တနိုင်းမြို့နယ်မှာ စစ်ကောင်စီ တပ်စခန်းသစ် တိုးချဲ့တည်ဆောက်နေ

RFA Burmese
2023.07.19
တနိုင်းမြို့နယ်မှာ စစ်ကောင်စီ တပ်စခန်းသစ် တိုးချဲ့တည်ဆောက်နေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မြစ်ကြီးနားမြို့မှာ တွေ့ရစဉ်။
RFA

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အဝင် လီဒိုလမ်းမပေါ်မှာရှိတဲ့ နမ်ဖျက်ယန်ရွာနားက မြေဧက ငါးဆယ်ကျော်လောက်မှာ သံချပ်ကာနဲ့ အမြောက်တပ်တွေပါဝင်မယ့် တပ်စခန်းသစ်တစ်ခုကို စစ်ကောင်စီက တိုးချဲ့တည်ဆောက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေရာမှာ သံချပ်ကာနဲ့ အမြောက်တပ်တွေကို ယခင်က ယာယီတဲတွေနဲ့ ထားရှိခဲ့ရာကနေ အခုအချိန်မှာတော့ အခိုင်အမာဆောက်လုပ်နေတာ တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နမ်ဖျက်ယန်ရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"နမ်ဖျက်ယန်ရွာမှာ အရင်က ရော်ဘာခြံရှိတယ်လေ၊ အဲဒီမှာ တပ်စခန်းချထားတာ။ အဲဒီနေရာမှာ အကြီးအကျယ် ဆောက်နေတာ။ အဲဒီမှာ သူတို့ဆောက်နေကြတာ ကြာပြီလေ။ အရင်ဝါးတဲတွေနဲ့ ဆောက်နေကြတာ အခုတော့ အုတ်နဲ့ တကယ့် RC နဲ့ အမှန်အကန် ဆောက်နေကြတာ။ RC နဲ့ အမှန်အကန် ဆောက်နေတာကြတော့ အာဏာသိမ်း ပြီးနောက်ပိုင်းမှာ လုပ်တာပေါ့။ တပ်ရင်းပုံစံအလိုက် ဆောက်ထားတယ်ဆိုတော့ သူ့ဌာနအလိုက် ဆောက်ထားတယ်။ တပ်ရင်းဆိုရင် သူ့ဌာနအလိုက် ဆောက်ထားတဲ့ အင်္ဂါရပ်အစုံအလင်နဲ့ ဆောက်ထားတာ တွေ့ရပါတယ်"

အခုတည်ဆောက်နေတဲ့ တပ်စခန်းဟာ နမ်ဖျက်ယန်ရွာရဲ့ အနောက်ဘက်မှာဖြစ်ပြီး ရွာနဲ့ ချောင်းတစ်ခုသာ ခြားပါတယ်။ ဒီတပ်စခန်းသစ်အတွက် ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ကတည်းက ဒေသခံတွေရဲ့ မြေတချို့နဲ့ ဘာသာရေး အသင်းတော်က ပိုင်တဲ့ မြေနေရာတွေကို စစ်တပ်က သိမ်းယူထားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ရွာနားမှာ တပ်စခန်းသစ် တည်ဆောက်တာကို ဒေသခံတွေက သဘောမတူကြဘူးလို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘာသာရေးဆရာတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံက သိတဲ့အတိုင်း တပ်စခန်းက ရွာနဲ့ ကပ်ပြီးမှပဲ လုပ်နေတာ။ လီဒိုလမ်း တစ်လျှောက်ဆို အားလုံးက ရွာနဲ့ကပ်ပြီးမှ လုပ်ထားတဲ့ဟာတွေ သဘောတူတယ် ဆိုတာက ဘယ်သူမှ တူတာတော့ မရှိလောက်ပါဘူး။ ဒါပေမဲ့ ဘာမှ ပြောလို့မရဘူး သူတို့ တပ်ရင်းလုပ်တဲ့ ဘက်မှာလည်း နှစ်ခြင်းအသင်းတော်ရဲ့ နေရာတို့ ဘာတို့လည်း ရှိတယ်လေ။ ဒါပေမဲ့ အခုက အားလုံး သူတို့ သိမ်းလိုက်ပြီပေါ့”

