မူလအခြေအနေ ပြန်မရောက်သေးတဲ့ မြန်မာ့ခရီးသွားလုပ်ငန်း

2022.05.11
မူလအခြေအနေ ပြန်မရောက်သေးတဲ့ မြန်မာ့ခရီးသွားလုပ်ငန်း နိုင်ငံခြားခရီးသွားတချို့ကို ရန်ကုန်လေဆိပ်မှာ ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ကိုဗစ်နဲ့ အာဏာသိမ်းနောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ဆန်းကတည်းက ရပ်တန့်လုနီးပါး ဖြစ်သွားတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းဟာ အခုချိန်ထိ ပုံမှန်အခြေအနေကို မရောက်သေးပါဘူး။

ပြည်ပခရီးသွားလုပ်ငန်းကို မှီခိုအသက်မွေးရတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းပိုင်ရှင်တွေ၊ ဧည့်လမ်းညွှန်တွေ၊ စားသောက်ဆိုင်ပိုင်ရှင်တွေနဲ့ ဝန်ထမ်းတွေဟာ အခုချိန်မှာ ရပ်တန့်လု နီးပါးဖြစ်နေတဲ့ သူတို့ရဲ့ အသက်မွေး ဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်ပြီး ရရာအလုပ် မျိုးစုံကို ပြောင်းလဲလုပ်ကိုင်နေရပါတယ်။

နွေရာသီရောက်တိုင်း ပြည်တွင်းပြည်ပ ခရီးသွားတွေနဲ့ စည်ကားလေ့ရှိတဲ့ ငွေဆောင် ကမ်းခြေမှာ နိုင်ငံခြားသား ခရီးသွားတွေကို မတွေ့ရတာ နှစ်နှစ်လောက် ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

အရင်ကဆိုရင် ငွေဆောင်နဲ့ ချောင်းသာအပါအဝင် မြန်မာနိုင်ငံက အထင်ကရနေရာတွေကို တရုတ်ခရီးသည် အများစု လာရောက်လည်ပတ်လေ့ရှိပါတယ်။ စပိန်၊ အီတလီ၊ ပြင်သစ် စတဲ့ ဥရောပခရီးသည်တွေလည်း လှပတဲ့ မြန်မာကမ်းခြေတွေကို အထူးနှစ်သက်ကြ ပါတယ်။ ဒီနှစ်မှာတော့ တစ်လလုံးမှ နိုင်ငံခြားသားဧည့်သည် သုံးယောက်လောက်ပဲ ရှားရှားပါးပါး တွေ့ရတယ်လို့ ငွေဆောင်ဒေသခံက ပြောပါတယ်။

လာရောက်သူနည်းပါးလွန်းတာကြောင့် စားသောက်ဆိုင်ကို ပိတ်ပစ်လိုက်ရတယ်လို့ ငွေဆောင်ကမ်းခြေက စားသောက်ဆိုင်ပိုင်ရှင် ဦးကနေဒီက ပြောပါတယ်။

"ခါတိုင်းဆိုရင် ဒီအခြေအနေကောင်းတဲ့ အချိန်တုန်းကဆို မရှိဘူးဆိုရင်တောင် ဆိုင်မှာ ၂၅၀၊ ၃၀၀ ပုံမှန်ပဲ။ ဧည့်သည် ၂၅၀၊ ၃၀၀။ အခုကျတော့ ဆိုင်က ပိတ်ထားလိုက်ပြီ။ ပြန်ကို မဖွင့်တော့တာ။ ကိုဗစ် ပထမလှိုင်းကတည်းက အခုထိ ပြန်ကို မဖွင့်နိုင် တော့တာ"

အခုတော့ သူက တခြားစားသောက်ဆိုင်တစ်ခုကို ပြောင်းရွှေ့လုပ်ကိုင်နေရပါတယ်။ သူ့ဆိုင်က ဝန်ထမ်းတွေအပါအဝင် ခရီးသွားလုပ်ငန်းကို မှီခိုအသက်မွေးရတဲ့ အခြားသူတွေလည်း ရေကြည်ရာ မြက်နုရာ နေရာအသီးမှာ ပြောင်းရွှေ့ အလုပ် လုပ်ကြရတယ်လို့ ဆိုပါတယ်။

ပြည်ပခရီးသည်တွေ မလာတော့လို့ အလုပ်မရှိ ဝင်ငွေထိခိုက်တဲ့အထဲမှာ ဧည့်လမ်းညွှန်တွေက ထိပ်ဆုံးက ပါဝင်ပါတယ်။

