တိုင်းနဲ့ပြည်နယ်လေးခုက မြို့ပေါင်း ၁၂ မြို့မှာ ရေဘေးကြုံနေ

RFA Burmese
2024.07.27
တိုင်းနဲ့ပြည်နယ်လေးခုက မြို့ပေါင်း ၁၂ မြို့မှာ ရေဘေးကြုံနေ မကွေးတိုင်း၊ ကံမမြို့နယ်အတွင်း ရေနစ်မြုပ်နေသည့် ကျေးရွာတစ်ရွာကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရစဉ်။
Facebook/ Aung Kyaw Thu

မြန်မာနိုင်ငံအောက်ပိုင်း တိုင်းနဲ့ပြည်နယ်လေးခုမှာရှိတဲ့ မြို့ပေါင်း ၁၂ မြို့မှာ စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေပြီး ရေဘေးကြုံတွေ့နေရတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က ဇူလိုင် ၂၇ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီ ၁၂ မြို့ထဲမှာ ဧရာဝတီတိုင်းက မြို့ခြောက်မြို့ပါဝင်ပြီး ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်၊ ငသိုင်းချောင်း၊ သာပေါင်းနဲ့ မအူပင်မြို့တွေမှာ ရေကြီးရေလျှံနေတာပါ။ အဲဒီဒေသတွေမှာ စပါးခင်းတွေ ရေဝင်နစ်မြုပ်တာ၊ စာသင်ကျောင်းတွေ ပိတ်ထားရတာနဲ့ ဒေသခံတွေ ရွှေ့ပြောင်းနေရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ရေဝင်နစ်မြုပ်နေသည့် စာသင်ကျောင်းတစ်ကျောင်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှာ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားစဉ်။ (Photo: MOI)
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ရေဝင်နစ်မြုပ်နေသည့် စာသင်ကျောင်းတစ်ကျောင်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှာ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားစဉ်။ (Photo: MOI)

ငါးသိုင်းချောင်းမြို့နယ်မှာတော့ စပါးခင်းတွေ ရေဝင်နစ်မြုပ်သွားတာကြောင့် တောင်သူတွေအတွက် ဆုံးရှုံးမှုများနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ငါးသိုင်းချောင်းတစ်ခွင်က အကုန်မြုပ်နေတယ်။ ပေါ်တဲ့နေရာက မရှိသလောက်ပဲ။ ငါးသိုင်းချောင်းမြို့ရဲ့ ပတ်ဝန်းကျင်ရွာတွေက အတော်များများ အကုန်မြုပ်တာ။ ရှစ်ဆယ်ရာခိုင်နှုန်းလောက် မြုပ်တယ်လို့ ပြောလို့ရတယ်။ စပါးတွေရေမြုပ်တော့ တောင်သူတွေက စရိတ်တွေ ပိုကုန်တာပေါ့။ အခုစိုက်ထားတဲ့ စရိတ်တွေ အကုန်ဆုံးရှုံးတာပေ့ါ”

ဧရာဝတီတိုင်းထဲမှာ စပါးခင်းဧကသောင်းချီ ရေဝင်နစ်မြုပ်နေပြီး အချက်အလက်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

“ရေကြီးရေလျှံနေပြီး အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ မြစ်ကမ်းတစ်လျှောက် ရွာတွေ ရေနစ်မြုပ်နေပါတယ်”

မြန်အောင်၊ ကြံခင်း၊ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ မအူပင်နဲ့ သာပေါင်းမြို့နယ်တွေက စာသင်ကျောင်းပေါင်း တစ်ရာကျော်လည်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်းက ပဲခူး၊ ရွှေကျင်နဲ့ မဒေါက်မြို့တို့မှာလည်း ရေကြီးရေလျှံနေပြီး အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ မြစ်ကမ်းတစ်လျှောက် ရွာတွေ ရေနစ်မြုပ်နေပါတယ်။

မွန်ပြည်နယ်မှာတော့ ဘီးလင်းမြို့နယ်မှာ ရေကြီးနေပြီး ရန်ကုန်-မော်လမြိုင်ကားလမ်း ရေကျော်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေပါတယ်။

မိုးအဆက်မပြတ် ရွာနေပြီး လမ်းပေါ် ရေသုံးပေခန့် ကျော်နေတာကြောင့် ကားတွေ သွားလာရခက်ခဲနေတယ်လို့ ဘီးလင်းဒေသခံတစ်ဦးက ပြောပါတယ်။

“ရေက လမ်းပေါ်မှာဆိုရင် သုံးပေလောက် တက်သွားတယ်။ မော်လမြိုင်ကားလမ်းပေါ် လွန်ခဲ့တဲ့ နှစ်ရက်လောက်ထိ ကားသွားလို့မရဘူး။ အခုတော့ ကားကြီးတွေ စမ်းပြီးသွားနေတယ်။ လောလောဆယ်တော့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတယ်။ ကျိုက္ကော်နဲ့ ဘီးလင်းကြားမှာကို လမ်းမပေါ်မှာ ရေက သုံးလေးပေလောက် ရှိနေတော့ ကားလေးတွေ ဖြတ်လို့ မရဘူး။ မိုးက အခုလည်းရွာနေတုန်းပဲ။ နေမပွင့်ဘူး”

