အိုမန်နဲ့ UAE ရောက် မြန်မာအမျိုးသမီးတချို့ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရ

အာရပ်စော်ဘွားများနိုင်ငံ UAE ကို စားဝတ်နေရေးအတွက် အိမ်အကူလုပ်ဖို့ ရောက်ရှိနေကြတဲ့ ရာနဲ့ချီတဲ့ မြန်မာမိန်းခလေးတွေဟာ ဘာသာစကား မတူညီတဲ့ အိမ်ရှင်နဲ့ ပွဲစားတွေကြားမှာ အခက်အခဲပေါင်းစုံ၊ ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရပါတယ်။

အာရပ်စော်ဘွားများနိုင်ငံ UAE၊ ဒူဘိုင်းလေဆိပ်ကို ရောက်ရှိလာသည့် ခရီးသည်များကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။ Photo: GIUSEPPE CACACE / AFP

အာရပ်စော်ဘွားများနိုင်ငံ UAE ကို အိမ်အကူလုပ်ဖို့ ရောက်ရှိနေကြတဲ့ ရာနဲ့ချီတဲ့ မြန်မာမိန်းခလေးတွေဟာ ဘာသာစကား မတူညီတဲ့ အိမ်ရှင်နဲ့ ပွဲစားတွေကြားမှာ လုပ်ငန်းခွင် အဆင်မပြေမှုတွေ ကြုံနေရတယ်လို့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့နဲ့ အိုမန်နိုင်ငံကို ရောက်နေတဲ့ သူတွေက RFA ကို ဆက်သွယ် ပြောဆိုလာပါတယ်။

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ အောင်မိတ်သာရွာက အသက်၂၅ နှစ်အရွယ် မနွယ်ဟာ အိမ်အကူအဖြစ် အလုပ်လုပ်ဖို့အတွက် အခုနှစ် မေလ ၁၅ ရက်နေ့က ဒူဘိုင်းမြို့ကို သွားရောက်ခဲ့ပါတယ်။ ဒူဘိုင်းလေဆိပ်ရောက်တာနဲ့ ပွဲစားက မနွယ်ရဲ့ ပတ်စပိုစ့် နိုင်ငံကူးလက်မှတ်ကို သိမ်းလိုက်ပြီး အခန်းထဲမှာ ပိတ်လှောင်ထားခဲ့တယ်လို့ မနွယ်က ပြောပါတယ်။

ဒူဘိုင်းကို မလာခင် မြန်မာပြည်က ပွဲစားကို ငွေကျပ် လေးသိန်း အကျိုးဆောင်ခ ပေးခဲ့ရပေမယ့် အလုပ်အဆင်မပြေလို့ ဆက်သွယ်ချိန်မှာတော့ လျော်ကြေးငွေ သိန်း ၇၀ ကျော်ပေးဖို့သာ ပြောပြီး ဖုန်းပိတ်လိုက်တယ်လို့ မနွယ်က RFA ကို ပြောပါတယ်။

"ဒီမှာ ညီမတို့ အသက်ရှင်ဖို့ အရမ်းကို ဒုက္ခရောက်နေပါတယ်။ အေးဂျင့်တွေကလေ ရန်ကုန်မှာတုန်းကဆိုရင် ဒီမှာ အရမ်းအဆင်ပြေတယ်၊ အရမ်းကောင်းတယ်၊ နင်တို့တွေ သွားကြ အဲဒီလိုမျိုး မက်လုံးတွေ ပေးတယ်။ ညီမတို့လည်း အဲဒါကိုသိပြီးတော့ ဒီကို လာခဲ့တာ။ ဒီရောက်မှလေ ဒီနိုင်ငံလေဆိပ်ရောက်ပြီဆိုတာနဲ့ သူတို့ Block (ဖုန်းပိတ်) ပစ်လိုက်တယ်။ သူတို့က အဲဒီလိုမျိုး၊ သူတို့နဲ့ အဆက်သွယ်မရအောင် လုပ်ပစ်ကြတယ်။ သူတို့စကားကိုလည်း ကိုယ်က နားမလည်တော့ ဒီမှာ အရမ်းကို ဒုက္ခရောက်ပါတယ်။ ဘဝပျက်နေတဲ့ မိန်းကလေးတွေလည်း အများကြီးပဲ။ ညီမတို့ကိုယ်တိုင် ညီမတို့အရှေ့မှာ မြင်နေရတယ်သိလား၊ ဒါပေမဲ့ ညီမတို့ ဘာမှလုပ်ပေးလို့မရဘူး။ ကိုယ့်ကိုယ်ကိုယ်တောင် မနည်းကာကွယ်နေရတယ်"

