ကချင်ပြည်နယ်မှာ လူတစ်သောင်းထက်မနည်း ရေဘေးဒုက္ခကြုံနေရ
2024.07.01

Updated 5:10 PM July 01, 2024
ကချင်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ဧရာ၀တီမြစ်၊ မေခမြစ်နဲ့ ချောင်းတချို့ ရေကြီးရေလျှံတာကြောင့် မြစ်ကြီးနား၊ ချီဖွေ၊ ၀ိုင်းမော်၊ တနိုင်းနဲ့ ဆွမ်ပရာဘွမ်မြို့နယ်က အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေပြီး လူတစ်သောင်းထက်မနည်း ဒုက္ခရောက်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိ မိုးဆက်သည်းနေပြီး မြစ်ရေဆက်တက်နေတာကြောင့် စစ်ဘေးဒုက္ခသည်တွေအပါအဝင် ပိတ်မိသူတွေကို ကူညီကယ်ဆယ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ ရေဘေးသင့်နေရာက ဒေသခံအချို့ကို နီးစပ်ရာဘုန်းကြီးကျောင်းတွေနဲ့ အမြင့်ပိုင်းနေရာတွေဆီ ပြောင်းရွှေ့ပေးနေတယ်လို့ မြစ်ကြီးနားမြို့မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကိုပြောပါတယ်။
“ရေကတော့ ရပ်ကွက်တိုင်းလိုပဲ မြုပ်နေတယ်။ ၂၀၀၄ တုန်းက စံချိန်အတိုင်းပဲ အဲထက်တောင် ကျော်နိုင်တဲ့ အဆင့်ရှိတယ် ။ ပိုမြုပ်တာကတော့ ကြက်ပေါင်ခြံတို့ အနောက်လယ်ကုန်း ရမ်ပူ အဲမှာ အဆိုးဆုံးပေါ့။ ရေဘေးရှောင်တွေတော့ တော်တော်များတယ်။ နီးစပ်ရာနီးရာ ဘုန်းကြီးကျောင်းတွေမှာ ပို့တယ်”
အမြင့်ပိုင်းရပ်ကွက်တွေကလွဲပြီး အခြားရပ်ကွက်တွေ ရေနစ်မြုပ်နေသလို စာသင်ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်က နေအိမ်အပေါ်ထပ်မှာ ပိတ်မိနေတဲ့ ဒေသခံတစ်ဦးကတော့ ကယ်ဆယ်ရေးတွေ လာရောက်ခေါ်မဲ့အချိန်ကို စောင့်နေရတယ်လို့ RFA ကို ဒီမနက်မှာပြောပါတယ်။
“ထွက်လာလို့ မရသေးဘူးရှင်။ အောက်မှာကလေ ရေက အရပ်တစ်ပြန်ကျော်သွားပြီ မလို့လေ။ လူကတော့ အပေါ်မှာဟုတ်တယ် အောက်ထပ်မှာကလေ တစ်ပြန်လောက်ရှိတော့လေ ညီမတို့အိမ်က လူကြီးတွေရှိလို့လေ လူကြီးနှစ်ယောက်နဲ့ ကလေးသုံးယောက်ရှိတော့ ထွက်လို့အဆင်မပြေဘူး ခက်နေတယ်။ ကယ်ဆယ်ရေးတွေလည်း မလာသေးဘူး လာမယ်လို့တော့ပြောတယ် ဒီဘက်ကိုလာဖို့ခက်နေတယ်တဲ့”
ကလေးမွေးမဲ့သူတွေပါ ပိတ်မိနေလို့ ကယ်ဆယ်ပေးဖို့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကနေ တောင်းဆိုနေတာတွေလည်း ရှိပါတယ်။
မြစ်ကြီးနား စီတာပူရပ်ကွက်မှာ မနောင်ကွင်းကနေ မြစ်ကြီးနားတက္ကသိုလ်သွားလမ်းတွေအထိ ရေမြုပ်သွားပြီး သွားလာလို့မရတော့သလို ပိတ်မိနေသူတွေအများအပြား ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ရွာကနေ လဘန်ရွာကို ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခတွေလည်း သူတို့စခန်းရေမြုပ်သွားတာကြောင့် ဘေးလွတ်ရာ ထပ်မံထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကိုပြောပါတယ်။
“အခုအခြေအနေကတော့ မနေ့ကကတည်းက ရေကြီးလာတယ်၊ ကျွန်မတို့ စစ်ရှောင်လာတဲ့ လဘန်ကျေးရွာ ကမ်းဘေးမှာပေါ့၊ ဧရာဝတီမြစ်ကမ်းဘေးမှာ ရေကတော်တော်ကြီးလာတယ်၊ ကျွန်မတို့နေတဲ့ တဲတွေလည်း မြုပ်ပြီပေါ့။ တချို့အဆာင်တွေ အိမ်သာတွေ အဲဘက်က ကမ်းနဲ့ပိုနီးတဲ့ အဆောင်တချို့ကတော့ ရေထဲ မျောပါသွားပြီ။ အခု အခက်အခဲတွေက အင်္ကျီတွေ ဝတ်စရာမရှိဘူးပေါ့၊ အကုန်လုံးက ရေတွေစိုသွားပြီ။ အစားသောက်တွေလည်း ဆန်တွေဆိုရင် ရေစိုတဲ့ဟာကစိုပေါ့၊ တချို့ကတော့ သယ်နိုင်တယ်၊ တချို့ကတော့ မသယ်နိုင်ဘူး၊ အခုက ဒီလဘန်ကျေးရွာက အိမ်တွေမှာတည်းပြီးတော့ အိမ်ရှင်တွေ ကျွေးနေတာပေါ့”
