တရုတ် ဟွားချောင်စက်ရုံက မြန်မာနိုင်ငံသားများ အဖမ်းခံရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်နေ

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ရန်ကျန်းမြို့က ကျန်းချန်ရပ်ကွက် ဟွားချောင် သံထည် ပစ္စည်းစက်ရုံမှာ အလုပ် လုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၄၈ ဦးကို အခုနှစ် ဇန်နဝါရီလ ၂၀ ရက်မှာ တရုတ်ရဲတွေက ဖမ်းဆီးသွားခဲ့ပြီး တစ်လကျော်တဲ့အထိ အဆက်အသွယ်ပြတ်နေတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
တရုတ်ရဲတွေ ဝင်ဖမ်းတုန်း ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ မိသားစုဝင်တချို့ပြောတာက ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား လေးဦးဟာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာက ကိုမောင်မောင်ချေ(ခေါ်) ကိုနေမျိုးအောင်၊ ပေါက်တောမြို့နယ် ငဝက်စွယ်ရွာက ကိုမင်းသိန်းနိုင်နဲ့ ကိုငဆိုးအောင်၊ မြောက်ဦးမြို့နယ်က ကိုမောင်ဆန်းမြင့် တို့ ဖြစ်ပါတယ်။
အရင်က စက်ရုံကို တရုတ်ရဲတွေလာစစ်ရင် စက်ရုံစစ်ဆေးရေးဂိတ်ကနေ အလုပ်သမား ခေါင်းဆောင်ကို ကြိုတင်အကြောင်းကြားပေမယ့် ဒီတစ်ကြိမ်မှာတော့ အကြောင်း မကြားဘဲ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဖမ်းဆီးခံရတဲ့ ကိုမင်းသိန်းနိုင်ရဲ့ ဇနီး မလှလှဝင်းက ပြောပါတယ်။
“တစ်လပိုင်း ၂၀ ရက်နေ့ မနက်ပိုင်းလောက်မှာ ဖမ်းသွားတာ။ ၂၆ ရက်နေ့ဆိုရင် အလုပ်ပိတ်မယ်ဆိုတော့ သူဌေးနဲ့ ပေါင်းပြီး လုပ်တာ ထင်တာပဲ။ ဘာလို့လဲဆိုရင်တော့ စက်ရုံမှာက ဂိတ်နှစ်ဂိတ် ရှိတယ်လေ။ ရဲတွေ ဂိတ်ဖြတ်မယ်ဆိုလို့ရှိရင် ဂိတ်စောင့်တွေ က အလုပ်ခေါင်းဆောင်တွေကို အကြောင်း ကြားတယ်လေ။ အဲဒီနေ့က သတင်းတွေ လည်း မပေးဘူး။ ဒီအတိုင်းဝင်ပြီး ဖမ်းသွားတာဆိုတော့ လစာကလည်း နှစ်လစာ တစ်ယောက် သိန်း သုံးဆယ်လောက်ပေးရမှာဆိုတော့ အဲဒါကြောင့် သူဌေးနဲ့ ရဲ ပေါင်းပြီး လုပ်တာလို့ ထင်တယ်”
မလှလှဝင်းဟာ သူ့ရဲ့ အမျိုးသားဖြစ်သူ ကိုမင်းသိန်းနိုင်၊ မောင်ဖြစ်သူ ကိုမောင်မောင်ချေ တို့နဲ့အတူတူ အလုပ် လုပ်ကိုင်နေတာပါ။ ဖမ်းဆီးခံရတဲ့နေ့က အဲဒီစက်ရုံထဲမှာရှိနေပြီး တရုတ်ရဲတွေ ဝင်ရောက်ဖမ်းဆီးတာကိုကြားလို့ ထွက်ပြေးလွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးသွားတာ တစ်လကျော်ကြာပြီဖြစ်ပေမယ့် အခုအချိန်အထိ အမျိုးသားနဲ့ရော မောင်ဖြစ်သူနဲ့ပါ အဆက်အသွယ်မရသေးဘူးလို့ ဒေါ်လှလှဝင်းက ပြောပါတယ်။
စက်ရုံက ရဖို့ရှိတဲ့ အမျိုးသားနဲ့ မောင်ဖြစ်သူတို့ရဲ့ လုပ်ခလစာကို ထုတ်ယူလို့မရတဲ့အပြင် အလုပ်မရှိဖြစ်နေတာကြောင့် အခက်အခဲဖြစ်နေတယ်လို့လည်း မလှလှဝင်းက ပြောပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာမှာရှိတဲ့ မလှလှဝင်းနဲ့ မောင်မောင်ချေ တို့ရဲ့ ဖခင် ဦးခင်သန်းမောင်က တရုတ်နိုင်ငံအတွင်းမှာ ဒုက္ခရောက်နေတဲ့ သားသမီးတွေ အတွက် စိတ်ပူတယ်လို့ RFA ကို ပြောပါတယ်။