ဒူဘိုင်းကိုရောက်တဲ့ လေးလအတွင်းမှာ အိမ်ရှင်နဲ့ အဆင်မပြေလို့ အလုပ် သုံးခါ ပြောင်းခဲ့ရပါတယ်။ အဲဒီလို မကြာခဏ ပြောင်းရွှေ့တာကြောင့် ပွဲစားရဲ့ နှိပ်စက်တာကို ခံခဲ့ရပြီး အခုချိန်မှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ဆိုပါတယ်။

မနွယ်ရဲ့ဖခင် ဦးပဉ္စင်း ရှင်ဇာတိက ကလည်း လျော်ကြေးငွေ သိန်း ၇၀ နီးပါးပေးနိုင်မှ သမီးဖြစ်သူ ပြန်လာနိုင်မယ်လို့ သိရပေမယ့် ပေးစရာငွေ မရှိဘူးလို့ မိန့်ပါတယ်။

"စိတ်ထဲတော့ မကောင်းဘူးပေါ့ ဒကာမကြီးရာ။ ကိုယ့်ရဲ့ သားသမီးက သွားတုန်းက တော့ ချောချောမောမောနဲ့ ရောက်ပြီး တစ်လကျော်မှာ အဆင်မပြေတာဆိုတော့ စိတ်မကောင်းပေမယ့် ဦးပဉ္စင်းတို့လည်း ဘာမှမတတ်နိုင်ဘူး။ ဦးပဉ္စင်းတို့ဆီမှာလည်း လျော်ဖို့ငွေက မရှိဘူး။ ဘုန်းကြီးဆိုတာ သိတဲ့အတိုင်းပဲ ဝတ္ထုငွေဆိုတာ ဒကာ၊ ဒကာမ ပေးမှလေ။ ပြန်လာစေချင်တာပေါ့။ ဦးပဉ္စင်းတို့က လျော်ဖို့ ငွေမှ မပို့နိုင်ဘဲ"

မနွယ်လိုပဲ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းဝရွာမှာ နေထိုင်တဲ့ မအိအိဖြိုးလည်း တစ်လကို မြန်မာငွေ ခုနစ်သိန်းနီးပါးနဲ့ ညီမျှတဲ့ UAE ငွေ ဒီယာရမ် (Dirham) ၁၂၀၀ နဲ့ အိမ်အကူလုပ်ဖို့ဆိုပြီး ၂၀၂၂ ခုနှစ် မေလ ၂၁ ရက်နေ့ကမှ ဒူဘိုင်းကို ရောက်သွားခဲ့တာပါ။

မအိအိဖြိုးဟာ အရင်က စက်ရုံလုပ်သားတစ်ဦးဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စက်ရုံတွေ ပိတ်လိုက်တာကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး အခုလို စွန့်စွန့်စားစားနဲ့ UAE အာရပ်စော်ဘွားများနိုင်ငံကို သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

မြန်မာပြည်က ပွဲစားက ဒူဘိုင်းမြို့မှာ လစာကောင်းပြီး နားရက်ရမယ်လို့ ပြောဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ နားရက်လုံးဝ မရဘဲ တစ်နေ့ကို မနက် ၅ နာရီကနေ ည ၁၀ နာရီထိ ဆက်တိုက် အလုပ်လုပ်ရတယ်လို့ မအိအိဖြိုး က ပြောပါတယ်။

"လူကုန်ကူး ခံလိုက်ရတာပါပဲ။ ညီမတို့ကို ဒီကို စပြီးလာတော့ နင်တို့ ဟိုရောက်ရင် တစ်လတစ်ခါ day off ရမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ day off မပြောနဲ့ တစ်နေ့လုံး နေလို့ တစ်နာရီတောင် နားချိန် မရှိပါဘူး။ ညီမတစ်ယောက်တည်း မနက်ကနေ ည ၁၀ နာရီအထိ တစ်ချက်မှ မနားရဘူး။ မနက်ဘက်ဆို ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်နဲ့ပဲ စားပြီးတော့ အလုပ်လုပ်၊ ပြီးတော့ ညနေ ၅ နာရီလောက်ကျမှ သူတို့ စားပြီးသား ကျန်တဲ့ဟာကို စားရတာ အရမ်းခက်ခဲပါတယ်။ အဲလောက်ထိ ခက်ခဲလိမ့်မယ်လို့ မထင်ထားပါဘူး”

