စစ်ကိုင်း၊ မကွေးနဲ့ ကယားမှာ သုံးလကျော်အတွင်း မီးရှို့အသတ်ခံရသူ ၇၀ ဝန်းကျင်ရှိ

စစ်ကိုင်း၊ မကွေးနဲ့ ကယားပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခု မတ်လ ပထမပတ်အထိ သုံးလကျော်အတွင်း မီးရှို့အသတ်ခံရသူပေါင်း ၇၀ ဝန်းကျင် ရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားကုန်းရွာကို ၂၀၂၂ မတ်လ ၁ ရက်နေ့က တွေ့ရစဥ် Photo: Citizen Journalist

စစ်ကိုင်း၊ မကွေးနဲ့ ကယားပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခု မတ်လ ပထမပတ်အထိ သုံးလကျော်အတွင်း မီးရှို့အသတ်ခံရသူပေါင်း ၇၀ ဝန်းကျင် ရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ၁၀ ဦး၊ ရေဦးမြို့နယ်မှာ လေးဦး၊ ကလေးမြို့နယ်မှာ သုံးဦး၊ မြင်းမူမြို့ မှာ ငါးဦး၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ငါးဦး၊ ကယားပြည်နယ် ဖရူဆို မြို့နယ်မှာ ၃၅ ဦး၊ ဒီးမော့ဆိုမြို့နယ်မှာ သုံးဦး၊ စုစုပေါင်း ၆၅ ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေရာမှာ ဖရူဆိုမြို့နယ်က မီးရှို့သတ်ဖြတ်ခံရတဲ့သူ အရေအတွက်နဲ့ ပတ်သက်လို့ ဒေသခံတွေက ၃၅ ယောက်လို့ ပြောပေမယ့် ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) ကတော့ အဲဒီ မိုဆိုရွာမှာ မီးရှို့အသတ်ခံရသူဟာ ဒေသခံ ၄၅ ဦးနဲ့ နယ်ခြားစောင့် (KNPLF/ BGF) တပ်သား ၄ ဦး၊ စုစုပေါင်း ၄၉ ဦး ဖြစ်တယ်လို့ ဆိုတဲ့အတွက် ၁၀ ယောက် ကွာဟမှု ရှိနေပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ချောင်းခွရွာက သားအမိ သုံးဦးကို စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်ရက်မှာပဲ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေ တွေ့ရှိခဲ့ကြပါတယ်။ မီးပုံထဲက ရုပ် အလောင်းမှာ သမီးဖြစ်သူရဲ့ နားကပ်ကို ပြန်တွေ့တာကြောင့် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ သားအမိ သုံးဦးဆိုတာကို အတည်ပြုနိုင်ခဲ့တာလို့ ဖခင်ဖြစ်သူက RFA ကို ပြောဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရွှေဘိုရွာထဲကို စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေ ရောက်လာပြီးနောက် ရွာသားငါးဦး မီးရှို့အသတ်ခံ ခဲ့ရသလို နောက်ထပ်နှစ်ဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ ရွှေဘို ရွာသားတွေက ပြော ပါတယ်။

ဒီဖြစ်ရပ်ဟာ ဒေသခံတွေကို လက်နက်ကိုင် တိုက်ခိုက်ရေးလမ်းကိုရောက်အောင် တွန်းအားပေးသလို ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေဘိုရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာသူ၊ ရွာသားတွေရဲ့ ခံစားချက်အမှန်ဆိုလို့ရှိရင်တော့ လောလောဆယ်တော့ သူတို့ကိုပြန်ပြီးတော့ တိုက်ခိုက်မှု မျိုးကိုပဲ လုပ်ချင်တယ်။ နောင်တစ်ချိန် အရေး ယူတာတော့ သူတို့လုပ်ဆောင်တာတော့ လုပ်ဆောင်မှာပေါ့။ ဒါပေမဲ့ လောလောဆယ် ကျွန်မတို့ဒီဘက်မှာ သူတို့မရှိမှဘဲ အဆင်ပြေမှာဆိုတော့ NUG ကပဲ ဖြစ်ဖြစ်ပေါ့နော် သူတို့ကို ချေမှုန်းတာကိုပဲ အရင်လိုချင်တယ်”