“မိဘတစ်ယောက်အနေနဲ့တော့ အခုလို သားသမီးတစ်ယောက် ဒုက္ခရောက်နေရင် မြန်မာနိုင်ငံတွင်းမှာဆိုရင်တော့ ငါ့သား ဘယ်လိုလဲ သတင်းတွေ မေးလို့ရမယ်၊ အခုက နိုင်ငံရပ်ခြားမှာဆိုတော့ သိလည်း မသိရ၊ ကြားလည်း မကြားရ၊ မြင်လည်း မမြင်ရဘူး။ ဒါကြောင့် ကိုယ့်သား ဒုက္ခရောက်နေပြီဆိုတော့ စိုးရိမ်မိတယ်၊ ဝမ်းလည်း ဝမ်းနည်း မိတယ်။ သားပြန်မလွတ်သေးရင်တောင် သူတို့ ဘယ်နေရာမှာရှိတယ်။ ဘယ်လိုနေထိုင် ရတယ်။ အဆင်ပြေတယ်ဆိုတဲ့ စကားလေး တစ်ခွန်းတော့ ကြားချင်မိတာပေါ့”
မိသားစုစီးပွားရေးအဆင်မပြေတာကြောင့် လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက မလှလှဝင်းနဲ့ မောင်မောင်ချေတို့ တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး သူတို့ဆီက ပို့တဲ့ငွေကိုပဲ မိသားစုက အဓိက မှီခိုနေရတာလို့ ဦးခင်သန်းမောင်က ပြော ပါတယ်။
"သူတို့ ဘယ်နေရာမှာရှိတယ်။ ဘယ်လိုနေထိုင်ရတယ်။ အဆင်ပြေတယ်ဆိုတဲ့ စကားလေးတစ်ခွန်းတော့ ကြားချင်မိတာပေါ့"
ကိုမောင်မောင်ချေနဲ့ ဒေါ်လှလှဝင်းတို့ မိခင် ဒေါ်ဦးခင်ယဉ်ကလည်း သူ့သားကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်လို့ ပြောပါတယ်။
“အဆက်အသွယ်က အဲဒီနေ့ကတည်းက မရဘူး။ ကျွန်မသမီးကလည်း သူတို့နဲ့ အဆက်အသွယ် မရဘူး။ မေမေ သမီးလည်း အဆက်အသွယ်မရဘူးလို့ ပြောတယ်။ ဘယ်ကို ဖမ်းသွားတယ်ဆိုတာလည်း မသိဘူးလို့ ပြောတယ်။ အဲဒီ ဖမ်းသွား တဲ့သူတွေကို အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်။ သူဌေးက ပိုက်ဆံမပေးချင်လို့ လုပ်တာဆိုရင်လည်း အဲဒီပိုက်ဆံကို မပေးချင်လည်း မပေးနဲ့တော့၊ သားလေး အမြန်ဆုံးလွတ်ဖို့ကိုပဲ လိုချင် ပါတယ်”
တရုတ်ရဲတွေ ဖမ်းဆီးထားတဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငဝက်စွယ်ကျေးရွာက ကိုမင်းသိန်းနိုင်ရဲ့ အစ်မဖြစ်သူ ဒေါ်မဝင်းနွယ်ကလည်း မောင်ဖြစ်သူနဲ့ အဆက်အသွယ် မရတာကြောင့် မိသားစုဝင်တွေအားလုံး စိုးရိမ်ပူပန်နေတယ်လို့ ပြောပါတယ်။
“အခုအထိ သူတို့နဲ့ အဆက်အသွယ်မရဘူး။ အဲဒါကြောင့် အရမ်းစိုးရိမ်နေတယ်။ သူတို့ ဘယ်နေကြလဲ။ ဘယ်လို စားနေကြလဲ။ ဒုက္ခတွေရောက်နေလား မိဘတွေ၊ ညီအစ်ကို၊ မောင်နှမတွေ အကုန်လုံး စိုးရိမ်နေကြတယ်။ အမှန်အတိုင်း ပြောရရင် မိသားစုတွေက သူတို့ကို အားကိုးပြီးနေရတာ။ သူတို့ဆီက ပို့တဲ့ပိုက်ဆံနဲ့ မိသားစုစားဝတ်နေရေး ဖူလုံမှုရတယ်လေ။ အခုကျ သူတို့ ဒုက္ခရောက်နေတယ်ဆိုတော့ မိသားစုတွေကလည်း အခက်အခဲတွေ၊ အကျပ်အတည်း တွေလည်း ရှိတာပေါ့”
မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ် အသီသီးက ရွှေ့ပြောင်းလုပ်သားတွေဟာ တရုတ်နယ်စပ် မူဆယ်၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ (UWSA) ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်ရာဒေသ၊ (NDAA) မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်ရာဒေသ၊ ကချင်ပြည်နယ် လွယ်ဂျယ်၊ ကန်ပိုက်တီး စတဲ့ မြို့တွေကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံအတွင်းမှာ နှစ်စဉ် လူဦးရေသိန်းနဲ့ချီပြီး သွားရောက် အလုပ်လုပ်ကိုင်နေကြတာပါ။
တရုတ်နဲ့ မြန်မာနိုင်ငံကြားမှာ နယ်စပ်ဖြတ်ကျော်ခွင့်အတွက် ၆ ညအိပ် ၇ ရက် သတ်တမ်း ရှိတဲ့ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် တွေကိုသာ ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒီလက်မှတ်တွေ ကိုင်ဆောင်ပြီး တရုတ်မှာ နှစ်ရှည်နေထိုင် အလုပ်လုပ်လို့ မရသလို နှစ်နိုင်ငံ အစိုးရကြားမှာ လည်း တရားဝင် အလုပ်သမားစေလွှတ်မှုဆိုင်ရာ နားလည်မှုစာချုပ် ချုပ်ဆိုထားတာ မရှိပါဘူး။
