အာဏာသိမ်း ရှစ်လကျော်အတွင်း သံဃာ ၃၆ ပါး ဖမ်းဆီးခံရ

2021.10.14
အာဏာသိမ်း ရှစ်လကျော်အတွင်း သံဃာ ၃၆ ပါး ဖမ်းဆီးခံရ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေကြတဲ့ သံဃာတော်များကို ၂၀၂၁ ဖေဖော်ဝါရီလက ရန်ကုန်မြို့မှာ တွေ့ရစဥ်
AFP Photo

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ စက်တင်ဘာလကုန်အထိ စစ်ကောင်စီက ဖမ်းဆီးခံခဲ့ရတဲ့ ဆရာတော်၊ သံဃာတော် စုစုပေါင်း ၃၀ ကျော်ရဲ့ ဘွဲ့နာမည်တွေကို ရရှိထား တယ်လို့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး စာရင်းပြုစုထားတဲ့ ဓမ္မနဲ့ငြိမ်းချမ်းရေးအဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာက အခုလ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စာရင်းအတိအကျရရှိထားသူ ဆရာတော် ၃၆ ပါးရှိခဲ့ပြီး အဲဒီထဲက ရှစ်ပါးကတော့ လွတ်ရက်စေ့လို့ ပြန်လွတ် လာပြီဖြစ်သလို အာမခံနဲ့ ပြန်လွတ်လာတာတွေလည်းရှိတယ်လို့ ဓမ္မနဲ့ငြိမ်းချမ်းရေးလူမှုကွန်ရက်စာမျက်နှာရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဖွဲ့အနေနဲ့ နာမည်စာရင်းအတိအကျရရှိထားတာ ၃၆ ပါးသာရှိပေမဲ့ စုစုပေါင်းဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သံဃာတော်က ၅၀ ဝန်းကျင်ရှိတယ်လို့ ဓမ္မနဲ့ငြိမ်းချမ်းရေးအဖွဲ့ က နော်ဝေးနိုင်ငံမှာ သီတင်းသုံးတဲ့ ရွှေဝါရောင် ဆရာတော် အရှင်ထာဝရ က မိန့်ပါတယ်။

စစ်တပ်က သူတို့ကို ဆန့်ကျင်တဲ့သူမှန်သမျှကို သူပုန်လို့သတ်မှတ်ပြီး ပုဒ်မတွေမျိုးမျိုးနဲ့ စွပ်စွဲဖမ်းဆီးတာတွေ လုပ်နေတာဖြစ်ပြီး ရဟန်းသံဃာတွေအပေါ် စစ်အာဏာရှင်တွေရဲ့ ယုတ်မာမှုတွေက အင်မတန်ဆိုးဝါးတယ် လို့ မြင်မိတယ်လို့လည်း အရှင်ထာဝရ က မိန့်ကြားပါတယ်။

“စစ်တပ်ကနေပြီးတော့ တော်လှန်ရေးစဖြစ်ချိန်ကတည်းကဆိုရင် ဖမ်းဆီးထိန်းသိမ်းခံရတာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ၅၀ ဝန်းကျင်ရှိမယ်လို့ သိထားရပါတယ်။ မြတောင်သပိတ်စစ်ကျောင်းရဲ့ သံဃာတော် တွေ အဖမ်းခံရတာတွေ၊ တခြားနာမည်ကြီး ဆရာတော်တွေထဲကဆိုရင် မြဝတီဆရာတော်ကြီးကတော့ ပြန်လွတ်လာပေမဲ့ ရွှေညဝါဆရာတော်တို့၊ ဦးသောဘိတ (အလင်္ကာကြယ်) တို့ အခုချိန်ထိ အာဏာသိမ်း စစ်အုပ်စုက ထိန်းထားနေဆဲဆိုတာ ကြားသိရပါတယ်။ ဒီလိုလုပ်ရပ်တွေက အင်မတန်ရှက်စရာကောင်းပြီး တိုင်းပြည်အတွက် အနာဂတ်အတွက် အရုပ်ဆိုးအကျည်းတန်တယ်လို့ မြင်တယ်"

