မြဝတီမြို့မှာ နယ်စပ်ဖြတ်ဖို့ UID စမတ်ကတ်လုပ်သူတွေ ဘတ်ငွေနှစ်ထောင်အထိ ပေးရ
2024.05.17

မြဝတီ-မဲဆောက်တံတား ဖြတ်သန်းဖို့အတွက် စမတ်ကတ် UID (Unique Identifier Number) ဂဏန်း ၁၀ လုံးပါ အထောက်အထား လက်မှတ်ပါမှသာ ဖြတ်သန်းခွင့်ပြုတဲ့စနစ်ကို အခုမေလ ၁ ရက်နေ့ကနေ ပြောင်းလဲကျင့်သုံး လိုက်တာကြောင့် မြဝတီမြို့ဘက်ကနေ ထိုင်းနိုင်ငံဘက် သွားလာမဲ့သူတွေ စမတ်ကတ်ရဖို့ လာဘ်ငွေပေးပြီး လုပ်ဆောင်နေရပါတယ်။
မဲဆောက်ဘက် သွားလာဖို့ စမတ်ကတ်တစ်ခုကို ထိုင်းဘတ်ငွေ နှစ်ထောင် (မြန်မာကျပ်ငွေ နှစ်သိန်းနှစ်သောင်း) အထိ ပေးပြီးလုပ်ရတယ်လို့ မဲဆောက်သွားဖို့ စမတ်ကတ်လုပ်ခဲ့သူ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
"ပွဲစားခက စျေးတော်တော်တက်လာပြီ စျေးမြင့်လာတယ်ပေါ့နော်၊ အရင်တုန်းကဆိုလို့ရှိရင် ပွဲစားခက သုံးသောင်းလောက်ပဲ ပေးရတယ်၊ အခုကျတော့ ရှစ်သောင်းကနေပြီးတော့ သူတို့ပေါက်စျေးကတော့ ဘတ်နှစ်ထောင်အထိရှိတယ်၊ ရရင်လည်း အဲ့လိုချက်ချင်းမရဘူး၊ စောင့်ရတယ် တစ်ချို့တွေကျတော့ ဆယ်ရက်ကျော် တစ်ချို့တွေကျတော့ တစ်လနီးပါးပဲ အဲ့လိုမျိုးစောင့်ရတာမျိုးတွေ ရှိတယ် မြစန္ဒီပန်းခြံမှာ လုပ်ပေးတယ် တစ်ရက်ကို လူအယောက်သုံးရာနဲ့ သူတို့လုပ်ပေးတယ်"
အခုလို နေ့စဉ်လူရာချီပြီး စမတ်ကတ်လုပ်ကြတာမှာ လူဝင်မှုကြီးကြပ်ရေး (လဝက) ဝန်ထမ်းတွေနဲ့ ဝန်ဆောင်မှုပေးတဲ့ ပွဲစားတွေ လာဘ်ငွေယူပြီးလုပ်ပေးတဲ့ သတင်းပျံ့နှံ့လာပြီးနောက် မေလ ၁၀ ရက်မှာ စမတ်ကတ်လုပ်တဲ့ နေရာကို မြဝတီမြို့ ရွှေမြစန္ဒီစုဝေးကွင်းနေရာကို ပြောင်းပြီး တိုကင်စနစ်နဲ့ ပြုလုပ်နေပါတယ်။
ဒါ့အပြင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ၀င်တချိုလည်း စမတ်ကတ်ထုတ်ပေးတဲ့ ရုံးလုပ်ငန်းတွေနဲ့ မြ၀တီ-မဲဆောက်တံတား အမှတ် ၁ ဂိတ်က စစ်ဆေးရေးနေရာတွေမှာ ပူးပေါင်းလုပ်ပေးနေပြီး သူတို့ကိုငွေပေးလို့လည်း ရတယ်လို့ စမတ်ကတ်လုပ်ခဲ့သူ နောက်ထပ် မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
