NCA လေးနှစ်ပြည့်အခမ်းအနားနဲ့ အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ

ဦးတင်အောင်ခိုင်
2019.10.28
dassk-622.jpg NCA လေးနှစ်ပြည့်အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖော။
Photo: myanmar state counsellor office

အခုပြုလုပ်တဲ့ NCA လေးနှစ်ပြည့်အခမ်းအနားဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အရေးကြီးတဲ့ အခမ်းအနားဖြစ်ပါတယ်။ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ NCA လမ်းကြောင်း အတိုင်းဆက်ပြီး အကောင်အထည်ဖော်လုပ်ဆောင်ဖို့ ကတိကဝတ်နဲ့ အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ယာယီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ RCSS/SSA အဖွဲ့က ဗိုလ်ချုပ်ကြီးယွက်ဆစ် အခန်းအနားကို မတက်ရောက်နိုင်တာမို့ လေးနှစ်ပြည့် အခမ်းအနားအပြီး မနက်ဖြန်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ JICM ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီ JICM အစည်းအဝေး မပြုလုပ်နိုင်တော့ပါဘူး။

“JICM ကတော့ မဖြစ်တော့ဘူး။ RCSS နဲ့ညှိပြီးမှ ပြန်လုပ်မယ်။ JICM မလုပ်နိုင်ရင်တော့ အားလုံးထိခိုက်တာပေါ့ JICM က NCA အရဆိုရင် အမြင့်ဆုံးဖြစ်တာကိုး”

... လို့ အခမ်းအနားကို တက်ရောက်လာတဲ့ PNLO အဖွဲ့နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးယွက်ဆစ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ တာဝန်ကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးထံက တာဝန်လွှဲယူခဲ့တာပါ။  သူတို့အဖွဲ့ NCA အခမ်းအနားကို လာမတက်နိုင်တာနဲ့ ပတ်သက်ပြီး တပ်မတော်က သူတို့လာတဲ့ လမ်းကြောင်းကို ခွင့်မပြုလို့ဖြစ်ပါတယ်။

“NCA အရဆိုရင် ကျွန်တော်တို့က လွတ်လပ်စွာ သွားလာခွင့်ရှိတယ်၊ နောက်တချက်က ကြိုတင်ညှိနှိုင်း သွားလာရမယ်ပေါ့။ ပြီးတော့ လုံခြုံရေးကန့်သတ်ထားတဲ့ နေရာမှအပ ဆိုတာ၊ အဲ့ဒါလည်းပါတယ်။ ဒါကြောင့် အဲ့ဒီလုံခြုံရေးကို အကြောင်းပြတာ”

... လို့ RCSS/SSA ပြည်တွင်းပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဦးက ပြောပါတယ်။

တဆက်တည်း တပ်မတော်က အကြောင်းပြတဲ့ မူးယစ်ဆေးဝါးတွေ မိတယ်ဆိုတဲ့ နေရာနဲ့လည်း သူတို့ လာတဲ့ လမ်းကြောင်းဟာ အဝေးကြီးဖြစ်တယ်လို့ ပြောပါတယ်။ အခုပြဿနာနဲ့ပတ်သက်ပြီး ပအို့ဝ်အဖွဲ့က အခြေအနေနဲ့ပတ်သက်လို့...

“ကျွန်တော်တို့နဲ့ RCSS လွန်ခဲ့တဲ့ တစ်နှစ်ခွဲ လောက်ကတော့ ပြဿနာရှိပါတယ်။ အခုတော့ ညှိနှိုင်းဆွေးနွေးပြီး ပြေလည်မှုရသွားပါပြီ”

...လို့  PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

RCSS /SSA အဖွဲ့ NCA လေးနှစ်ပြည့်အခမ်းအနားကို မတက်ရောက်နိုင်တာဟာ ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီ JICM အစည်းအဝေးကို ရွှေ့ဆိုင်းရတဲ့ အခြေအနေဖြစ်ပြီး ဒီအခြေအနေဟာ အစိုးရပြောနေတဲ့ စတုထ္ထအကြိမ် မြောက်ပင်လုံညီလာခံကို ရွေးကောက်ပွဲမတိုင်ခင်ပြုလုပ်ဖို့ ရှိတယ်ဆိုတဲ့ အစီအစဉ်ကိုပါ ထိခိုက်နိုင်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။