သံဃာတော်အများစုကို ရန်ကုန် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုအကျဉ်းထောင်နဲ့ မြစ်ကြီးနားအကျဉ်းထောင်၊ ပုသိမ်အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းထားတာရှိပြီး မန္တလေးကတော့ အများဆုံးဖြစ်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

အဲဒီအထဲမှာ ရွှေညဝါဆရာတော် ဦးပညာသီဟ၊ ဦးတေဇနိယ(မန္တလေးတောင်ခြေ)၊ ဦးသောဘိတ (အလင်္ကာကြယ်)၊ အရှင်ဇယဒိသ (မြတောင်သပိတ်စစ်ကြောင်းဝန်းရံရင်း ဖမ်းဆီးခံရသူ)၊ မိုးကုတ် ရေပူဆရာတော်၊ အရှင်စန္ဒသီရိ (ခ) ဦးပုရစ် (သင်္ကန်းကျွန်း၊ ရန်ကုန်)၊ ဦးဇဋီလ (ဘွမ်းဘွေးမြောက်ရွာ၊ ယင်းမာပင်မြို့နယ်)၊ ဦးသောဘိတ (သဲတောကျောင်း၊ တောင်သာမြို့နယ်)၊ တနင်္သာရီတိုင်း သရက်ချောင်း မြို့နယ်၊ ရေချိုကျောင်းဆရာတော်၊ ပဲခူးမြို့ အောင်ရတနာကျောင်း ဆရာတော် စတဲ့ ဆရာတော်တွေ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်တယ်လို့ ဓမ္မနဲ့ငြိမ်းချမ်းရေးအဖွဲ့က သိရပါတယ်။

ရွှေညဝါဆရာတော် ဦးပညာသီဟ၊ ဦးသောဘိတ (အလင်္ကာကြယ်) နဲ့ ဦးတေဇနိယ (မန္တလေးတောင်ခြေ) တို့ဟာဆိုရင် အာဏာသိမ်းပြီးနောက်ရက်မှာ စစ်ကောင်စီက ကျောင်းတိုက်ကို လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းတာခံလိုက်ရတဲ့ မန္တလေးမြို့က မြဝတီမင်းကြီး ဆရာတော် ဦးအရိယာဘိဝံသ ကတော့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျစေမှု ပုဒ်မနဲ့ တပ်မတော်က တရားစွဲဆို ထောင်ချခဲ့ရာမှာ လွတ်ရက်စေ့တဲ့အတွက် သြဂုတ်လ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

မန္တလေးမြို့ မဟာဝိဇိတာရာမ တေဇာလင်္ကာရကျောင်းတိုက်က ဆရာတော်နှစ်ပါးကိုတော့ စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့ပြီးတဲ့နောက် အာမခံနဲ့ ပြန်လွတ်ပေးခဲ့တယ်လို့ ဓမ္မနဲ့ငြိမ်းချမ်းရေးအဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၂ ရက်နေ့က မန္တလေးမြို့က သံဃသမဂ္ဂသပိတ်စစ်ကြောင်း ဆန္ဒပြမှုစတင်ပြီး နှစ်မိနစ်လောက် အကြာမှာပဲ အရပ်ဝတ်စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီး ပစ်ခတ်ဖမ်းဆီးတာတွေလုပ်ခဲ့တဲ့အတွက် ပါဝင်သူအချို့ ထွက်ပြေးလွတ်မြောက်ခဲ့သလို အဲဒီထဲက သံဃာငါးပါးနဲ့ လူနှစ်ယောက် ဖမ်းဆီးခံလိုက်ရပါ တယ်။ သံဃာတော်တွေကို ဖမ်းမိမိချင်းပဲ လူဝတ်လဲခိုင်းခဲ့တယ်လို့ အဲဒီနေ့က သပိတ်စစ်ကြောင်းမှာပါဝင်ခဲ့တဲ့ သံဃာတော်တွေက မိန့်ပါတယ်။

