ကိုဗစ်ကူးစက်နှုန်းမြင့်မားတဲ့ မြန်မာနဲ့ အင်ဒိုနီးရှား တရုတ်က အောက်ဆီဂျင်ဝယ်မည်
2021.07.14
ကိုရိုနာဗိုင်းရပ်စ်ရောဂါတွေ ကမ္ဘာနဲ့အဝှမ်း ဖြစ်ပွားလျှက်ရှိရာမှာ ပြီးခဲ့တဲ့ ဧပြီလကနေ မေလအတွင်း နိုင်ငံ ပေါင်းများစွာမှာ ရောဂါဖြစ်ပွားမှုတွေ ကျဆင်းလာခဲ့ပေမယ့် ပြီးခဲ့တဲ့ ဧပြီလအတွင်း ကမ္ဘာမှာ ဒုတိယရောဂါ အဖြစ်များဆုံး အိန္ဒိယနိုင်ငံမှာ Delta variant လို့အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တမျိုးကို စတင်တွေ့ရှိလာပါတယ်။ တဆက်တည်း အယ်ဖာ၊ ဂန်မာစသဖြင့် မျိုးကွဲတွေပါ ပေါ်လာပါတယ်။
အခုတွေ့ရှိလာတဲ့ မျိုးကွဲသစ်တွေဟာ ကူးဆက်မှု အလွန်မြန်တာကြောင့်တကမ္ဘာလုံး ရောဂါဖြစ်ပွားမှုတွေ တိုးလာပါတယ်။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်မျိုးကွဲသစ်တွေ တွေ့ရှိတဲ့အကြောင်း ဇွန်လအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။ ဒီရောဂါပိုးသစ်တွေကြောင့် အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ရောဂါဖြစ်ပွားမှုတွေ ထိုးတက်လာတာ မြင်တွေ့နိုင်ပါတယ်။

ရောဂါဖြစ်ပွားတွေ များလာချိန်မှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေက အောက်ဆီဂျင်လိုအပ်မှုပါ မြန်မာနိင်ငံမှာ အောက်ဆီဂျင် ပတ်လပ်မှုတွေ ကြုံလာရပါတယ်။ ရန်ကုန်မြို့က မြန်မာ့စိတ်ရင်းပရဟိတအဖွဲ့က ကိုမိုးမာန်ပြောတာက ....
“အောက်ဆီဂျင်အိုးတွေ ဝယ်လို့ မရဘူး။ ဝယ်လို့ရတဲ့အိုးကို ဖြည့်မရဘူးဖြစ်နေတယ်။ အောက်ဆီဂျင် ကျဆင်းနေတဲ့ လူနာတွေလည်း တော်တော်များလာတာ တွေ့ရပါတယ်”
မြန်မာနိုင်ငံလိုပဲ ကိုဗစ်ရောဂါမျိုးကွဲအသစ်ကြောင့် အောက်ဆီဂျင်ပြတ်လတ်မှုတွေကြုံရတဲ့ နိုင်ငံတွေထဲမှာ ထင်ထင်ရှားရှား တွေ့ရတာကတော့ အင်ဒိုနီးရှားနိုင်ငံပါ။ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဖြစ်ပွား နေတဲ့ နိုင်ငံဖြစ်ပြီး ကမ္ဘာမှာ ဆိုရင်တော့ ရောဂါအဖြစ်များတဲ့ ၁၆ နိုင်ငံမြောက် နိုင်ငံပါ။
အင်ဒိုနီးရှားနိုင်ငံမှာ ရောဂါဖြစ်ပွားသူ နှစ်သန်း ခြောက်သိန်းကျော် ရှိပြီး သေဆုံးရသူ ခြောက်သောင်း ရှစ်ထောင် ကျော်ပါပြီ။ အင်ဒိုနီးရှားနိုင်ငံ မြို့ကြီးတွေမှာ နေ့စဉ် အောက်ဆီဂျင်ရဖို့ တန်းစီ နေကြတာမျိုး တွေ့ရသလို သေဆုံးရသူတွေများလို့ ခေါင်းတွေ ကြိုတင်စီစဉ်နေတာလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အောက်ဆီဂျင်ကို အိမ်မှာ အသုံးမပြုသင့်ဘူးလို့ ဇူလိုင်လ ၁၀ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အိမ်မှာပြုစုတာကို တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းရဲ့ ကြီးကြပ်မှုအောက်မှာပဲ ဆောင်ရွက်ရမယ် ဆိုပါတယ်။ အောက်ဆီဂျင်အိုးတွေကို မိမိသဘောဖြင့်ဝယ်ယူခြင်းဟာ ငွေကုန်ကြေးကျ များပြီး အမှန်တကယ် လိုအပ်သူများမှာ အခက်အခဲဖြစ်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။ တဆက်တည်း စစ်ကောင်စီ အာဏာပိုင်တွေက တစ်ဦးချင်းအောက်ဆီဂျင် ဖြည့်တာတွေကို ကန့်သတ်ချက်တွေ လုပ်ထားတဲ့အကြောင်း စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားပါတယ်။
မြန်မာနိုင်ငံက ရောဂါကူးစက်ခံရသူတွေ ဆေးရုံကို သွားရောက်ပေမယ့် ဆေးရုံတွေကလည်း လက်မခံတာကြောင့် အိမ်မှာပဲ ကုသနေသူ တွေ ပိုပြီးများနေတာပါ။ အိမ်မှာ ကုသသူတချို့ကို CDM ဝင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတချို့က ကူညီနေတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ကတော့ ပြည်တွင်းအောက်ဆီဂျင် လိုအပ်ချက်ကို နိုင်ငံခြားက တင်သွင်းဖို့ိအထိပါ ဆောင်ရွက်နေပြီး၊ ချက်ခြင်းဆိုသလို မှာယူနေတာတွေ့ရပါတယ်။ စင်္ကာပူနိုင်ငံကလည်း အင်ဒိုနီးရှားကို ဆေးဝါးတွေ ပို့ဆောင်ပေးခဲ့ပြီး လိုအပ်နေတဲ့ အောက်ဆီဂျင်တွေပါ ချက်ခြင်းပေးပို့ပါတယ်။
အလားတူပဲ Global Time သတင်းတပုဒ်မှာတော့ တရုတ်ပြည်က အောက်ဆီဂျင်ထုတ်လုပ်တဲ့စက် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေမြန်မာနဲ့ အင်ဒိုနီးရှားကို ပို့ဖို့ ဆောင်ရွက် နေတယ်လို့ဖော်ပြထားပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံကတော့ လက်တွေ့မှာယူတာတွေ လုပ်နေပါပြီး ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အင်နဲ့အားနဲ့ ဆောင်ရွက်နေတာကတော့ ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းကို လူအများအပြား တပြိုင်တည်းဆောင်ရွက်နေကြတာပါ။ အင်ဒိုနီးရှားနိုင်ငံမှာ ထိုးပေးနေတဲ့ ဆေးဟာ တရုတ်နိုင်ငံထုတ် Sainovac ဆေးပါ။ လူတွေကလည်း အင်နဲ့အားနဲ့ လာထိုးနေကြတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံက အခြေအနေနဲ့ ပတ်သက်လို့ရော သတင်းတွေမှာ ဘယ်လို ဖော်ပြနေကြပါသလဲ။ စစ်ကောင်စီရဲ့ ကျန်းမာရေး အစီအစဉ်တွေကို လူတွေက မယုံကြည်လို့ ပူးပေါင်းပါဝင်မှုတွေ နည်းနေတယ်လို့ ဇူလိုင်လ ၁၃ရက်နေ့ထုတ်ရိုက်တာ သတင်းတရပ်မှာ ဖော်ပြထားပါတယ်။