နမ်ဖျက်ယန်ရွာမှာ အိမ်ခြေ ငါးဆယ်ရှိပြီး လက်ရှိမှာ လူဦးရေ တစ်ရာနီးပါး နေထိုင်ပါတယ်။ ယခင်က ရွာနေလူဦးရေများပြီး စည်ကားခဲ့ပေမယ့် စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အပြန်အလှန် အခြေချ ထိန်းချုပ်မှုတွေကြောင့် ဒေသခံ တော်တော်များများဟာ တနိုင်းမြို့ပေါ်နဲ့ အခြားရွာတွေဘက်ကို ပြောင်းရွှေ့ သွားကြတာလို့ ဒေသခံတွေက ဆိုပါတယ်။

အခုလည်း ရွာနားမှာ တပ်စခန်း တည်ဆောက်နေတာကြောင့် နောက်ဆက်တွဲ တိုက်ပွဲတွေ ပြင်းထန်လာမှာကို စိုးရိမ်ကြောက်လန့်နေရတယ်လို့ အမည်မဖော်လိုတဲ့ ဘာသာရေး ဆရာကပဲ RFA ကို ဆက်ပြီး ပြောပါတယ်။

"ကျွန်တော်တို့အတွက်ကတော့ တပ်စခန်းရှိတယ်ဆိုတာနဲ့ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တာပေါ့၊ သေချာလည်း သေချာနေတာကို။ တပ်ရင်းစခန်းရှိတဲ့ နေရာဆိုတော့ ဘယ်အချိန် တိုက်ပွဲဖြစ်မလည်းဆိုတာ ပြောလို့လဲမရတော့ ကျွန်တော်တို့ ကြောက်လန့်နေရတာပေါ့။ စိုးရိမ်မှုဆိုတာထက် ရာနှုန်းပြည့် စိုးရိမ်ရတာပေါ့။ ဘယ်အချိန်ဖြစ်မယ်မှန်းလည်း မသိတော့ကြောက်လန့်နေရတာပေါ့"

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လီဒိုလမ်းမပေါ်မှာရှိတဲ့ တနိုင်းဘက်ကို စစ်အင်အားနဲ့ စစ်စခန်းတွေကို တိုးချဲ့လာကာ ဟူးကောင်းချိုင့်ဝှမ်းဒေသ တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာတာလို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်က တနိုင်း-လီဒို လမ်းမကြီးကို တွေ့ရစဉ်။ (Photo: RFA)
ကချင်ပြည်နယ်က တနိုင်း-လီဒို လမ်းမကြီးကို တွေ့ရစဉ်။ (Photo: RFA)

အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံကို မြန်မာနိုင်ငံကနေ တစ်ဆင့် ဆက်သွယ်ထားတဲ့ လီဒိုလမ်းမကို ဒုတိယကမ္ဘာစစ် ကာလအတွင်း စစ်ရေးမဟာဗျူဟာအတွက် ဖောက်လုပ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ နမ်ဖျက်ယန်ရွာကနေ တနိုင်းမြို့ပေါ်အထိ လမ်းမတစ်လျှောက် စစ်တပ်စခန်း ငါးခုလောက်နဲ့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ တနိုင်းဘက်မှာ တပ်စခန်းသစ် တည်ဆောက်နေတာဟာ အိန္ဒိယဘက်ခြမ်း အနောက်ဘက်တံခါးကို ချုပ်ကိုင်ဖို့ ကြိုးစားနေတာလို့ ပြာပါတယ်။

