ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အမှိုက်ရှင်းတဲ့ မြန်မာပြည်
နိုင်ငံတကာမှာတော့ သဘာဝထိန်းသိမ်းရေးအဖွဲ့တွေက မြစ်ချောင်းနဲ့ ပင်လယ်က အမှိုက်တွေ ရှင်းလေ့ရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ အမှိုက်ကနေ ဝမ်းစာရှာသူတွေ ရှိပါတယ်။
-
စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023-06-12 -
-
-
ကမ္ဘာမှာ အရှေ့တောင်အာရှဟာ ပလတ်စတစ်အမှိုက်အများဆုံးဒေသတစ်ခုဖြစ်တယ်လို့ နယ်သာလန်နိုင်ငံ အခြေစိုက် The Ocean Cleanup သမုဒ္ဒရာသန့်ရှင်းရေး ပရဟိတအဖွဲ့က ပြောပါတယ်။
အိန္ဒိယ၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက မြစ်တွေဟာ ကမ္ဘာမှာ ပလတ်စတစ်အမှိုက် အများဆုံးနဲ့ အညစ်ညမ်းဆုံးပဲလို့လည်း ၂၀၂၁ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
မြန်မာနိုင်ငံမှာ ပလတ်စတစ်အမှိုက်ပြဿနာက ကြီးထွားပါတယ်။ ဒါပေမဲ့ The Ocean Cleanup စာရင်းမှာ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ အမှိုက်ရှင်း ပလတ်စတစ်ကောက်နေတဲ့ မြန်မာနိုင်ငံ မပါဝင်ပါဘူး။
ကျေးလက်နေနေ မြို့ပြနေနေ မြန်မာနိုင်ငံကလူတွေဟာ အမှိုက်မီးရှို့ရင်ရှို့ ဒါမှမဟုတ် အနီးနားမှာရှိတဲ့ မြစ်၊ချောင်း၊ မြောင်းတွေထဲ အမှိုက်သွားပစ်ကြပါတယ်။ မုတ်သုန်မိုးက ချောင်း၊ မြောင်းတွေကို ရေလျှံစေပြီး မိုးအားကောင်းရင် ရေစီးက သန်လာတာနဲ့ အမျှ အမှိုက်တွေကို မြစ်ထဲမျောပါစေတဲ့အခါ အမြင့်ကနေ ကြည့်ရင် ပလတ်စတစ်တွေ တောင်ပုံရာပုံတွေ့နိုင်တယ်လို့ ERIA- Economic Research Institute for ASEAN and East Asia အာဆီယံနဲ့ အရှေ့အာရှစီးပွားရေးသုတေသနအဖွဲ့က ပြောပါတယ်။
အမှိုက်သိမ်းရမယ့်တာဝန်က မြူနီစပယ်လို့ ပြောတဲ့ စည်ပင်သာယာရေးအဖွဲ့မှာ ကျရောက်ပေမဲ့ သုံးပြီးသား ပစ္စည်းပြန်သုံးဖို့ ကမ္ဘာမှာ စေ့ဆော်နေတဲ့ recycling နည်းကို ကုန်ကြမ်းရှားတဲ့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတာမို့ မြူနီစပယ်တာဝန်ကို လူထုက ဝင်ရောက်ထမ်းဆောင်ပေးသလို ရှိနေပါတယ်။
မြစ်ချောင်းဆိုရင် အမှိုက်သွားပစ်လို့ရတယ်လို့ အကျင့်စွဲနေပြီး ပလတ်စတစ်ရော၊ စားကြွင်းစားကျန်ရော၊ အမှိုက်သရိုက်တွေရော ပစ်လေ့ရှိပါတယ်။ နိုင်ငံတကာမှာတော့ သဘာဝထိန်းသိမ်းရေးအဖွဲ့တွေက မြစ်ချောင်းနဲ့ ပင်လယ်က အမှိုက်တွေ ရှင်းလေ့ရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ အမှိုက်ကနေ ဝမ်းစာရှာသူတွေ ရှိပါတယ်။
ဒါကြောင့် ဆင်းရဲချမ်းသာ အလွန်ကွာဟပြီး အလုပ်အကိုင်လည်းရှားပါး စီးပွားရေးအလွန်ကျပ်တည်းတဲ့ နိုင်ငံမှာ တစ်နေ့စာ တစ်နေ့ရှာ စားနိုင်ဖို့ ပလုံကောက်ဆိုတဲ့ ဝေါဟာရလည်း ပေါ်ထွန်းလာပါတယ်။
ရောင်းလို့ရတဲ့ အမှိုက်လိုက်ကောက်တာပဲလို့လည်း အမှိုက်နဲ့ ဝမ်းစာရှာသူတယောက်က ပြောပါတယ်။
“ပစ္စည်းကတော့ ရောင်းလို့ရတာ အကုန်ကောက်တယ်။ ရေသန့်ဗူးလေးတွေတော့ အရဆုံးပဲ။ လိုချင်တာကတော့ သံဗူးတို့ ဘီယာဗူးတို့၊ သူတို့ကျတော့ ဈေးကောင်းတယ်ပေါ့။"
