မြန်မာ့အရေး ပုံစံသစ်နဲ့ချဥ်းကပ်ဖို့ ဖိလစ်ပိုင်သမ္မတပြောဆိုချက် လက်တွေ့ကျသလား

မြန်မာပြည် ပြဿနာဖြေရှင်းနိုင်ဖို့ဆိုရင် စစ်တပ်ကိုယ်စားလှယ်တွေနဲ့ပါ တိုက်ရိုက်ဆွေးနွေးတာ အပါအဝင် ပုံစံသစ်နဲ့ ချဉ်းကပ်ဖို့လိုတယ်ဆိုပြီး သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က မနီလာမြို့တော် နိုင်ငံခြားသတင်းထောက်များအသင်းမှာ ဗုဒ္ဓဟူးနေ့က ပြောခဲ့တာပါ။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့စဉ်။ Photo: AFP

မြန်မာပြည် ပြဿနာဖြေရှင်းနိုင်ဖို့ဆိုရင် စစ်တပ်ကိုယ်စားလှယ်တွေနဲ့ပါ တိုက်ရိုက်ဆွေးနွေးတာ အပါအဝင် ပုံစံသစ်နဲ့ ချဉ်းကပ်ဖို့လိုတယ်ဆိုပြီး သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က မနီလာမြို့တော် နိုင်ငံခြားသတင်းထောက်များအသင်းမှာ ဗုဒ္ဓဟူးနေ့က ပြောခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ သဘောမတူကြောင်း ပြောခွင့်ရသူ ဦးကျော်ဇော်က တုံ့ပြန်ပါတယ်။

“စစ်ကောင်စီရဲ့ကိုယ်စားလှယ် အာဆီယံနဲ့တွေ့ပြီး ဆွေးနွေးသင့်တယ်ဆိုတာ အခုလည်း သူတို့ တွေ့ဆုံ ဆွေးနွေးနေတာပဲ မဟုတ်ဘူးလား။ အာဆီယံရဲ့ အထူးကိုယ်စားလှယ်က စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ သွားသွားပြီး တွေ့နေတာပဲ။ လက်ရှိ အာဆီယံဥက္ကဌကလည်း မင်းအောင်လှိုင်နဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနေတာ ဖုန်းပြောတာလည်း ရှိနေတာပဲပေါ့နော်။ အခု လိုအပ်နေတာက အာဆီယံအနေနဲ့ မြန်မာပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ စစ်မှန်တဲ့ကိုယ်စားလှယ်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တွေ့ဆုံဆွေးနွေးဖို့က ပိုပြီး အရေးကြီးတယ်လို့ ပြောချင်ပါတယ်။”

အဖွဲ့ဝင် ၁ဝ နိုင်ငံရှိတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) လက်ရှိဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံကို ဒီနှစ် ဇန်နဝါရီလမှာသွားရောက်ပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်းကလည်း မြန်မာနိုင်ငံကို မတ်လမှာတစ်ကြိမ်၊ ဇွန်လမှာတစ်ကြိမ် စုစုပေါင်း ၂ ကြိမ်သွားရောက်ခဲ့ပြီး စစ်ကောင်စီထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ ဒါပေမဲ့လည်း ဒီခရီးစဉ်တွေမှာ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ပါဘူး။

မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်းကတော့ မြန်မာနိုင်ငံဟာ အထူးသံတမန်တွေရဲ့ သင်္ချိုင်းလို့ ပြောပါ တယ်။

“မြန်မာနိုင်ငံမှာက ကျွန်တော်တို့ ပြောကြားနေတဲ့ အထူးသံတမန်တွေနော် Special Envoy တွေရဲ့ သင်္ချိုင်းလို့ ပြောကြပါတယ်။ တရုတ်ကလည်း ငြိမ်းချမ်းရေးအတွက် အထူးသံခန့်တယ်။ UN ကလည်းခန့်တယ်။ အခု အာဆီယံကလည်း အထူးသံတမန်ခန့်ထားတယ်။ အဲဒီ Special Envoy တွေကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှု လည်း လုပ်လို့မရဘူး။ နောက်တစ်ခုကကျတော့ နိုင်ငံတကာ Diplomacy ပေါ့ ဒီအင်အားစုတွေကြားမှာ ညှိနှိုင်းပြီး ဆောင်ရွက်လို့မရတဲ့ အနေအထားဖြစ်တော့ ကျွန်တော်တို့ မြန်မာပြည်ပြဿနာက ဖိလစ်ပိုင်ရပ်တည်ချက်ထက် ကိုယ့်ရဲ့ပြဿနာဖြစ်နေပါတယ်။”

မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် မနှစ်က ချမှတ်ခဲ့တာပါ။ ဒီအထဲမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံး အပြုသဘောဆွေးနွေးဖို့၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူး ကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့၊ အာဆီယံအသင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေး ရေးဌာနကတစ်ဆင့် မြန်မာနိုင်ငံကို အကူအညီပေးဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့အတွက် အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ ပါဝင်ပါတယ်။

ဒါပေမဲ့လည်း ဒီနေ့အချိန်ထိ စစ်ကောင်စီ ဘက်က ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်တာ မတွေ့ရတဲ့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို ဆက်ပြီးဖိနှိပ်နေတာကြောင့် လာမယ့်နိုဝင်ဘာ အာဆီယံထိပ်သီး အစည်းအဝေးမှာလည်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံလက်ရှိဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံကနေ မဖိတ်ခဲ့တဲ့အပေါ် ကြိုဆိုတယ်လို့လည်း NUG က ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း ဖိလစ်ပိုင်သမ္မတက ဆွေးနွေးပွဲတွေမှာ မြန်မာစစ်တပ်ကို ပါဝင်လာစေချင်ပုံရတဲ့အတွက် သူ့ရဲ့ သမိုင်းနောက်ခံအပေါ် မေးခွန်းထုတ် ဝေဖန်မှုတွေရှိလာနေတာပါ။ သူဟာ ဖိလစ်ပိုင်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ် စီနီယာ (Ferdinand Marcos Sr.) ရဲ့ သားဖြစ်ပါတယ်။ သူ့ဖခင်ဖြုတ်ချခံရ နောက် မားကို့စ်မိသားစုဟာ ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီမှာ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီကို ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ်မှာ အာဏာရှင်ဟောင်း မားကို့စ် ဆုံးပါးပြီးနောက် နိုင်ငံမှာ ပြန်နေထိုင်ခွင့် သမ္မတဟောင်း အာကွီနို (Aquino) က ခွင့်ပြုခဲ့တာပါဖြစ်ပါတယ်။

မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်းကတော့ ဖိလစ်ပိုင်သမ္မတရဲ့ မြန်မာပြည်အပေါ်ရပ်တည်ချက်ကို ပြောရခက်ပြီး၊ အာဆီယံထဲမှာလည်း ညီညွတ်မှုမရှိတဲ့အတွက် အဓိကက မြန်မာပြည်ရဲ့ပြဿနာသာဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org