အမျိုးသားပညာရေး ဥပဒေ ပြင် ဆင်ရေး သဘာထားအမြင်


2015.01.19

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ပတ်သက်ပြီး သဘာထားအမြင်တွေကို ဒေါ်ခင်ခင်အိ စုစည်းတင်ပြမှာပါ။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ ကျောင်းသားတွေက ရက်ပေါင်း ၆ဝ တောင်းဆိုဆန္ဒပြခဲ့ကြပေမယ့် ဒါပေမယ့် အစိုးရဘက်ကတုန့်ပြန်တာ မရှိတဲ့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသပိတ်ကြီး ဆင်နွှဲသွားမယ်လို့ ကျောင်းသားတွေက ကြေညာလိုက်ပါတယ်။

လက်ရှိပြဌါန်းထားတဲ့ အမျိုးသားပညာရေးဥပဒေဟာ ဒီမိုကရေးစီပညာရေးကို အကောင်အထည်ဖော်ရာမှာ အခက် အခဲတွေရှိနေတဲ့အတွက် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့နဲ့ တွေ့ဆုံဆွေးနွေးပေးဖို့ ကျောင်းသားထုက တောင်းဆိုခဲ့တာကို အစိုးရက လျစ်လျူရှု့ခဲ့တဲ့အတွက် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသပိတ်ကြီး ဆင်နွှဲရတာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုကျော်ကိုကိုကပြောပါတယ်။

ကိုကျော်ကိုကို။           ။ဒီလက်ရှိအမျိုးသားပညာရေးဥပဒေ ပြဌါန်းရတဲ့အခြေအနေဟာ ဒီမိုကရေးစီပညာရေးကို အကောင်အထည်ဖော်ဖို့ အခက်အခဲအများကြီးရှိတယ်၊ ပညာရေးစနစ်ဟောင်းအတိုင်းပဲ လွတ်သွားနိုင်တဲ့ အလားအလာတွေ တွေ့ရတယ်၊ ဒီစနစ်ဟာ ဆိုးသွားတာက ဗဟိုချုပ်ကိုင်မှုတွေထားပြီးတော့ ကျောင်းသားတွေရဲ့ ပညာရေးအခွင့်အလမ်းကို အသိအမှတ်မပြုထားဘူး၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းမှုတွေ၊ ဆရာသမဂ္ဂဖွဲ့စည်းမှုတွေ အားပေးထာတဲ့ ဥပဒေတစ်ရပ်မဟုတ်ဘူး၊ အားလုံးလွတ်လပ်ခွင့်တွေ၊ ကျောင်းသားလူ့အခွင့်အရေးတွေ အများကြီး ဆုံးရှုံးနေတာကို တွေ့ရတယ်၊ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ ဒီဥပဒေကို ပြင်ဆင်ဆောင်ရွက်ပေးဖို့ အကြံဉာဏ်ပေး ခဲ့တာကို ဆွေးနွေးချင်တယ်၊ လက်တွေ့မှာ အကောင်အထည် ဖော်မပေးတဲ့အတွက်ကြောင့်မို့လို့ အခုလို လမ်းပေါ်ထွက် ပြီး ဆန္ဒပြနေရတဲ့ အခြေအနေဖြစ်တယ်၊ ရက်ပေါင်း ၆ဝ ရာဇသံပေးထားပေမယ့်လည်း စီစဉ်ပြောင်းလဲမှုမရှိတဲ့အတွက် အခုဒါ ကျနော်တို့အနေနဲ့ ဆန္ဒပြဖို့စုပြီး ဆုံးဖြတ်လိုက်ကြတာပေါ့၊ ဒီ ၁၅ ရက်အတွင်းကိုလည်း မပြောင်းလဲသေးဘူးဆို ရင်တော့ ကျောင်းသားတွေနဲ့ ပြည်သူလူထုအပါအဝင် ကျနော်တို့ကို ထောက်ခံအားပေးပြီးတော့ ရှေ့ဆက်ပြီးဆောင် ရွက်သွားမှာဖြစ်တယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ ဥက္ကဌ ကိုကျော်ကိုကို ပြောသွားတာပါ၊ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီးတွေ့ဆုံဆွေနွေးဖို့ ကျောင်းသားထုရဲ့ ကမ်းလှမ်းချက်ကို အစိုးရက တုန့်ပြန်မှုမရှိခဲ့တဲ့အပေါ်မှာ နိုင်ငံလုံး ဆိုင်ရာ ဆရာများသမဂ္ဂက ဦးသန်းထိုက်အောင်က အခုလိုသုံးသပ်ပါတယ်။