ERIA က ဒီနှစ် မတ်လက ဖော်ပြတဲ့ ဆောင်းပါးမှာ မြန်မာနိုင်ငံက သုံးပြီးသားပစ္စည်းပြန်သုံးတဲ့ recycling ဟာ အရပ်လည်း အလွန်ဆန်၊ ခေတ်လည်းနောက်ကျတယ်လို့ မှတ်ချက်ပေးပါတယ်။ အိမ်ခြံဝင်းနောက်ဖေးမှာ လျှပ်စစ်မသုံးတဲ့ recyle လုပ်ငန်းတွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။ လက်နဲ့ပဲ ပလတ်စတစ်ကို ဖြတ်တောက် ရေဆေးကြပါတယ်။
နည်းနည်းပါးပါး ပိုခေတ်မီသူတွေကတော့ လျှပ်စစ်နဲ့လည်ပတ်တဲ့ အဝတ်လျှော်စက်နဲ့ သုံးပြီးသား ပလတ်စတစ်တွေကို ဆေးကြောပါတယ်။
ERIA ဟာ ရန်ကုန်မှာ အမှိုက်ရှင်းနေတဲ့ Thant Myanmar အစီအစဉ်ညွှန်ကြားရေးမှူး Mr. Jeske ကို မေးမြန်းခဲ့တာတွေကို တင်ပြတာလည်း ဖြစ်ပါတယ်။
၂၀၂၁ စစ်အာဏာမသိမ်းခင် ADB အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ကမ္ဘာ့ဘဏ်က ရန်ပုံငွေ အများဆုံးရခဲ့တဲ့ သန့်မြန်မာဟာ သူ့လုပ်ငန်း အပျက်မခံဘဲ ၂၀၂၂ မှာ အမှိုက်တစ်ပိဿာ ငွေ ၁ဝဝ နဲ့ ဝယ်ယူတဲ့ အစီအစဉ် စတင်ပါတယ်။
မြို့တော်စည်ပင်သာယာအဖွဲ့က အမှိုက်လာမသိမ်းတဲ့နေရာတွေမှာ စတင်တာပါ။ ရွှေပြည်သာ၊ အင်းစိန်နဲ့ ဒလမြို့နယ်တွေမှာ ဆောင်ရွက်တယ်လို့ဆိုပါတယ်။
ဒီအစီအစဉ်က အလုပ်ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် သန့်(မြန်မာ) အဖွဲ့က မနှင်းဝေက ပြောတာပါ။
“ပြောင်းလဲမှု မြင်တွေ့တာဆိုရင်တော့ အမှိုက်ရှင်းသွားတာပေါ့။ ဒါက ရှင်းရှင်း လင်းလင်းပြောရရင် အရင်တုန်းက ဒီနေရာတွေက အမှိုက်တွေ အရမ်းများတယ်။ သူတို့က သူတို့အိမ်က အမှိုက်တွေကို သူတို့ ရှင်းပြီးတော့ လာရောင်းတယ်။ သူတို့အိမ်အောက်မှာ အမှိုက်တွေမရှိတဲ့အခါ လမ်းထဲက အမှိုက်တွေကို သူတို့ရှင်းတယ်။ သူတို့ပတ်ဝန်းကျင်က အမှိုက်တွေ ရှင်းတဲ့အတွက်ကြောင့် အမှိုက်တွေ ရှင်းလင်း သွားတယ်။ အမှိုက်တွေ ရှင်းလင်းသွားတာနဲ့ နောက်ဆက်တွဲ ဘာတွေကောင်းကျိုး ရလာလဲဆိုတော့ ခြင်တွေ မရှိတော့ဘူး။ ကြွက်တွေမရှိတော့ဘူး။ သန့်ရှင်းသွားတယ်။ သူရဲ့ ကောင်းကျိုးအနေနဲ့က အမှိုက်ရှင်းလင်းသွားတယ်။ ပြီးတဲ့အခါမှာ ကျန်းမာရေး အတွက်ဖြစ်စေတာတွေလည်း လျော့ပါးသွားတယ်ပေါ့နော်”
သန့်မြန်မာလို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပလတ်စတစ်တိုက်ဖျက်ရေးအဖွဲ့အစည်းက တတ်နိုင်သလို အမှိုက်ကင်းစင်အောင် ဆောင်ရွက်နေပြီး ပလုံကောက်သူတွေကလည်း တစ်ဖက်တစ်လမ်းကနေ အမှိုက်ရှင်း၊ ပလတ်စတစ်အမှိုက် ရှင်းပေးနေသူတွေလည်း ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ကိုယ်ပိုင်စက်ရုံက လက်နက်ထုတ်ဖို့၊ ပြည်ပက လက်နက်ဝယ်ယူဖို့၊ အတိုက်အခံတွေကို နှိမ်နင်းဖို့၊ ရွာလုံးကျွတ် မီးရှို့ဖို့ နည်းဗျူဟာတွေ၊ မဟာဗျူဟာတွေ ချမှတ်ချိန်မှာ မြန်မာနိုင်ငံလို အာဆီယံ အဖွဲ့ဝင်နိုင်ငံလည်းဖြစ် ပလတ်စတစ်အမှိုက်ပြဿနာလည်း ကြီးထွားတဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ ၂၀၁၅ အရောက်မှာ ပလတ်စတစ်သုံးစွဲခွင့် ပိတ်ပင်တားဆီးဖို့ ရည်ရွယ်ထားပါတယ်။ ဒီအကြောင်း ခက်ခဲပေမဲ့ လုပ်နိုင်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ CNA သတင်းက ဇွန် ၁၁ ရက်က ဖော်ပြပါတယ်။