တိုးဂိုက်လို့ခေါ်တဲ့ ဧည့်လမ်းညွှန် ၈၀ ရာခိုင်နှုန်းလောက်က လက်ရှိမှာ ရရာအလုပ် ပြောင်းလုပ်နေရတယ်လို့ မန္တလေးမြို့က ဧည့်လမ်းညွှန် ကိုချစ်ထူးဝေက ပြောပါတယ်။

“များသောအားဖြင့်တော့ ကျနော် မြင်သလောက် ကျနော့်အသိ အပေါင်းအသင်း မိတ်ဆွေတွေကတော့ စာသင်တဲ့သူက စာသင်နေကြတယ်။ အွန်လိုင်းရှော့တွေ လုပ်နေကြတယ်။ အသက်မွေးဝမ်းကျောင်း အတွက် လုပ်ငန်းတွေပြောင်းပြီးတော့ လုပ်နေကြတယ်ပေါ့နော်။ အရေအတွက်က ၈၀ ရာခိုင်နှုန်းနဲ့ အထက်က အလုပ် ပြောင်းသွားကြပြီဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီတိုးဂိုက် အသက်မွေး ဝမ်းကျောင်းနဲ့က လောလောဆယ် ဝင်ငွေမရှိတာ နှစ်နှစ်နီးပါးရှိတော့မယ်ဆိုတော့ အကုန်လုံးက ကျွမ်းကျင်ရာ တခြားလုပ်ငန်းတွေ ပြောင်းသွားကြပြီခင်ဗျ။ တချို့ အဆင်ပြေတဲ့ သူတွေက မပြောင်းဘဲ စောင့်နေတာ ရှိပါတယ်။ ဒါပေမဲ့ ပမာဏအနေနဲ့ဆိုရင်တော့ နည်းပါတယ်ခင်ဗျ”

သူက မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ယဥ်ကျေးမှုမြို့တော် မန္တလေးမှာ ဧည့်လမ်းညွှန်အဖြစ် ခြောက်နှစ်လောက် လုပ်ကိုင်ခဲ့သူပါ။

မန္တလေးမှာ နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှု အတော်နည်းသွားသလို နိုင်ငံတကာ လေဆိပ် ဝင်ပေါက်ရှိတဲ့ လူဦးရေအထူထပ်ဆုံး စီးပွားရေးမြို့တော် ရန်ကုန်မှာလည်း စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပြည်ပခရီးသည် ဝင်ရောက်မှု လုံးဝနီးပါး မရှိတော့ဘူးလို့ ဧည့်လမ်းညွှန်တွေနဲ့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

"လောလောဆယ် ဝင်ငွေမရှိတာ နှစ်နှစ်နီးပါးရှိတော့မယ်ဆိုတော့ အကုန်လုံးက တခြားလုပ်ငန်းတွေ ပြောင်းသွားကြပြီ"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သင်္ကြန်ကာလကစလို့ လေကြောင်းလိုင်းတွေ ပြန်ဖွင့်ပြီး ပြည်ပခရီးသည်တွေလည်း ဝင်နေပါတယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်တို့ သင်္ကြန်တွင်းကတည်းက ပြည်ပခရီးသွားတွေ ဝင်ရောက်မှုရှိပါတယ်။ အရေအတွက်အားဖြင့်တော့ နည်းနေသေးတာပေါ့။ တချို့လည်း ပြည်ပ တိုးရစ် ဝင်ရောက်မှုရှိတယ်။ Commercial Flight, Relief Flight နှစ်မျိုးလုံး ပြေးဆွဲ ပျံသန်းလျက် ရှိပါတယ်ဗျာ”

စစ်ကောင်စီ သတင်းစာတွေမှာတော့ ဧပြီ ၂၁ ရက်ကစလို့ Commercial Flight တွေကို ဖွင့်ထားပြီလို့ ဖော်ပြပါတယ်။ အခုမေလအတွင်းမှာ ရန်ကုန်လေဆိပ်ကို ပြည်ပ လေကြောင်းလိုင်း ရှစ်ခုကနေ အသွားအလာရှိနေပြီး အဲဒီထဲက သုံးခုဟာ China Eastern၊ China Central၊ China Southern Airline တွေ ဖြစ်နေတာကို လေကြောင်းခရီးစဉ် ခြေရာခံနိုင်တဲ့ ဝက်ဘ်ဆိုက်ဒ်တစ်ခုမှာ တွေ့ရပါတယ်။