"မနှစ်တုန်းကစပြီးမှ စလာတယ်လို့ ပြောကြပါတယ်။ တနိုင်းကလည်း ခရိုင် ဖြစ်လာပြီလေ။ အရင်ကတော့ မြို့နယ်ဖြစ်နေတာ။ ဒါကြောင့်မလို့ တပ်တွေလည်း ပြန်ပြီးတော့မှ တိုးချဲ့တဲ့ သဘောဖြစ်မယ်။ ဒုတိယအချက်က စစ်ရေး အခြေအနေကတော့ ပိုပြီးမှ ခိုင်ခိုင်မာမာပေါ့ အနောက်ဘက် တံခါးတွေကို ပိတ်ဖို့ အိန္ဒိယဘက်က ပေါက်တဲ့လမ်း ဒစက ထိုင်တဲ့နေရာ ဖြစ်နေတယ်ဆိုတော့ အဲဒါကြောင့် ပိုပြီးမှ ခိုင်လုံအောင် ခိုင်မာအောင် တပ်နေရာတွေ တိုးချဲ့တယ်လို့ သုံးသပ်ပါတယ်"

ကချင်ပြည်နယ်တစ်ခုလုံးမှာ ရှေ့လျှောက် တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနိုင်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး လိုင်ဇာဌာနချုပ်အနီး နမ်ဆန်ယန်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး ဗန်းမော်မြို့မှာ အခြေစိုက်တဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကနေ အဓိက စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဟူးကောင်းချိုင့်ဝှမ်းဒေသဟာ KIA တပ်မဟာ -၂ လက်အောက်ခံ တပ်ရင်း ၁၄ နဲ့ တပ်ရင်း ၄၃ တို့ လှုပ်ရှားတဲ့ နယ်မြေဖြစ်ပြီး KIA တပ်စခန်းတွေကို စစ်ကောင်စီက ဒီနှစ်ဆန်းပိုင်းမှာ လေကြောင်းနဲ့ လာရောက် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

"သူတို့ဒီလိုမျိုး တပ်စခန်းလုပ်ဆောင်တာက ပြည်သူတွေအတွက် လုံးဝကို လုံခြုံမှု မရှိဘူး။ အားလုံးစိုးရိမ်ရတယ်။"

တနိုင်းမြို့နယ်ဘက်မှာ တပ်စခန်းတွေ တိုးချဲ့ဆောက်လုပ်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းတို့က RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်းမှာ စစ်တပ်စခန်း တိုးချဲ့တည်ဆောက်တာတွေ များလာပြီး အခုလို တပ်စခန်းတည်ဆောက်တာဟာ ပြည်သူတွေကို လုံခြုံမှုမရှိစေဘဲ စိုးရိမ်မှုတွေ ပိုပြီး ဖြစ်စေတယ်လို့ ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) တာဝန်ခံ ကိုဂျက်ကော့က RFAကို ပြောပါတယ်.

“၂၀၂၁ ဖေဖော်ဝါရီ သူတို့အာဏာသိမ်းပြီး နောက်ပိုင်း ပိုပြီးလုပ်ဆောင်လာတာ တွေ့ရတယ်။ ကချင်ပြည်နယ် နေရတချို့မှာ ပြန်ပြီးမှ တပ်စခန်းအသစ် တိုးချဲ့တာတွေ့ရတယ်။ အကြမ်းဖက်ဝါဒ ကိုနေရာတကာ တိုးချဲ့လာတာနဲ့ အတူတူပါပဲ၊ ပြီးတော့ သူတို့ဒီလိုမျိုး တပ်စခန်းလုပ်ဆောင်တာက ပြည်သူတွေအတွက် လုံးဝကို လုံခြုံမှု မရှိဘူး။ အားလုံးစိုးရိမ်ရတယ်။ ဒီအတိုင်းနေနေရတာထက် ဘယ်တော့ လူအခွင့်အရေး ချိုးဖောက် ခံရမလဲ စိုးရိမ်နေကြရတယ်”

ဟူးကောင်းချိုင့်ဝှမ်းဒေသရဲ့ လုံခြုံရေးနဲ့ စစ်ရေးကို တနိုင်းဒေသကွပ်ကဲမှု စစ်ဌာနချုပ်က တာဝန်ယူထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်ရဲ့ အရှေ့ဘက် ဗန်းမော်မြို့ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ အလယ်မှာ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အနောက်ဘက်မှာ တနိုင်းဒေသကွပ်ကဲမှု စစ်ဌာနချုပ်တွေကနေ တစ်ဆင့် ပြည်နယ်တစ်ခုလုံး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။