မိုဆိုရွာ သတ်ဖြတ်မှုမှာ အဓိကတာဝန်ရှိသူကို ရဲချုပ်ခန့်
2023.07.31

စစ်ကောင်စီဟာ အုပ်ချုပ်ရေးမှာ အရေးကြီးနေရာတစ်ခုဖြစ်တဲ့ ရဲချုပ်တာဝန်အတွက် လက်ရှိခန့်ထားတဲ့ ဗိုလ်ချုပ်ဇင်မင်းထက်ကို ဖယ်လိုက်ပြီး၊ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ခန့်လိုက်တဲ့အကြောင်း ဇူလိုင် ၂၁ ရက်က ကြေညာပါတယ်။ သူ့ကို ရဲချုပ်ရာထူးအပြင် ပြည်ထဲရေး ဒု-ဝန်ကြီးရာထူးပါ ပူးတွဲပေးလိုက်တာပါ။
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၁၃ ရက် နေပြည်တော်အစည်းအဝေးမှာ ပြောလိုက်ပြီး တစ်ပတ်အကြာမှာ အခုလို ရဲချုပ်အသစ် ပြောင်းလဲခန့်အပ်တဲ့အကြောင်း ကြေညာချက် ထွက်လာတာပါ။
ရဲချုပ်အသစ်ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဆိုတဲ့ ပုဂ္ဂိုလ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ခရစ္စမတ် အကြိုနေ့က ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာနားမှာ အရပ်သား ငါးဆယ်လောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်မှာ အဓိကတာဝန်ရှိတဲ့သူအဖြစ် EU ဥရောပသမဂ္ဂက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက် နေ့မှာ အရေးယူ ဒဏ်ခတ်ထားတဲ့သူ ဖြစ်ပါတယ်။
သူက စစ်တက္ကသိုလ်အပတ်စဉ် (၃၇) ဆင်း တြိဂံဒေသ စစ်ဌာနချုပ်တိုင်းမှူးလည်း ဖြစ်ပါတယ်။ ရဲချုပ်သစ် နီလင်းအောင်ဟာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးမဖြစ်ခင် ၂၀၂၂ ခုနှစ် သြဂုတ်လအထိ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကယားပြည်နယ်က စစ်ဆင်ရေးတွေကို တာဝန်ယူရတဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်ပါတယ်။
လူတွကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ အဓိကတာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်ကို ရဲချုပ် တာဝန်ပေးလိုက်တာက ဖိနှိပ်မှုတွေ အရှိန်မြှင့်ဖို့ဖြစ်နိုင်တယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်နေတဲ့ ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
“ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တွေမှာလည်း တာဝန်ရှိတဲ့သူ တစ်ဦးဖြစ်တယ်။ ဒါတွေ ထပ်ပြီးတော့လည်း လုပ်လာနိုင်တဲ့ အခြေအနေရှိတယ်။ သူတို့သည် စစ်အာဏာရှင်တော်လှန်ရေး ဒီမိုကရေစီအရေး လှုပ်ရှားတဲ့သူတွေကို နှိပ်ကွပ်မှာပဲ၊ ဒီထက်ဆိုးဝါးတဲ့ ဖြစ်စဉ်တွေနဲ့လည်း နှိပ်ကွပ်မှာပဲ”
အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်တဲ့အထိ တိုင်းပြည်ကို မထိန်းချုပ်နိုင်သေးတာကြောင့် ပိုပြီး လက်ရဲ ဇက်ရဲရှိတဲ့ လူယုံစစ်ဗိုလ်ချုပ်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရေးကြီးတာဝန်တွေ ပြောင်းလဲပေးအပ်လာတာလို့လည်း သူကသုံးသပ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ကွပ်ကဲတဲ့တပ်တွေဟာ ကယားပြည်နယ်ထဲမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ် ဒါပေမဲ့ ကျူးလွန်မှုတွေအတွက် သူတစ်ယောက်တည်းမဟုတ်ပဲ တခြားစစ်ခေါင်းဆောင်တွေလည်း တာဝန်ယူရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။
“ကရင်နီမှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အရပ်သားပြည်သူတွေကို သတ်ဖြတ်မှုတွေ၊ ကျေးရွာတွေကို မီးရှို့မှုတွေ၊ ရပ်သူရွာသားခရီးသွားတွေကို လမ်းမှာ ဖမ်းဆီးပြီးတော့ လက်ပြန်ကြိုးတုပ် ပြီးတော့ မီးရှို့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ဟာတွေကတော့ စစ်တပ် တစ်တပ်လုံးက သက်ဆိုင်နေတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီးနီလင်းအောင်မှ မဟုတ်ဘူး ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အထိ အကုန်လုံး တာဝန်ယူရမယ့် အရာတွေဖြစ်တယ်”