ဒီထဲမှာ မလေးရှား၊ ထိုင်း၊ အိန္ဒိယနဲ့ ကာတာနိုင်ငံက လေကြောင်းလိုင်းတွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့ နာယက ဦးသက်လွင်တိုးကတော့ လေကြောင်းလိုင်းတွေ ဖွင့်ပေးထားတယ်ဆိုပေမယ့် လုပ်ငန်းရှင်တွေကို ခရီးသွား လုပ်ငန်းတွေအတွက် ထုတ်ချေးထားတဲ့ ချေးငွေတွေ စစ်ကောင်စီက ပြန်တောင်း နေတာကြောင့် အဆင်မပြေသေးတဲ့ လုပ်ငန်းရှင်တွေ အခက်တွေ့နေရတယ်လို့ ပြောပါတယ်။

jade taw fishing village
ငပလီကမ်းခြေအနီး ဂျိ‌တ္တောရွာမှာ ငါးဖမ်းသင်္ဘောများကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ် ( Photo: RFA)

မြန်မာ့ခရီးသွားလုပ်ငန်း ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ အနည်းဆုံး နှစ်နှစ် သုံးနှစ်လောက် အချိန်ယူရဦးမယ်လို့ ဦးသက်လွင်တိုးက ခန့်မှန်းပါတယ်။

“အခုကျတော့ ငွေတွေ ပြန်ဆပ်ဖို့ သတိပေးလာပြီ။ အတိုးနှုန်းတွေလည်း တောင်းလာပြီ ဆိုတော့ တချို့လည်း ပေးကြတယ်။ တချို့လည်း မပေးနိုင်ဘူးပေါ့။ တော်တော်တော့ အခက်အခဲ ရှိပါတယ်။ ဒါတွေကို အစိုးရပိုင်းက ဖြေလျှော့သင့်တာ ဖြေလျှော့၊ တစ်ခါတလေ နည်းလမ်းရှာပေးရမယ်။ သိပ်ဇွတ်လုပ်လို့မရတဲ့ အပိုင်းတွေရှိသလို တချို့ကိစ္စတွေကို တိတိကျကျလေးနဲ့ အပြောမဟုတ်ဘဲ တိကျတဲ့ ဖြစ်နိုင်ခြေ ရှိတာတွေကို စဖို့လိုပါတယ်။ တကယ်တမ်း အလုံးနဲ့ အရင်းနဲ့ ဝင်လာမယ့် ကာလ တစ်ခုက အချိန်တစ်ခုတော့ လိုဦးမယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ကလို ပြည်ပခရီးသွား လေးသန်းလောက် ရဖို့ဆိုတာ နောက် နှစ်နှစ်၊ သုံးနှစ်လောက် ပြန်စောင့် ရမယ်။ ၂၀၂၃၊ ၂၀၂၄ လောက်မှ မူလရည်မှန်းတဲ့အတိုင်း ပြန်ဖြစ်မှာပါ”

စစ်ကောင်စီဘက်က ကိုဗစ်နဲ့ ပတ်သက်လို့ ဖြေလျှော့မှုတွေလုပ်လာပေမယ့် လေယာဉ် လက်မှတ်ဖိုးတွေ ဈေးကြီးတာ၊ ပြည်ပခရီးသည်တွေအတွက် လုံခြုံရေးအာမခံချက် မပေးနိုင်တာ၊ အာဏာသိမ်း နောက်ဆက်တွဲ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတာတွေက မြန်မာ့ခရီးသွားကဏ္ဍအတွက် အခက်အခဲဖြစ်နေဆဲလို့ သူက ဆိုပါတယ်။

ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အခုလို အချိန်တုန်းက မြန်မာနိုင်ငံကို ပြည်ပခရီးသည် ရှစ်သိန်းသုံးသောင်းကျော် ဝင်ရောက် ခဲ့ပါတယ်။ ဒါဟာ ကိုဗစ်မဖြစ်ခင် ၂၀၁၉ ကာလတူအချိန်နဲ့ နှိုင်းယှဥ်ရင် ထက်ဝက်ကျော် လျော့နည်းနေပါသေးတယ်။

အာဏာသိမ်းပြီး နောက်ပိုင်း ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုစာရင်းကိုတော့ စစ်ကောင်စီ လက်အောက်ခံ ဟိုတယ်ခရီးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

အခု အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ သင်္ကြန်ကာလကစလို့ စစ်ကောင်စီက ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု တိုးလာအောင် ကြိုးစားလုပ်ဆောင်နေပေမယ့် နိုင်ငံရေး မတည်ငြိမ်မှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ရှိ ကောင်စစ်ဝန်ဌာနချုပ် (Bureau of Consular Affairs) က မြန်မာနိုင်ငံကို ခရီးမသွားသင့်တဲ့ အနီရောင်အဆင့်အဖြစ် သတ်မှတ်ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။