အိမ်ရှင်တွေနဲ့ အဆင်မပြေရင် အိုမန်နိုင်ငံကို ပို့ပစ်မယ်လို့ ပွဲစားက ခြိမ်းခြောက်ထားတာ ကြောင့် ပွဲစားထံကိုလည်း မပြန်ရဲဘူးလို့ မအိအိဖြိုး က ဆိုပါတယ်။

တစ်ဧကနီးပါး ကျယ်ဝန်းတဲ့ နှစ်ထပ်အိမ်ထဲက အိမ်ရှင်မိသားစုဝင် ငါးဦးအတွက် နေ့စဉ် မိုးလင်းကနေ မိုးချုပ်တဲ့အထိ အဝတ်လျှော်၊ မီးပူတိုက်၊ ထမင်းဟင်းချက်၊ အိမ်သန့်ရှင်း စတာတွေအပြင် ခွေးနှစ်ကောင်ကိုပါ ထိန်းကျောင်းရတယ်လို့ မအိအိဖြိုးက ပြောပါတယ်။

အိုမန်နဲ့ ယူအေအီး နိုင်ငံကို ရောက်နေကြတဲ့ မြန်မာ မိန်းကလေးအများစုဟာ လုပ်ငန်းခွင် အဆင်မပြေတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာနဲ့ အေးဂျင့်လို့ခေါ်တဲ့ ပွဲစားတွေရဲ့ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေကို ရင်ဆိုင်ခံစားနေရတယ်လို့ ကာယကံရှင် မိန်းကလေးတွေက ပြောပါတယ်။

အိုမန်ကိုရောက်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က အသက် ၂၀ အရွယ် မမေဇင်နှင်း တစ်ယောက်လည်း သူ့အိမ်ရှင် အမျိုးသားက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကြံနေတာ ကြောင့် စိတ်ဖြောင့်ဖြောင့်နဲ့ အလုပ်လုပ်လို့ မရဘဲ စိုးရိမ်ပူပန်နေရတယ်လို့ RFA ကို ပြောပါတယ်။

"သူဌေးမရဲ့ ယောက်ျားက ညီမလေးကို မဟုတ်က ဟုတ်က ဗီဒီယိုကားတွေ ပို့တယ်။ နေ့တိုင်း ပို့တယ်။ ကောင်မလေးတွေ ပေါင်တိုတိုနဲ့ ဝတ်တဲ့ဟာတွေ အဲဒီလိုဟာတွေ နေ့တိုင်းပို့တယ်။ သူဌေးမ မရှိဘူးဆိုရင်လည်း သူ့ရှေ့မှာ မနေရဲဘူး။ အရမ်းကို ကြောက်နေရတယ်။ သူ မီးဖိုချောင်ဘက်ကို လာရင် ကိုယ်က ဟိုဘက်ကိုသွား၊ အဲဒီလိုနေရတယ်။ ကြည့်ရတာ အရမ်းကို ကြောက်စရာကောင်းတယ်။ ဘယ်လိုမှကို အဆင်မပြေဘူး။ စိတ်လုံခြုံမှု မရှိဘူး"

စစ်ဘေးဒုက္ခသည် ဖြစ်နေတဲ့ မိသားစုအတွက် စားဝတ်နေရေး အဆင်ပြေစေဖို့ဆိုပြီး အိုမန်နိုင်ငံကို အခုနှစ် မေလ ၂၂ ရက်နေ့က ရောက်လာခဲ့ပေမယ့် အိမ်ရှင်နဲ့ အဆင်မပြေ တာကြောင့် အလုပ်လုပ်ရတဲ့ နေအိမ် သုံးခါပြောင်းခဲ့ရပြီး အခုချိန်ထိ စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည် မိသားစုကို မထောက်ပံ့နိုင်သေးဘူးလို့ မမေဇင်နှင်းက ပြောပါတယ်။