"သံဃာကို သံဃာမှန်းမသိဘူး၊ ဘာကျင့်ဝတ်မှမရှိဘူး၊ ဘာဂုဏ်သိက္ခာမှမရှိဘူး"

စစ်ကောင်စီတပ်သားတွေဟာ သံဃာတွေကို ရိုင်းရိုင်းစိုင်းစိုင်းတဲ့ ပြောဆိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးရာကနေ လွှတ်မြောက်လာတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သံဃာတော်တစ်ပါးက မိန့်ကြားပါတယ်။

“လိမ္မော်သီး ငါးလုံးရတယ်။ လူနှစ်ယောက်ရတယ်ဆိုပြီး ပြောသံတွေ ကြားနေရတယ်။ တစ်နာရီလောက် ထိ ပုန်းနေခဲ့ရပြီး အိမ်ရှင်တွေက အခြေအနေကြည့်ပြီး လိုက်ပို့လို့လွတ်လာခဲ့တာ။ ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင်က သံဃာ့သမဂ္ဂကိုမရရအောင်ဖြိုဖို့ဆိုပြီးတော့ တိုက်ရိုက်အမိန့်ပေးတာတွေရှိတယ်လို့ ကြားရတယ်။ သံဃာတွေကို ဖမ်းတဲ့နေ့ကဆို ဟိုကောင်၊ ဒီကောင်ဆိုပြီးပြောတာ၊ ဘုန်းကြီးလို့တောင် သူတို့မသုံးဘူး၊ တစ်ကောင်ပြေးပြီဆိုပြီး ပြောနေတာတွေကြားနေရတာ၊ သံဃာကို သံဃာမှန်းမသိဘူး၊ ဘာကျင့်ဝတ်မှမရှိဘူး၊ ဘာဂုဏ်သိက္ခာမှမရှိဘူး"

အဲဒီနေ့က ဖမ်းဆီးခံလိုက်ရတဲ့ သံဃာတော်တွေဟာ ငယ်ဖြူသံဃာတော်တွေဖြစ်ပြီး ဘယ်မှာဖမ်းဆီး ထိန်းသိမ်းခံထားနေရတယ်ဆိုတာကို အခုချိန်အထိ မသိရသေးဘူးလို့ သံဃာတော်တစ်ပါးက မိန့်ကြားပါတယ်။ လတ်တလောမှာတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးနေမှုတွေကြောင့် အာဏာသိမ်းတာကို မထောက်ခံတဲ့ သံဃာတော်တွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

mdy-monk-arrest.jpg
(၂၀၂၁ အောက်တိုဘာ ၂ ရက်နေ့က စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ မန္တလေးက ဆန္ဒပြသံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေကို တွေ့ရစဥ်)

အခုလို ရဟန်းသံဃာတော်တွေကို ဖမ်းဆီးနေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက ဒုတိဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာတော့ ဖမ်းဆီးရမိတဲ့သံဃာတော်တွေထဲမှာ ဆူပူအုံကြွမှုကို ဦးဆောင်တဲ့သူတွေမဟုတ်ရင် လွှတ်ပေးနေတယ်လို့ ပြန်လည်ဖြေကြားပါတယ်။