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကလည်း ရေဦးမြို့နယ်၊ အုတ်ဖိုရွာမှာ ဒေသကာကွယ်ရေး အဖွဲ့ဝင် သုံးဦးနဲ့ ဒေသခံတစ်ဦး၊ စုစုပေါင်းလေးဦး မီးရှို့အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာမှာ ၁၄ နှစ် ကနေ ၁၇ နှစ် အကြား လူငယ်လေးဦးအပါအဝင် ဒေသခံ ၁၀ ဦးရဲ့ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေ တွေ့ရှိခဲ့ကြ ပါတယ်။

ပြည်သူ့အစိုးရ အာဏာပြန်ရလာတဲ့အချိန်ကျရင် အခုလို ကျူးလွန်သူတွေကို ဖော်ထုတ်ခိုင်းမယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ဒုန်းတောရွာသားတစ်ဦးက ပြောပါတယ်။

“တကယ်လို့ ပြည်သူ့အစိုးရ အာဏာပြန်ရခဲ့ရင် သို့မဟုတ် နိုင်ခဲ့ရင် အကြမ်းဖက်တဲ့ စစ်ကောင်စီမှ မဟုတ်ပါဘူး။ အပြစ်မဲ့တဲ့ လူပုဂ္ဂိုလ်တိုင်းကို သတ်ဖြတ်ကြတဲ့သူတွေကို ကျွန်တော်တို့ ပြန်လည်ဖော်ထုတ်နိုင်တဲ့ သူတွေကို ဖော်ထုတ်ခိုင်းမယ်။ ဖော်ထုတ်နိုင် မယ့် နည်းလမ်းတွေကိုလည်း ရှာမယ်။ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင် ပြန်လည်ခံစားစေချင်တဲ့ ဆန္ဒတော့ ကျွန်တော်တို့ဒေသခံတွေရဲ့ စိတ်ထဲမှာ ရှိပါတယ်”

ရွာလုံးကျွတ် မီးရှို့မှုတွေ၊ လူတွေကို မီးရှို့သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြော ခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်က မေးမြန်းခဲ့ရာမှာ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

“ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်ရမယ့်သူကို ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်ရမယ့် နေရာတိုင်းမှာ ကျွန်တော်တို့ လုပ်စရာလည်း အကြောင်းမရှိဘူး။ စစ်ကိုင်းမှာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ အရင်တုန်းက ရွာတွေကို အတင်းစည်းရုံးပြီးတော့ အကြမ်းဖက်လုပ်ငန်းတွေလုပ်တယ်။ အဲဒီရွာတွေအနေနဲ့ ကလည်း သူတို့နယ်မြေဒေသမှာ ဒါမျိုးတွေ လုပ်နေတာ မတည်မငြိမ်နဲ့ ဖြစ်နေတဲ့အတွက် ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ပြီး NUG ၊ PDF အကြမ်းဖက်အဖွဲ့တွေကို ပြန်လည်ပြီးတော့ ကာကွယ်နေတာရှိတယ်။ အဲလိုလုပ်နေတဲ့ ရွာတွေကိုပဲ PDF အမည်ခံ အကြမ်းဖက်သမားတွေက စုစည်းပြီးတိုက်တယ်။ တိုက်ပြီးရင် ရွာကို မီးရှို့သွား တယ်”

ဒါပေမဲ့ မီးရှို့သတ်ဖြတ်မှုတွေရှိခဲ့တဲ့ ကျေးရွာတွေက ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေကတော့ ဒီပြစ်မှုတွေကို စစ်ကောင်စီဘက်က ကျူးလွန်နေတာလို့ တုံ့ပြန်ပြော ဆိုကြပါတယ်။

ယင်းမာပင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ သူတို့ကို နောက်ထပ် ဆန့်ကျင်မှုတွေ ပေါ်ပေါက်မလာအောင် အကြောက်တရားနဲ့ ခြိမ်းခြောက်ချင်ပုံရတယ်လို့ ပြောပါတယ်။