အိမ်အကူလုပ်ဖို့ အတွေ့အကြုံလည်း မရှိ၊ သင်တန်းလည်း မရှိဘဲ အိုမန်ကို လာဖို့အတွက် ရန်ကုန်က ပွဲစားကို ကျပ်ငွေ ၁၂ သိန်း ပေးခဲ့ရတယ်လို့ သူက ဆိုပါတယ်။

မမေဇင်နှင်းလိုပဲ မအေးအေးအောင်လည်း အခုနှစ် ဧပြီလကမှ ရန်ကုန်က ပွဲစားကို မြန်မာငွေ ၁၂ သိန်းပေးပြီး အိုမန်ကို ရောက်လာခဲ့တာပါ။

သူကတော့ နေပြည်တော် ပျဉ်းမနား ဇာတိပါ။ ပျဉ်းမနားဈေးမှာ ဘုရားပန်းရောင်းနေတဲ့ အသက် ၇၀ အရွယ် မိခင်နဲ့ အရွယ်မရောက်သေးတဲ့ သားကလေးကို ထောက်ပံ့ချင်တာ ကြောင့် သူ အိုမန်နိုင်ငံကို စွန့်စွန့်စားစား ထွက်လာခဲ့တာပါ။

အလုပ်ပင်ပန်းမှုနဲ့ ပွဲစားတွေရဲ့ ဖိအားကြောင့် အကြီးအကျယ် စိတ်ထိခိုက် အားငယ်နေမိ တယ်လို့ မအေးအေးအောင်က ပြောပါတယ်။

"နိုင်ငံရေး အခြေအနေကလည်း မကောင်းဘူး၊ ဈေးအရောင်းအဝယ်ကလည်း အရင်လို မကောင်းတော့ဘူး၊ ညီမ အမေက အသက်က ကြီးပြီလေ၊ ဈေးရောင်းဖို့ဆို သူ မသွားနိုင် တော့ဘူး၊ ညီမမှာလည်း ယောက်ျားက မရှိတော့ဘူး၊ ညီမသားလေးကိုလည်း ပြီးပြည့်စုံ အောင် ထားချင်တယ်။ ညီမ အမေကိုလည်း ဈေးမရောင်းစေချင်ဘူး။ ပြည့်ပြည့်စုံစုံ ထားချင်လို့ ညီမထွက်လာတာ၊ အိမ်အကူဟာ အိမ်တစ်အိမ်ကို အနည်းဆုံး နှစ်ယောက် လောက် ခေါ်တယ်။ လစာကလည်း မြန်မာငွေ ရှစ်သိန်းလောက် ရမယ်ပြောတယ်၊ အဲဒီလို ပြောလို့ ညီမမေးပြီးမှ ထွက်လာတာ၊ ဒီရောက်တော့မှ လစာကလည်း သူတို့ ပြောသလို မဟုတ်ဘူး၊ ရီရယ် ၁၂၀ ကိုမှ မြန်မာငွေ ငါးသိန်းပဲ ရတယ်၊ ကျန်းမာရေး ကလည်း ဘယ်လိုမှ မကောင်းတော့ဘူး၊ ညီမ ဟိုတလောက ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လို့တောင် ကြံတာ၊ အေးဂျင့်နဲ့ စကားများတော့ အေးဂျင့်ကပြောတယ်။ နင်သေလည်း ဒီမှာ နင့်အတွက် မြေမရှိဘူးတဲ့၊ အဲဒီလို နစ်နစ်နာနာ ပြောတယ်"

မအေးအေးအောင်ဟာ ခင်ပွန်းမရှိဘဲ ငါးနှစ်အရွယ် သားလေးကို တစ်ဦးတည်း ရှာဖွေ ကျွေးမွေးနေတဲ့ မိခင်ဖြစ်ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ယူအေအီးနဲ့ အိုမန်နိုင်ငံတွေကို သွားရောက်ဖို့ ဆက်သွယ် ဆောင်ရွက်ပေးနေတဲ့ ရန်ကုန်မြို့က မအဲလက်စ်ကို ဆက်သွယ်မေးမြန်းတဲ့အခါ အာရပ် အိမ်ရှင်တွေက မြန်မာအိမ်အကူတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုး မရှိဘူးလို့ ငြင်းဆိုပါတယ်။