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရဲချုပ်သစ် နီလင်းအောင်ကို ဒေသတွင်း တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပိုပြီးအကျိုးပြုနိုင်မယ့်သူအဖြစ် ရှုမြင်ထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောတယ်။ ဒေသတွင်းတည်ငြိမ်ရေးဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အရေးအကြီးဆုံး အချက်ဖြစ်နေပါတယ်။
ရဲချုပ်အသစ်ပြောင်းတာဟာ ပိုဖိနှိပ်ဖို့ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။
"ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တွေမှာလည်း တာဝန်ရှိတဲ့သူ တစ်ဦးဖြစ်တယ်။"
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးကြည့်တော့ သင့်တော်မယ့်သူကို တာဝန်ပေးတာလို့ပြောပါတယ်။
“လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပိုပြီးတော့ ထိထိရောက်ရောက် ကိုင်တွယ်ဖို့၊ ဒါမှမဟုတ် ပိုပြီးနေရာစုံ ကိုင်တွယ်ဖို့ လိုအပ်တဲ့အခါကျတော့ ဒီနေရာနဲ့ပတ်သက်ပြီး လူအပြောင်းအလဲ လုပ်တယ်ဆိုတာ ထုံးစံပါပဲ။ လူ့အခွင့်အရေး ဘာညာကိစ္စရပ်တွေနဲ့ အနောက်နိုင်ငံတွေက ဘယ်လိုပဲရှိနေသည်ဖြစ်စေ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အရ ဒီလူတစ်ယောက်ဟာ ဒီနေရာမှာ သင့်တော်တယ်လို့ ဆုံးဖြတ်ရင် အုပ်ချုပ်သူတွေအနေနဲ့ လိုအပ်သလို ခန့်ထားတာရှိမှာပဲ ”
ရဲချုပ် ဇင်မင်းထက် လက်ထက်မှာ လုံခြုံရေးကဏ္ဍ ထူးထူးခြားခြား ပြောင်းလဲလာတာ မရှိတဲ့အတွက် အခုလို ရဲချုပ်အသစ် ပြောင်းလဲလိုက်တာလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
စစ်အာဏာရှင်တိုင်း သူတို့အာဏာ ဆက်လက်တည်မြဲရေးအတွက် ခိုင်းတာလုပ်မယ့်သူကို အရေးကြီးနေရာတွေ ပေးလေ့ရှိတယ်လို့ မြန်မာလူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။
“ရဲချုပ်ဆိုတဲ့နေရာက နိုင်ငံတကာမှာတော့ အင်မတန်မှ ကိုယ်ရေးရာဇဝင် သန့်ရှင်းပြီး တော်တော်လေး နောက်ကြောင်း သန့်ရှင်းတဲ့ပုဂ္ဂိုလ်တွေကို ပေးလေ့ရှိတဲ့ရာထူး၊ ကျွန်တော်တို့ တိုင်းပြည်မှာတော့ ရဲဆိုတာရော စစ်တပ်ဆိုတာရော အာဏာရှင်စနစ်ရှိနေတဲ့အတွက် အာဏာရှင်က သူ့အာဏာ ခိုင်မြဲရေးအတွက် အသုံးချနိုင်မယ့် အာဏာအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ လူကိုပဲ နေရာပေးမှာ”
ရဲချုပ်နေရာက ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်ဇင်းမင်းထက်ကတော့ စစ်ဘက်တာဝန်တွေကပါ အနားပေးခံလိုက်ရပြီး အားကစားနဲ့လူငယ်ရေးရာ ဒုဝန်ကြီးအဖြစ် အရပ်ဘက်ကို ပြောင်းရွှေ့ခံလိုက်ရပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းလိုက်ကတည်းက ရဲချုပ်နေရာကို ပြောင်းတာ အခုတစ်ခါနဲ့ဆို သုံးကြိမ်ရှိပါပြီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက်ကခန့်ထားတဲ့ ရဲချုပ် အောင်ဝင်းဦးကို အာဏာသိမ်းပြီးနောက်တစ်ရက်မှာ ရာထူးကဖယ်ရှားပြီး ဒုတိယ ဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ခန့်အပ်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၂ ခုနှစ် မေလမှာ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကို စစ်ဘက်ကို ပြန်ပို့လိုက်ပြီး ဗိုလ်ချုပ် ဇင်မင်းထက်နဲ့ အစားထိုးခဲ့တာပါ။ အခုခန့်လိုက်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က သုံးယောက်မြောက် ရဲချုပ်ဖြစ်ပါတယ်။