ဒါ့ကြောင့် တရုတ်နိုင်ငံ ပြည်မကြီးအထိ သွားရောက်အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသား တွေဟာ တရားမဝင် နေထိုင်မှုနဲ့ တရုတ်ရဲတွေရဲ့ ဖမ်းဆီးတာကို ခံနေရတယ်လို့ ရွှေပြောင်းလုပ်သားတွေအရေး ကူညီပေးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေးကွန်ရက် အဖွဲ့ခေါင်းဆောင် ကိုဌေးက ပြောပါတယ်။
“ထိုင်းနဲ့ တရုတ်ကို ပြန်ယှဉ်ရမှာပေါ့။ ထိုင်းဘက်မှာကျတော့ MOU ထိုးထားတာ ရှိတယ်။ အလုပ်သမားနားလည်မှု စာချွန်လွှာပေါ့။ အခု တရုတ်မှာတော့ အဲဒီ MOU မထိုးထားတဲ့အတွက် ရွှေလီကိုကျော်လို့ မရဘူး။ အဲတော့ ကျွန်တော်တို့ က တရားမဝင် သွားတာဖြစ်တဲ့အတွက် တစ်ပန်းရှုံးနေပြီ။ သူတို့ ဥပဒေအရလည်း သူတို့က မှန်နေ တာပေါ့။ နယ်မြေကျော်ပြီး သွားတယ်၊ တရားမဝင် အလုပ်သွားလုပ်တယ် ဆိုတာမျိုးပေါ့။ အခုကျတော့ ခွင့်ပြုပေးနိုင်ရင်တော့ တရုတ်နဲ့ မြန်မာ နားလည်မှုစာချွန်လွှာ အလုပ်သမားရေးရာအတွက်ကို တရားဝင် လက်မှတ်ရေးထိုးပြီးမှပဲ သွားသင့်တယ်လို့ အကြံပြုချင်ပါတယ် "
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း တရုတ်နိုင်ငံ ဒေသအသီးသီးကနေ အလုပ်လုပ်ပြီး ပြန်လာတဲ့ မြန်မာနိုင်ငံသား ၂၃၇ ယောက်ဟာ တရုတ်နိုင်ငံ ပေါက်စန်းမြို့မှာ အဖမ်းခံ ခဲ့ရပါတယ်။ အဲဒီ ဖမ်းဆီးမှုအတွက် ကူမင်းမှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံး တာဝန်ရှိ သူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့လို့ အလုပ်သမား ၂၀၀ ကျော် ပြန်လွတ်လာခဲ့တယ်လို့ ကိုဌေးက ပြောပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘေဂျင်းမှာရှိတဲ့ မြန်မာသံရုံးကို RFA က မတ်လ ၇ ရက်နေ့ကတည်းက ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ထားပေမယ့် မတ်လ ၁၁ ရက်အထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ မြန်မာအလုပ်သမား လေးဦး တရုတ်နိုင်ငံမှာ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် အချက်အလက်တွေကို မသိရသေးဘူးလို့ RFA ကို မတ်လ ၁၀ ရက်မှာ အီးမေးလ်ကနေတစ်ဆင့် ပြန်လည်ဖြေကြားလာပါတယ်။
နိုင်ငံခြားသားတွေ တရုတ်နိုင်ငံမှာလာပြီး အလုပ်လုပ်တာ၊ ပညာသင်ကြားတာနဲ့ နေထိုင် တာတွေကို တရုတ်နိုင်ငံက ကြိုဆိုပြီး နိုင်ငံခြားသားတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ပေးမှာဖြစ်သလို တစ်ဖက်မှာလည်း နိုင်ငံခြား သားတွေဟာ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ရင် ဥပဒေအရ အပြစ်ပေးမှာဖြစ်တယ်လို့ သံရုံးရဲ့ အကြောင်းပြန်စာမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံရောက်နေတဲ့ နိုင်ငံခြားသားတွေဟာ အခက်အခဲ ဒါမှမဟုတ် အငြင်းပွားမှုတွေ ကြုံလာရင် ဒေသအစိုးရတွေနဲ့ လုံခြုံရေးအဖွဲ့တွေက ကူညီပေးမှာဖြစ်သလို သက်ဆိုင်ရာ သံရုံးကိုလည်း ဆက်သွယ်အကူအညီတောင်းနိုင်တယ်လို့လည်း အဲဒီစာမှာ ဖော်ပြထား ပါတယ်။