သူတို့က ချိတ်ဆက်ပြီး အလုပ်အကိုင် ရှာပေးပေမယ့် အိမ်အကူတွေက မလုပ်နိုင်ဘဲ ပြန်လာရင် ယူအေအီးငွေ ခြောက်ထောင် ပြန်လျော်ရပြီး လေယာဉ်လက်မှတ်ပါ စီစဉ် ပေးရလေ့ရှိတယ်လို့ မအဲလက်စ်က RFA ကို ပြောပါတယ်။

"တစ်အိမ်ထဲမှာ Two Years Contract မပြီးခဲ့ဘူးဆိုရင် ရုံးကို ညီမတို့က ဒီယာ (ယူအေအီးငွေ) ခြောက်ထောင် ပြန်လျော်ရတယ်ရှင့်။ လျော်ရမယ့်အပြင် အပြန် လက်မှတ် ဝယ်ရတယ်။ အဲဒါကိုတော့ ညီမ သူတို့ကို ပြောထားတယ်။ အဲဒါက ဘာအတွက်လဲဆိုရင် သူတို့သွားတုန်းက လေယာဉ်လက်မှတ်ခတွေ၊ ဗီဇာခတွေ၊ အဲဒါတွေကို ရုံးဘက်ကပြန်ပြီး အလျော်တောင်းတယ်ရှင့်။ အခန်းထဲကိုပိတ်ပြီးတော့ ထမင်း မကျွေးဘူးလို့တော့ မရှိဘူး။ အခန်းထဲကို ပိတ်ထားတယ်ဆိုတာကလည်း ဟိုလိုပိတ်တာမဟုတ်ဘူး၊ သူတို့ကို တိုက်ခန်းထဲမှာ ထည့်ပြီး ခြံကို သော့ခတ်ထားတာ။ အေးဂျင့်က ရိုက်တယ်လို့တော့ ညီမကို ကလေးတွေ မတိုင်ဖူးဘူးပေါ့နော်။ ဒါပေမဲ့ ဆူတာငေါက်တာတော့ ရှိတယ်။ သူတို့ရဲ့အပြစ်ကြောင့် ပြန်လာရတယ်ဆိုရင်တော့ ဆူတာငေါက်တာတော့ ရုံးက လုပ်တယ်ပေါ့နော်။ အိမ်ရှင်က ရိုက်တာနှက်တာမျိုးဆိုရင် ညီမကတော့ ရုံးကိုတင်ပြတယ်။ ဒီလိုက ဒီလိုရှိတယ်ဆိုတဲ့အခါမှာ သူတို့က ဒီ case သည် သေချာတယ်ဆိုရင်တော့ ကလေးကို အားချင်းပြန်ခေါ်တယ်ရှင့်"

အလုပ်မလုပ်နိုင်တဲ့သူတွေ အိမ်ပြန်မယ်ဆိုရင် လျော်ကြေးတောင်းတဲ့ သိန်း ၇၀ ဆိုတာ လည်း ဒူဘိုင်းကို ပို့ဆောင်ပေးတဲ့ ကုန်ကျစားရိတ်နဲ့ ဗီဇာကြေးကို ပြန်တောင်းယူတာလို့ သူက ပြောပါတယ်။

၂၀၂၁ ခုနှစ် ကိုဗစ်ဒုတိယလှိုင်းကာလမှာ စင်္ကာပူနိုင်ငံက အလုပ်ခေါ်ယူမှု ပိတ်ပင်လိုက်တာ ကြောင့် အရှေ့အလယ်ပိုင်းဒေသဆီ သွားရောက်အလုပ်လုပ်ချင်သူတွေကို သူတို့က ကူညီပို့ဆောင်တာ ဖြစ်ပြီး၊ တစ်နှစ်အတွင်းမှာ မြန်မာအမျိုးသမီးငယ် ၁၀၀ နီးပါးကို ပို့ပေးခဲ့တာလို့ မအဲလက်စ်က ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဆော်ဒီအာရေဗျနိုင်ငံ၊ ရိယာဒ်မြို့က မြန်မာသံရုံးကို RFA က အီးမေးလ်နဲ့ရော ဖုန်းနဲ့ပါ ဆက်သွယ်ခဲ့ပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိပါဘူး။