ဦးသန်းထိုက်အောင်။               ။ရှင်းရှင်းပြောရမယ်ဆိုရင်ဗျာ ကျောင်းသားလူငယ်တွေက ဆွေးနွေးရေးလမ်းကြောင်း ကို သူတို့ကရွေးချယ်ကြတယ်၊ အဲ့ဒါကြောင့်မို့လို့ သူတို့က ရက် ၆ဝ ပေးပြီးတော့မှ ဒီကြားထဲအတောအတွင်းမှာ ကျနော် တို့ ဆွေးနွေကြရအောင်ပါဆိုပြီးတော့မှ ဖိတ်ခေါ်ခဲ့ကြတာပါ၊ အစိုးရပိုင်းကော၊ ပညာရေးဝန်ကြီးဌါနကလူတွေရော သူတို့ က မိဘလိုထားပါတယ်၊ စေတနာထားပါတယ်၊ ကိုယ့်ရဲ့သားသမီးတွေလို သဘောထားပါတယ် လို့ ပြောပြီးတော့ ကျောင်းသားတွေနဲ့အတူတူ ဘာကြောင့်မဆွေးနွေးနိုင်ရတာလဲ၊ ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင် သူတို့က ဆွေးနွေးရေးလမ်းကြောင်းကို သူတို့တွေက မရွေးချယ်ဘူး၊ ကျောင်းသားတွေကို လမ်းပေါ်ပို့တယ်လို့ ကျနော်တို့ကယူဆတယ်၊ ကျောင်းသားတွေက လမ်းပေါ်မသွားချင်ပါဘူးဗျာ ဆွေးနွေးချင်တာပါ၊ ဒါကလည်း အားလုံအသိပဲ၊ ဒီကြားထဲအတောအတွင်းမှာ သူတို့ဆက်သွယ်လေမလား၊ ဆက်သွယ်လာလေမလားဆိုပြီး ဒီလိုမျိုးနဲ့ စောင့်မျှော်နေခဲ့တာပါ၊ သူတို့ပြောပြောနေတယ် မိဘနဲ့သားသမီးဆိုတဲ့ပုံစံမျိုး အမြဲတမ်းပြောတယ်၊ အဲ့ဒီတော့ သားသမီးကနေ ဖအေမိဘနဲ့ ကျနော်တို့တွေ ပြေလည်ရာပြေလည်ကြောင်း ဆွေးနွေးကြရအောင်၊ လူကြီးတွေ က စေ့စပ်ဆွေးနွေးရမှာပေါ့၊ ဘာကြောင့်လူငယ်တွေကို လမ်းပေါ်ရောက်အောင် လုပ်ကြရတာလဲလို့ ကျနော်တို့ မြင် ပါတယ်။

နိုင်ငံလုံးဆိုင်ရာ ဆရာများသမဂ္ဂက ဆရာ ဦးသန်းထိုက်အောင် ပြောသွားတာပါရှင်၊ ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျေမီက အစိုးရအနေနဲ့ ကျောင်းသားထုရဲ့ တောင်းဆိုမှုတွေကို အသိအမှတ်ပြုပေးရမှာဖြစ်သလို သူတို့ရဲ့ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း စေ့စပ်၊ ဆွေးနွေး၊ အဖြေရှာသွားသင့်တယ်လို့ သုံးသပ်ပါတယ်။

ကိုဂျေမီ။                   ။အမှန်ကတော့ ဟိုအရင်ကတည်းက ကျနော်တို့ တိုက်တွန်းခဲ့ပါတယ် အစိုးရဘက်ကိုလည်း၊ ဒါက ကျောင်းသားတွေနဲ့ သူတို့ဆွေးနွေးပြီးတော့ အဖြေရှာရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ဒီဥပဒေကြမ်းကလည်း လွှတ်တော်က အတည်ပြုထားတာဖြစ်တဲ့အတွက် အရေးကြီးတာက လွှတ်တော်ပိုင်းကလည်း ဆွေးနွေးဖို့တော့လိုမယ်ဗျ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေးစီရေး ကြိုးပမ်းနေတဲ့ကာလမှာ တဖက်မှာအမျိုးသား ပညာရေးနဲ့ပတ်သက် ပြီးတော့ ဒါဟာလည်း အရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်တာပေါ့နော်၊ ဒါတွေကိုအားလုံး ချိန်ထိုးပြီးတော့ သူတို့ အကောင်း ဆုံးလုပ်သွားနိုင်မယ်လို့ ကျနော်ထင်တယ်၊ တဖက်ကလည်း အစိုးရဘက်အပိုင်းကရော၊ လွှတ်တော်ဘက်အပိုင်း ကရောပေါ့၊ ဒီတာဝန်ရှိတဲ့လူတွေအပိုင်းကလည်း ကျောင်းသားတွေရဲ့ တောင်းဆိုမှုတွေကို အသိအမှတ်ပြပြီးတော့ အမြန်ဆုံးဆွေးနွေးပြီးတော့ အဖြေရှာလိုက်ရင်တော့ အကောင်းဆုံးဖြစ်သွားမှပါ။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျေမီ ပြောသွားတာပါ၊ လက်ရှိပြဌါန်းထားတဲ့ အမျိုးသားပညာရေး ဥပဒေကို နိုင်ငံတဝှမ်းမှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ၊ ပညာရှင်တွေအပါအဝင် ပြည် သူတွေက ကန့်ကွက်နေတဲ့ကြားထဲက ပြည်ထောင်စုလွှတ်တော်က ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက်နေ့မှာ အတည်ပြုပြဌါန်းခဲ့ပါတယ်၊ ကန့်ကွက်နေတဲ့ကြားက အမျိုးသားပညာရေးဥပဒေကို ဇွတ်အတင်းအတည်ပြုလိုက်တာကို မကျေနပ်တဲ့အတွက် နိုင်ငံလုံးတဝှမ်းက ကျောင်းသားမဂ္ဂတွေဟာ ရန်ကုန်မြို့မှာ နိုဝင်ဘာ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၄ ရက်တိုင်တိုင် သပိတ်မှောက် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်၊ တပြိုင်နက်ထဲမှာပဲ အစိုးရကို ရက် ၆ဝ အတွင်းမှာ သပိတ်မှောက်ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်၊ ဒီတောင်းဆိုချက်ကို အစိုးရကတုန့်ပြန်မှု မရှိခဲ့တဲ့အတွက် ကျောင်းသားထုက အခုလိုနိုင်ငံလုံးဆိုင်ရာ သပိတ်ကြီးဆင်နွှဲဖို့ ဆုံးဖြတ်လိုက်ကြ တာဖြစ်ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။