အဲဒီ စစ်ဘေးဒုက္ခသည်စခန်းမှာ လူဦးရေရှစ်ရာကျော်ရှိတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ ရေဘေးသင့်သူတွေကို ကူညီနေသူတစ်ဦးကလည်း အခုထက် ရေထပ်တက်လာရင် ကူညီရေး ပိုခက်ခဲသွားနိုင်တယ်လို့ RFA ကိုပြောပါတယ်။
“အဆင်မပြေဘူး အရမ်းအခက်အခဲဖြစ်တယ်၊ ရေက အရမ်းတက်တဲ့အခါကြတော့ စက်လှေမရှိတဲ့ အခါကြတော့လေ ကျွန်တော်တို့အသင်းဆို နေ့လည်း မအိပ်ရသေးဘူး၊ ညလည်း မအိပ်ရသေးဘူး ထွက်နေခဲ့တာ။ ဒါပေမဲ့ စက်လှေမရှိတဲ့အခါကြတော့ လူတွေကို ကူညီတဲ့နေရာမှာ အခက်အခဲဖြစ်တယ်။ ပိတ်နေတဲ့သူတွေ အများကြီးပဲ၊ ကျွန်နော်တို့ကြတော့ စက်လှေမရှိတော့ မကယ်ဆယ်နိုင်ဘူးဖြစ်နေတယ်။ ပိတ်တဲ့သူတွေ တော်တော်များတယ်။ ကျွန်တော်တို့က ဒီထက် ဒုက္ခကြုံလာရင်တော့ ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ဘူး၊ အခုတောင်မှ တော်တော်လေးကို ခက်ခဲနေတာဟုတ်တယ်”
စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါ်လေးရွှေဇင်ဦးကတော့ ကချင်မှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေတယ်လို့ RFA ကိုပြောပါတယ်။
“လောလောဆယ်တော့ ရေဘေးကယ်ဆယ်ရေးစခန်းတွေတော့ ဖွင့်နေတယ်၊ ဒီနေ့ကစပြီး။ စခန်းအနေနဲ့က နှစ်ဆယ်ကျော်ပြီ၊ လူဦးရေက သုံးထောင်ကျော်လောက်ရှိတယ်။ မြစ်ရေက တက်နေတုန်းဖြစ်တဲ့အတွက် နောက်ထပ် နှစ်ရက်လောက်တော့ မိုးကရွာနိုင်ခြေရှိတယ်။ မိုးအရမ်းများလို့ ရေကြီးတာ”
ရေဘေးကူညီရေးစခန်းကို မြစ်ကြီးနားမှာ ၁၇ ခုနဲ့ ဝိုင်းမော်မှာ ငါးခု ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။
မိုးဇလဌာန ဦးစီးအရာရှိ ဦးနိုင်လင်းထွေးကလည်း မြစ်ကြီးနားမြို့ရဲ့ ဧရာ၀တီမြစ်ရေဟာ ဇူလိုင်လ ၁ ရက် ဒီနေ့ မနက် ၉ နာရီခွဲမှာ စိုးရိမ်ရေမှတ်အထက် လေးပေကျော်မြင့်တက်နေတယ်လို့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။
ချီဖွေမြို့နယ်မှာလည်း လက်ရှိရေကြီးတဲ့အတွက် ပြီးခဲ့တဲ့လက ရေဘေးကြုံခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေပါ ထပ်ပြီး ဒုက္ခရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
တနိုင်းမြို့နယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်မှာလည်း မြစ်ရေရော ချောင်းရေပါဝင်ရောက်နေတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ မိုးသည်ထန်စွာ ဆက်ရွာနေဆဲဖြစ်ပြီး မြစ်ဖျားပိုင်းမှာလည်း ရေ ဆက်ကြီးနေတာကြောင့် အခုထပ် ပိုဆိုးလာမှာကို ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။
(မှတ်ချက် - ကူညီကယ်ဆယ်ရေးလုပ်နေသူ၊ စစ်ကောင်စီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတာဝန်ရှိသူနှင့် ဒေသခံများ၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက် ရေးသားထားပါသည်။)