထိခိုက်ဒဏ်ရာရတာ များတယ်ရှင့်"

လတ်တလော လုံခြုံရေးအခြေအနေကြောင့် သေဆုံးသွားသူတွေရဲ့ နာမည်နဲ့အသေးစိတ် အချက်အလက်တွေကို အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

သုံးလနီးပါးဖြစ်နေတဲ့ ကလေးမြောက်ပိုင်းကတိုက်ပွဲဟာ ပိုပြင်းထန်လာနေသလို စစ်ကောင်စီတပ်ကလည်း စစ်ရေးပစ်မှတ်မဟုတ်တာတွေကိုပါ ဒရုန်းဗုံးတွေသုံးပြီး တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိလည်း လက်ပံချောင်းရွာအနီးကို အင်အားနှစ်ရာနီးပါးရှိတဲ့ စစ်ကြောင်းရောက်နေပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

"အခုအခြေအနေက တိုက်ပွဲက တစ်နေ့တခြားပိုပြင်းထန်လာတော့ ကျွန်မတို့က ပြေးပဲပြေးနေရတာပေါ့။ မိုးလင်းကနေမိုးချုပ်အထိ စစ်ကြောင်းကို နားစွင့်နေရတာ။ ကျွန်မတို့က နေစရာ၊ စားစရာ မရှိတဲ့ဘဝကို ရောက်နေပြီ၊ ကိုယ့်ဘာသာကိုယ်နေလည်း အမြောက်နဲ့ထုလို့ သေရသေးတယ်လေ"

တိုက်ပွဲကြောင့် နန်းချောင်း၊ ဆည်ကြီး၊ ယောက်ချိုကွင်း၊ ဆယ်တော်၊ ပျဉ်းခုံကြီး၊ ပျဉ်းခုံလေး၊ ပြည်တော်သာ၊ လက်ပံချောင်း၊ ပျဉ်းတော်ဦးနဲ့ ကျောင်းတိုက်ရွာတွေက ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ၊ အရေးပေါ်ဆေးဝါးနဲ့ နေစရာအမိုးအကာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေသလို စစ်ကောင်စီတပ်က ဒရုန်းဗုံးတွေ ပိုအသုံးပြုလာတယ်လို့ RFA ကို ပြောပါတယ်။

"သူတို့က အဓိကတော့ ဒရုန်းစစ်ဆင်ရေးပေါ့လေနော်။ အဲဒီဒရုန်းနဲ့ပျံပြီးတော့ တိုက်ခိုက်တာကို အားထားတာကို ပိုပြီးတွေ့လာရတယ်။ ဒရုန်းနဲ့ အိမ်တွေပေါ်ချတယ်။ ဒေသခံရဲ့အိမ်တွေ ပျက်စီးတာတွေရှိတယ်။ ပြီးတော့ ကာကွယ်ရေးတပ်ဖွဲ့တွေ နေတယ်လို့ထင်ရတဲ့ နေရာတွေကို ဒရုန်းနဲ့ချတာရှိတယ်။ လက်နက်ကြီးနဲ့ ချတာရှိတယ်"

ကလေးမြို့နယ်၊ ပြည်တော်သာ ကျေးရွာအား တွေ့ရစဉ်။ (Photo: Facebook/ Zalen)
ကလေးမြို့နယ်၊ ပြည်တော်သာ ကျေးရွာအား တွေ့ရစဉ်။ (Photo: Facebook/ Zalen)

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေဘက်က ထိခိုက်သေဆုံးမှုကိုတာ့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေပါဘူး။

ကလေးမြို့နယ် လူသားချင်း စာနာထောက်ထားရေးအဖွဲ့ရဲ့ စာရင်းအရ ကလေးမြောက်ပိုင်းမှာ စစ်ကောင်စီတပ် မီးရှို့မှုကြောင့် အိမ်ထောင်စုတစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး အိမ်ထောင်စုနှစ်ထောင်ခန့်ကတော့ ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်ဘက်နဲ့ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ကို ပြောင်းရွှေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၃ ရက်နေ့ စာရင်းအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းက အရပ်သားငါးထောင်နီးပါး (၄,၉၆၂ ဦး) သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။