"ရဟန်းသံဃာတော်တွေ အဖမ်းခံခဲ့ရတယ်ဆိုတာက သူတို့ရဲ့လုပ်ဆောင်ချက်ပေါ့၊ နိုင်ငံရေးအစိုးရအဆက် ဆက်ပါပဲ၊ အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက ဖမ်းလာတာပါ၊ အယောက် ၃၀ ဖမ်းတယ်ဆိုတာက လည်း သူတို့ရဲ့ လုပ်ဆောင်ချက် အပြစ်မရှိဘဲ ဖမ်းတယ်လို့ မရှိပါဘူး။ နိုင်ငံရေးအရ ကြေးတိုက်တာပေါ့၊ NLD လက်ထက်မှာလည်း ဘယ်လောက်ဖမ်းခဲ့တယ်ဆိုတာ လေ့လာကြည့်ပါဦး၊ ဘယ်လိုနှိမ်နင်းခဲ့တယ် ဆိုတာလည်း တွေ့ပါလိမ့်မယ်။ အဲဒါကြောင့် တဖက်သတ်မမေးသင့်ဘူးလို့ ပြောချင်တယ်။ လွတ်ပေးခြင်း မလွတ်ပေးခြင်းကလည်း ရဟန်းသံဃာတွေမှမဟုတ်ဘူး၊ အပြစ်မရှိတဲ့ ထဲထဲဝင်ဝင် မပတ်သတ်တဲ့ လူတွေဆိုရင်လည်း ဖြေလျော့ပြီး လွှတ်ပေးနေပါတယ်"

ရဟန်း၊ သံဃာတော်တွေကို အခုလိုမျိုးဖမ်းဆီးနှိပ်စက်တာတွေဟာ အမျိုးဘာသာကို ကာကွယ်နေတယ်၊ ထိန်းသိမ်းနေတယ်ဆိုပြီး မျက်နှာဖုံးစွပ်ထားတဲ့ စစ်ကောင်စီရဲ့ အတွင်းသဏ္ဍန်ကို ဖော်ပြလိုက်တာဖြစ်တယ်လို့ နွေဦးတော်လှန်ရေးကိုစတင်ခဲ့တဲ့ ဒေါက်တာတေဇာစန်းက ပြောပါတယ်။

"စစ်ကောင်စီဟာ သူရဲ့အာဏာကို ထိပါးနှောင့်ယှက်လာရင် ပကတိသရုပ်မှန်ဖြစ်တဲ့ အကြမ်းဖက်ဝါဒနဲ့ အညီ ဘုရားသားတော်၊ ရဟန်းတော်တွေကို သတ်ဖြတ်နေတယ်။ ဖမ်းဆီးနှိပ်စက်နေတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ အမျိုးဘာသာ၊သာသနာ ဝါဒမှိုင်းထဲမဝင်ဘဲ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနဲ့ ပြီးပြည့်စုံတဲ့ နိုင်ငံတော်သစ်တစ်ခုကို ဖော်ဆောင်ဖို့ရာအတွက် အကြမ်းဖက်စစ်ကောင်စီကို တညီတညွတ်တည်း ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူတွေ ညီညွတ်စွာနဲ့ ဆက်လက်ပြီး ခုခံတော်လှန်ကြပါ"

စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ သံဃာတော်တွေဟာ ကျောင်းတိုက်အတွင်းမှာ ငြိမ်းချမ်းစွာဆန္ဒပြတာ၊ ပရိတ်ရွတ်ပြီးဆန္ဒပြတာတွေနဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အခုနှစ် ဇွန်လ ၁ ရက်နေ့ကလည်း မန္တလေးမြို့က မစိုးရိမ်တိုက်သစ် ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြနေတဲ့ သံဃာတော် တွေဆီကို စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီး ဆဲဆိုကြိမ်းမောင်းတာ၊ ခြိမ်းခြောက်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒီလိုလုပ်ရပ်ဟာ အဂါရဝဖြစ်စေတဲ့လုပ်ရပ်တွေဖြစ်တယ်လို့ မစိုးရိမ်တိုက်သစ် နာယက အဖွဲ့က စာထုတ်ကန့်ကွက်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကိုတော်လှန်တဲ့ ရဟန်း၊ စစ်အာဏာသိမ်းတာကိုလက်ခံပြီး အာဏာရှင်နဲ့ နီးစပ်တဲ့ ရဟန်းနဲ့ အာဏာသိမ်းတာကို စိတ်မဝင်စားတဲ့ရဟန်းဆိုပြီး သုံးမျိုးကွဲပြားနေတယ်လို့ ရဟန်းသံဃာတွေက မိန့်ကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။