ဘီးလင်းမြို့အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကန်သာယာ၊ ဆရာစံနဲ့ ဘိုးရာဇာ စတဲ့ ရပ်ကွက်တချို့က ဒေသခံတွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ယာယီရေဘေးရှောင်နေကြရတယ်လို့ သူကပြောပါတယ်။

“ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်”

ကရင်ပြည်နယ်မှာတော့ သံလွင်မြစ်နဲ့ သောင်ရင်းမြစ်ရေ ကြီးနေတာကြောင့် ဘားအံနဲ့ မြဝတီမြို့နယ်တွေက ဒေသခံတွေနဲ့ သောင်ရင်းမြစ်ဘေးက ဒုက္ခသည်တွေ ရေဘေးကြုံနေရပါတယ်။

မြဝတီမြို့က ဘုန်းကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပြီး အဲဒီစခန်းတွေမှာ ရေဘေးသင့်ပြည်သူ သုံးထောင်နီးပါး ရွှေ့ပြောင်းနေကြပါတယ်။

သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ပေးနေသူတစ်ဦးက ပြောပါတယ်။

“လက်ရှိတော့ ရေက မကျသေးဘူး။ အနိမ့်ပိုင်းမှာနေတဲ့သူတွေထဲက သက်ကြီးပိုင်းတွေ၊ ကလေးတွေကို ဘုန်းကြီးကျောင်းမှာဖွင့်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းထားတယ်။ ကျန်းမာရေး စောင့်ရှောက်မှုက ထင်သလောက် မရှိသေးဘူး။ စားနပ်ရိက္ခာကလည်း လုံလုံလောက်လောက် မရှိသေးဘူး။ တစ်ခါတလေကျတော့လည်း လူဦးရေ များတဲ့အတွက် အလှူရှင်တွေက တစ်နပ်စာတောင် လှူပေးဖို့ အခက်အခဲရှိတယ်”

ဒေသခံတွေပြောပြချက်အရ မိုးအဆက်မပြတ် ရွာနေတာကြောင့် မြဝတီ- ကော့ကရိတ် လမ်းပိုင်းလည်း ပျက်ဆီးနေပြီး ကားတွေသွားမရတော့ဘဲ ပိတ်မိနေပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ရေကြီးနေသည်အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဓာတ်ပုံ)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ရေကြီးနေသည်အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဓာတ်ပုံ)

လက်ရှိမှာ သောင်ရင်းမြစ်ဘေးက စစ်ဘေးဒုက္ခသည်စခန်းတွေဆီ သွားတဲ့လမ်းတွေလည်း ပျက်စီးနေတာကြောင့် ရိက္ခာပို့ဖို့အတွက် ခက်ခဲနေတယ်လို့ အဝေးရောက် ဧရာဝတီအသင်း (OIA) ရဲ့ အထွေထွေအတွင်းရေးမှူး ကိုဖိုးသင်္ကြန်က ပြောပါတယ်။

“ရေပူကနေပြီးတော့ မင်းလက်ပန်၊ လော့ကော်၊ သေ့ဘောဘိုး၊ ကနဲလေးဘက်ကို စုံစမ်းကြည့်လိုက်တော့ တချို့နေရာတွေက တဲတွေ မမြုပ်သွားဘူး။ ဒါပေမဲ့ သူတို့ဆီလာတဲ့ ရိက္ခာလမ်းကြောင်းတွေက အကုန်ပျက်ကုန်တယ်။ အဲဒီအတွက် သူတို့မှာ ရိက္ခာတွေ ပြတ်ကုန်တယ်။ ကျွန်တော်တို့ မနက်ဖြန်တော့ တချို့စခန်းတွေကို ရိက္ခာတွေ သွားပို့မယ်။ တချို့စခန်းတွေကတော့ နည်းနည်းမြုပ်သွားပြီး တဲတွေ သွားပေါင်းနေနေကြတယ်”

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနကတော့ အခု ရေကြီးရေလျှံနေတဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ နေရာအနှံ့ မိုးရွာမှာဖြစ်ပြီး ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးတာတွေ ကြုံတွေ့ရနိုင်တယ်လို့ ဇူလိုင် ၂၇ ရက် ဒီနေ့မနက်က ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေထံ RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဇူလိုင်လဆန်းပိုင်းကစပြီး နိုင်ငံတစ်ဝန်း ရေကြီးနေတာကြောင့် လူပေါင်းသောင်းနဲ့ချီ ရေဘေးဒုက္ခကြုံခဲ့ရပြီး သီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်တာ၊ နေအိမ်တွေ ရေထဲမျောပါ ပျက်စီးတာနဲ့ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။