"ပွဲစားနဲ့ လုပ်တဲ့လူတွေက ရက်ချိန်းမလိုဘဲ အမြန်ရတာ ဆက်ရှိနေတာဘဲ၊ အဲ့ဒီမှာ စမတ်ကတ်အမြန်ရချင်လို့ရှိရင် BGF တပ်က လူကြီးတွေရဲ့ တပည့်တွေကနေတစ်ဆင့် လုပ်ကြတာတွေလည်းရှိတယ်၊ ဒီစမတ်ကတ်မရခင်မှာပေါ့ မဲဆောက်ဘက်ကို သွားလို့လာလို့ရအောင် လက်မှတ်လုပ်ပြီး သွားလည်းရတယ်၊ တံတားကနေပြီးတော့ စရဖတွေ၊ ရဲတွေ၊ လဝကတွေကို စလစ်ဖြတ်ဖို့ အေးဂျင့်ကို သုံးသောင်းပေးရတယ်"
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူနဲ့ မြဝတီမြို့ BGF လုံခြုံရေးတာဝန်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်တို့ကို ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
အရင်က မဲဆောက်ကို နေ့စဉ် မြဝတီဘက်က သွားလာသူ လူထောင်ချီ ရှိနေရာကနေ UID စမတ်ကတ် အချက်အလက် စစ်ဆေးပြီးမှ ခွင့်ပြုတဲ့စနစ်ကြောင့် လူနှစ်ရာဝန်းကျင်လောက်သာ ဖြတ်သန်းသွားလာမှု ရှိတော့ တယ်လို့ တံတားအနီးနေထိုင်တဲ့ မြဝတီမြို့ခံတွေက ပြောပါတယ်။
စမတ်ကတ်စနစ် ပြောင်းလိုက်တာကြောင့် မဲဆောက်မှာ လာအလုပ်လုပ်သူတချို့ နေ့စဥ်မြ၀တီဘက်ကူးပြီး ကတ်ပြားလာလုပ်ရတယ်လို့ ပြောပါတယ်
"မော်လမြိုင်ကနေပြီးတော့ မဲဆောက်လာအလုပ်လုပ်တာ၊ စမတ်ကတ်ပြမှ တံတားဖြတ်လို့ရမဲ့ စနစ်ကို ပြောင်းလိုက်တော့ မြဝတီဘက်ကမ်းကူးပြီးတော့ စမတ်ကတ် လာလုပ်ရတယ်၊ လဝက ရုံးဝန်ထမ်းနဲ့ ပတ်သက်တဲ့ ပွဲစားကိုတော့ ဘတ် တစ်ထောင်ပေးရတယ်၊ ဖောင်ဖြည့်တာတို့ တိုကင်စလစ်ယူတာတို့ကျတော့ သူတို့လုပ်ပေးတယ်၊ ပြီးရင်မျက်လုံးစကမ်ဖတ်တယ်၊ အဲ့ဒီတိုကင်စလစ်မှာ လဝကမှူးလက်မှတ်ပါတော့ မဲဆောက်ပြန်ပြီးတော့ အလုပ်လုပ်နေလို့ရတာပေါ့"
အခုလို UID စမတ်ကတ်စနစ် ပြောင်းလဲလုပ်ရာမှာ စာရင်းနဲ့ အချက်အလက်ကောက်ယူတာတွေကို လာဘ်ငွေပေးဖို့ မလိုကြောင်းနဲ့ ပေးသူကိုပါ အရေးယူမယ်လို့ (လဝက) ရုံးတွေမှာ ကြေညာထားပေးမဲ့ စမတ်ကတ် အမြန်ဝန်ဆောင်မှုပေးတဲ့ ပွဲစားတွေနဲ့ ဝန်ထမ်းတွေကတော့ ဆက်လက်အခကြေးငွေယူ လုပ်ဆောင်ပေးတာတွေ ရှိနေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။