“တော်တော်ကို ဆိုးရွားတာဗျ။ သူတို့ပုံဖော်ထားတာက လူမျိုးတုံးသတ်ဖြတ်ဖို့အထိ သူတို့ချိန်ထားပုံရတယ်။ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်ဖို့အတွက် ဒီနေရာက ဓားစာခံ အဖြစ် ဒီနေရာကို သူတို့ Point ချထားတယ်။ ဒီနေရာကို ခြိမ်းခြောက်လိုက်ရင် တစ်နိုင်ငံလုံးမှာ လန့်သွားမယ်၊ အာဏာရှင်ကို တွန်းလှန်တဲ့နေရာမှာ ရှေ့ဆက်ပြီး မလုပ်ရဲအောင်ဆိုတဲ့ ခြိမ်းခြောက်အမိန့်တော့ ပါလိမ့်မယ်ဗျ”

ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း မြင်းမူမြို့နယ် ဘဒတ္ထိုင်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီ တပ်သားတွေ ပြန်ထွက်သွားပြီးတဲ့နောက် မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ငါးလောင်း အပါအဝင် သေဆုံးသူရှစ်ဦးရဲ့ အလောင်းတွေကို ဒေသခံတွေက တွေ့ရှိခဲ့ကြ ပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဆင်တောင်ရွာမှာတော့ မတ်လ ၂ ရက်နေ့က ဒေသခံသုံးဦး ပစ်သတ်ခံရပြီး နောက် ပြာပုံနဲ့ အရိုးတွေပဲ ကျန်တဲ့အထိ မီးရှို့ထားခဲ့ ကြတယ်လို့ KNDF တပ်ရင်း (၃) က မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

"သူတို့ပုံဖော်ထားတာက လူမျိုးတုံးသတ်ဖြတ်ဖို့အထိ သူတို့ချိန်ထားပုံရတယ်"

ဖရူဆိုမြို့နယ် မိုဆိုရွာမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က မီးလောင်ကျွမ်းတဲ့ အလောင်း တွေကို စစ်ဆေးခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ခွဲစိတ်ဆရာဝန်တစ်ဦးကတော့ ဒီဖြစ်ရပ်ဟာ ဆိုးရွာတဲ့ မီးရှို့သတ်ဖြတ်မှု ဖြစ်ရပ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က NUG က အွန်လိုင်း ဗီဒီယိုစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

"အလောင်းတွေမှာ လက်နောက်ပြန် ကြိုးတုပ်ခံထားရပါတယ်။ ရုပ်အလောင်းတွေရဲ့ ဦးခေါင်းခွံတွေဟာ ပြည့်ပြည့်စုံစုံ ပါမလာတော့ပါဘူး။ ကျားအင်္ဂါ၊ မအင်္ဂါ ရင်ဘတ် အပေါ်ပိုင်း လုံးဝမပါတာ တွေ့ရပါတယ်။ ရုပ်အလောင်းဟာ ပါးစပ်ကို အဝတ်နဲ့ ဆို့ပြီး ချည်ခံထားရပါတယ်။ ရက်ရက်စက်စက် မီးရှို့ခံထားရတာပါ။ ခန္ဓာကိုယ်အတွင်းထဲက အူတွေ၊ အသည်းတွေ၊ ကျောက်ကပ်တွေ၊ ဒီလိုအရာတွေတောင် မှန်းဆလို့မရအောင် မီးလောင်ခံထားရပါတယ်။ တော်တော်ကို ဆိုးဆိုးရွားရွားပါပဲ"

ဒီစစ်ဆေးတွေ့ရှိချက်တွေကိုကြည့်ရင် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့သတ်ဖြတ်ခဲ့တာကို မြင်တွေ့ နိုင်တယ်လို့ သူက ဆိုပါတယ်။