မြန်မာနိုင်ငံကနေ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို နှစ်နိုင်ငံ သဘောတူညီချက်နဲ့ တရားဝင် လုပ်သွားလုပ်ဖို့ လက်ရှိအချိန်မှာ ခွင့်ပြုမထားပါဘူး။ ဒါပေမဲ့ ပွဲစား၊ အေးဂျင့်လို့ ခေါ်တဲ့ တရားမဝင် အေဂျင်စီတွေကတစ်ဆင့် မြန်မာအမျိုးသမီးတွေ အရှေ့အလယ်ပိုင်း နိုင်ငံတွေ မှာ သွားအလုပ်လုပ်ဖို့ သူတို့နည်း၊ သူတို့ဟန်နဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ မြန်မာသံရုံး နည်းပါးတဲ့အတွက် အလုပ်သွားမလုပ်ဖို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က အကြံပြုချက် ထုတ်ပြန် ထားပါတယ်။

"ဒုက္ခ တအားရောက်တယ် အမေရယ်တဲ့၊ မုန့်တွေကို ကျွေးတာလည်း ဒိတ်အောက်တွေတဲ့၊ သူတို့ချက်တဲ့ ထမင်းလည်း မစားနိုင်ဘူးတဲ့"

လောလောဆယ် အိုမန်နိုင်ငံမှာ ဒုက္ခရောက်နေတဲ့ မအေးအေးအောင်ရဲ့ မိခင် ဒေါ်ငယ်လေး ကတော့ သမီးဖြစ်သူ အဆင်မပြေဘူးလို့ ကြားရတိုင်း ဝမ်းနည်းစိတ်ထိခိုက်ပြီး မျှော်လင့် ချက် မဲ့သလို ခံစားရတယ်လို့ RFA ကို ပြောပါတယ်။

"သူတို့က ပိုက်ဆံ သိန်း ၆၀ ပေးရင် ပြန်ရမယ်ဆိုတော့ အန်တီက ဘယ်က ရမှာလဲ။ ရှိတဲ့ ဟာတွေ အကုန်ရောင်းချပြီး လမ်းစရိတ် လုပ်ပေးလိုက်တာ အန်တီ ပန်းရောင်းတာ လည်း ပန်းတွေက နေ့တိုင်းရှုံးနေတာ။ အခုဆို သူများဆီက နေ့ပြန်တိုးနဲ့ ပိုက်ဆံ တစ်သိန်းဆွဲပြီး ရောင်းနေရတာ၊ ဒုက္ခ တအားရောက်တယ် အမေရယ်တဲ့၊ မုန့်တွေကို ကျွေးတာလည်း ဒိတ်အောက်တွေတဲ့၊ သူတို့ချက်တဲ့ ထမင်းလည်း မစားနိုင်ဘူးတဲ့၊ ကိုယ့်ကိုယ်ကိုယ် အန်တီလည်း သတ်သေချင်တဲ့ စိတ်တွေပေါက်တယ်။ စိတ်တွေ နေ့တိုင်း ဆင်းရဲတာကိုး"

နိုင်ငံပြင်ပမှာ အလုပ်လုပ်ကိုင်နေရတဲ့ မြန်မာအမျိုးသမီး အများစုဟာ နည်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ လူကုန်ကူး ခံနေရသလို၊ အိမ်အကူအလုပ်သာမကဘဲ လိင်လုပ်သားအဖြစ်ပါ လူကုန်ကူး ခံနေရတာက အမျိုးသမီးတွေရဲ့ လုံခြုံရေးမှာ ကြီးမားတဲ့ ခြိမ်းခြောက်မှုနဲ့ ကြုံနေရတာလို့ မြန်မာအမျိုးသမီးများအဖွဲ့ချုပ် (WLB) ပြောရေးဆိုခွင့်ရှိသူ မနန်းမို့မို့က ပြီးခဲ့တဲ့ သီတင်းပတ်က RFA ကို ပြောပါတယ်။

အိုမန်နိုင်ငံနဲ့ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၊ အဘူဒါဘီမြို့တွေမှာ ရောက်နေတဲ့ မြန်မာ အမျိုးသမီး အယောက်တစ်ရာမှာ ၉၉ ဦးက အိမ်ရှင်တွေရဲ့ နိုင်ထက်စီးနင်း ဆက်ဆံတာတွေ၊ ပွဲစားတွေက ရိုက်နှက်တာကြောင့် ထွက်ပြေးကြသူတွေနဲ့၊ လုပ်အားခ ခေါင်းပုံဖြတ် ခံရတာတွေကို ကြုံနေရတယ်လို့ ကာယကံရှင် အမျိုးသမီးတွေက RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org