ကပ်ရောဂါနဲ့အာဏာသိမ်းမှု မြန်မာရွှေ့ပြောင်းကလေးတွေအပေါ် သက်ရောက်မှုကြီးမား

ခင်ခင်အိ
2023.10.02
ကပ်ရောဂါနဲ့အာဏာသိမ်းမှု မြန်မာရွှေ့ပြောင်းကလေးတွေအပေါ် သက်ရောက်မှုကြီးမား ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကျောင်းတစ်ကျောင်းတွင် တက်ရောက်နေကြသည့် မြန်မာကလေးငယ်များအား ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။
Suntorn Chongcharoen/BenarNews

ကိုဗစ်ကပ်ရောဂါ နဲ့ မြန်မာစစ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးအပေါ် ကြီးစွာသက်ရောက်မှုရှိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းပညာရေး လှုပ်ရှားမှု အဖွဲ့တွေက ပြောပါတယ်။

၂ဝ၂ဝ ခုနှစ် မတ်လကနေ ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင်းက ရွှေ့ပြောင်းကျောင်းတွေမှာ ပညာရေးတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်သူဦးရေ ၃၃၃၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပျမ်းမျှအနေနဲ့ ကျောင်းသား လေးဦးမှာ တစ်ဦး ကျောင်းထွက်ခဲ့ရတယ်လို့ ဒီအဖွဲ့တွေက ဆိုပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နဲ့ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ် နယ်စပ်မှာရှိတဲ့ ရွှေ့ပြောင်းစာသင်ကျောင်းတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး Stepping Stones လှေခါးထစ်လေးများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်း FCCT မှာ အောက်တိုဘာ ၂ ရက်နေ့က ပြုလုပ်တဲ့ မြန်မာရွှေ့ပြောင်းကလေးငယ် တွေရဲ့ပညာရေးအပေါ် ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုအကျပ်အတည်း နှစ်ရပ်ရဲ့သက်ရောက်မှုအကြောင်း အစီရင်ခံစာ မိတ်ဆက်ပွဲမှာ ပြောကြားလိုက်တာပါ။

အခမ်းအနားမှာ ရွှေ့ပြောင်းပညာရေးစင်တာ ပူးပေါင်းညှိနှိုင်းရေးမှူး ဒေါ်ယွန်းထားအိမ်ကတော့ ရွှေ့ပြောင်းကျောင်းတွေမှာ လိုအပ်ချက်တွေ အများကြီးရှိနေတာတွေကို ပြောသွားပါတယ်။

ဒီအစီရင်ခံစာကို မဲဆောက်မြို့အခြေစိုက် မယ်တော်ဆေးခန်းနဲ့ Migrant Education Coordination Center အပါအဝင် အဖွဲ့ရှစ်ခု က သုတေသနပြုသူ ၃၃ ဦးက လူ ၁ဝ၁၃ ဦးကို မေးမြန်းခဲ့ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ရွှေ့ပြောင်း ကလေးတွေမှာ စိတ်ကျန်းမာရေး ပြဿနာတွေ၊ အရွယ်မတိုင်ခင် အိမ်ထောင်ပြုခြင်းနဲ့ ကလေးအလုပ်သမားအပါအဝင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပြဿနာတွေ သိသိသာသာတိုးမြင့်လာတာကို ကြုံတွေ့နေရကြောင်း မိဘတွေက ပြောဆိုကြတယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေဟာ ရွှေ့ပြောင်း မြန်မာနိုင်ငံသားတွေရဲ့ ရပ်ရွာလူထုအတွင်း မလုံခြုံမှုတွေ မရေရာမှုတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေကို မဲဆောက်အခြေစိုက် NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Play On Side အဖွဲ့ရဲ့ မန်နေဂျာ ကိုဇင်မင်းနိုင်က အခမ်းအနားမှာ ရှင်းပြသွားပါတယ်။

social_media (1).jpeg
ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ ကျောင်းစာသင်ခန်းတစ်ခန်းထဲမှ မြန်မာကလေးငယ်များအား ၂၀၂၂ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Suntorn Chongcharoen/BenarNews)

ဦးဆောင်ဆွေးနွေးသူ နောက်တစ်ဦးဖြစ်တဲ့ မယ်တော်ဆေးခန်းရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွေနွေဦးက ကိုဗစ်ကပ်ရောဂါနဲ့စစ်အာဏာသိမ်းမှုကြောင့် မြန်မာရွှေ့ပြောင်းပြည်သူတွေ အနာဂတ်ပျောက်နေတဲ့ အခြေအနေကို ပြောသွားပါတယ်။

ဒီအစီရင်ခံစာထဲမှာ ထိုင်းနိုင်ငံက စာသင်ကျောင်းတွေမှာ တက်ရောက်သင်ကြားမယ့် ရွှေ့ပြောင်းမြန်မာကလေးငယ် တွေအတွက် အနည်းဆုံး ဘာသာစကားနှစ်မျိုး တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမတွေ ခန့်ထားပေးဖို့၊ ပညာသင်ကြားရေး ဆိုင်ရာ ကျွမ်းကျင်မှုမြှင့်တင်ဖို့အတွက် အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက နည်းပညာ IT အသုံးအဆောင် ပစ္စည်းတွေ ဆက်လက်ပံ့ပိုးပေးဖို့၊ ထိုင်းဘာသာစကားကို ရွှေ့ပြောင်း ကလေးငယ်တွေ သင်ယူနိုင်အောင် အစီအစဉ်တွေ ထောက်ပံ့ကူညီဖို့နဲ့ အခြားပညာရေးအခွင့်အလမ်းတွေ အပါအဝင် ရေရှည်အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ နဲ့ ဆရာ ဆရာမတွေ၊ ရွှေ့ပြောင်းကလေး တွေအတွက် တရားဝင်စာရွက်စာတမ်း အထောက်အထားတွေ ရရှိစေဖို့တွေကိုလည်း ဒီအဖွဲ့တွေက အဓိကအကြံပြုထားပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့ မနေ့က ကျင်းပခဲ့တဲ့ ဒီအခမ်းအနားကို ထိုင်း နဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းပညာရေး လှုပ်ရှားသူတွေ၊ မီဒီယာတချို့နဲ့ လေ့လာသူ စုစုပေါင်းတစ်ရာခန့် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။