မီးရှို့အသတ်ခံရတာအပါအဝင် အစုလိုက် အပြုံလိုက် သတ်ခံရမှုတွေကို နောင်တစ်ချိန် ပြန်လည်စစ်ဆေးတဲ့အခါ အလောင်းပြန်လည်တူးဖော်ပြီး ရင်ခွဲစစ်ဆေးခြင်းကနေ သက်သေရှာရတာဖြစ်လို့ ဆေးပညာပိုင်းအရ အခက်အခဲတွေ ရှိနိုင်သလို လူအား၊ ငွေအားနဲ့ အချိန်တွေ လိုအပ်တာကြောင့် သေဆုံးချိန်ကြာလေလေ သက်သေရှာရ ခက်လေပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မှုခင်းကိစ္စနဲ့ နီးစပ်တဲ့ ဆရာဝန်တစ်ဦးက RFA ကို ပြောပါတယ်။

၂၀၂၂ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့သည့် ပုလဲမြို့နယ် လှော်ကားကြီးရွာ မီးလောင်ပြင်ကို တွေ့ရစဥ်။ (Photo: Ko WMA)

ပြည်သူလိုလားတဲ့အစိုးရက တာဝန်ခံလာတဲ့တစ်နေ့မှာ အသွင်ကူးပြောင်းကာလ တရားမျှတမှုကို ရရှိလိမ့်မယ်လို့ အထက်တန်းရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။

“အဲဒါတွေအကုန်လုံးက ရာဇသတ်ကြီးဥပဒေအရ လူသတ်မှုဆို လူသတ်မှု၊ နာကျင်အောင်လုပ်တဲ့အမှုဆို နာကျင်စေမှုတွေနဲ့ သီးသန့်အရေးယူရမှာခင်ဗျ။ အဲဒီအချိန် အဲဒီအခါတုန်းကရှိခဲ့တဲ့ ပတ်ဝန်းကျင် သက်သေတွေနဲ့ပဲ တည်ဆောက် ပြီးတော့ တရားမျှတမှုကို ပြန်လည်ရှာဖွေရမှာပေါ့။ ဒါကိုတော့ Transitional Justice (အသွင် ကူးပြောင်းရေးကာလ တရားမျှတမှု) လို့ ခေါ်တာပေါ့လေ။ ဒီအသွင်ကူးပြောင်း ရေးကာလမှာ တရားမျှတမှုကို ပြန်လည်ဖော်ဆောင်ပေးတဲ့ လုပ်ငန်းစဉ်ကို ဘယ်အစိုးရ မဆို တာဝန်ယူပြီး ဆောင်ရွက်ရမှာပဲ ခင်ဗျ။ အဲဒီအတွက်ကြောင့်မို့လို့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာများ ပြည်သူလိုလားတဲ့ ပြည်သူ့အစိုးရကများ အာဏာယူပြီးတော့ ပြည်သူအပေါ် တာဝန်ခံလာတဲ့ တစ်နေ့မှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ရရှိလိမ့်မယ်၊ လမ်းဖွင့်ပေးလိမ့်မယ်လို့ ကျွန်တော်တော့ ဒီလိုပဲ ထင်ပါတယ်ဗျ”

သတ်ပြီးမှ မီးရှို့သွားတာတွေရှိသလို မသေခင်ကပင် မီးရှို့တာတွေလည်း ရှိတာကြောင့် ဒါဟာ လူ့အခွင့် အရေးချိုးဖောက်မှုဖြစ်ပြီး သက်သေမကျန်အောင် လုပ်တာလို့ ဒေသခံတွေ ၊ လူ့အခွင့်အရေးသမားတွေနဲ့ ဆေးပညာကျွမ်းကျင်သူတွေက ပြောကြပါတယ်။

မီးရှို့ခံရတဲ့ အလောင်းတွေမှာ တွေ့ထားတဲ့ အချက်အလက်တွေကို ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ "မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)" အပါအဝင် နိုင်ငံတကာ အကူအညီနဲ့ DNA စစ်ဆေးပြီး တရားမျှတမှုရတဲ့အထိ လုပ်မယ်လို့ မိုဆိုရွာ မီးရှို့သတ်ခံရတဲ့ ဖြစ်ရပ်အပြီး လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ NUG ဝန်ကြီး ဒေါက်တာဆာဆာက ပြောထားပါတယ်။

RFA က သီးခြားပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကနေ တစ်နှစ် ကျော်အကြာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်သား တွေရဲ့ ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၁၄၉၇ ဦး ရှိပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org