ပြင်ပဖိအားတွေကြောင့် မြန်မာ့စီးပွားရေး ထိခိုက်နိုင်ကြောင်း ကမ္ဘာ့ဘဏ်ပြော

လက်ရှိကမ္ဘာတဝှမ်းမှာ စီးပွားရေးတိုးတက်မှု အလားအလာနှေးကွေးနေပေမယ့် မြန်မာ့စီးပွားရေးကတော့ ၂ဝ၁၈ ခုနှစ်အတွင်း လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ရာကနေ တဖြည်းဖြည်းတည်ငြိမ်ပြီး ပြန်အရှိန်ရလာပေမယ့် နိုင်ငံတကာက သက်ရောက်လာနိုင်တဲ့ ဖိအားတွေကြောင့် ထိခိုက်လာနိုင်ခြေရှိကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ကမ်းနားလမ်း ဆိပ်ကမ်းတနေရာမှ ကုန်သေတ္တာများ။ Photo: AFP

တကမ္ဘာလုံး စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာနေပြီး အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေး တင်းမာမှုကြီးထွားလာတာကြောင့် ကမ္ဘာတလွှား စီပွားရေးတိုးတက်မှုနှုန်းထားဟာ ၂.၆ ရာခိုင်နှုန်းအထိ နှေးကွေးသွားခဲ့ပေမယ့် မြန်မာ့စီးပွားရေး ၆.၄ ရာခိုင်နှုန်းရှိနေရာကနေ ၂ဝ၁၈-၁၉ မှာ ၆.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

စီပွားရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်နဲ့ အကြီးစားရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ချက်တွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးမျှော်မှန်းချက် ပိုမိုဦးမော့လာဖို့ရှိပြီး စီးပွားရေးတိုးတက်မှုဟာ ၂ဝ၂ဝ-၂၁ ခုနှစ်မှာ ၆.၇ ရာခိုင်နှုန်းအထိ ဆက်လက် မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီနေ့ရန်ကုန်၊ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ကျင်းပတဲ့ အစီရင်ခံစာ ထုတ်ပြန်တဲ့အခမ်းအနားမှာ ကမ္ဘာ့ဘဏ်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

ပြည်ပကနေ စိုက်ပျိုးရေး ထွက်ကုန်မှာယူမှု အနည်းငယ် လျော့ကျသွားတာကြောင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးမှုဟာ ၂ဝ၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ၁.၃ ရာခိုင်နှုန်းရှိနေရာကနေ ၂ဝ၁၈-၁၉ မှာ ၁.၂ ရာခိုင်နှုန်းအထိ လျော့နည်းသွားမယ်လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

လောင်စာဆီနဲ့ စားသောက်ကုန်ဈေးနှုန်း မြင့်တက်တာကြောင့် ၂ဝ၁၈-၁၉ ခုနှစ်ရဲ့ ဒုတိယ သုံးလပတ်အဆုံးမှာ ငွေကြေးဖောင်းပွမှု ၇.၉ ရာခိုင်နှုန်း ရှိနေပေမယ့် ကုန်ဈေးနှုန်းနဲ့ လောင်စာစွမ်းအင် မတည်ငြိမ်မှုကို ထည့်သွင်းတွက်ချက်တာမရှိတဲ့ အဓိက လူသုံးကုန်ပစ္စည်းများဆိုင်ရာ ငွေကြေးဖောင်းပွမှုနှုန်းကတော့ ၂ဝ၁၈-၁၉ ပထမနဲ့ ဒုတိယ သုံးလပတ်မှာ ၆.၅ ရာခိုင်နှုန်းရှိပြီး တည်ငြိမ်တဲ့ လမ်းကြောင်းပေါ်မှာ ရှိတယ်လို့ ယူဆလို့ ရနိုင်တယ်လို့ သိရပါတယ်။

စီးပွားရေးအလားအလာအတွက် အနှုတ်လက္ခဏာထိခိုက်လာနိုင်ခြေဟာ ပြင်ပရင်းမြစ်တွေပေါ်မှာ အခြေတည်နေပြီး ပြင်ပဝယ်လိုအား ကျဆင်းမှုနဲ့အတူ မြန်မာနိုင်ငံအပေါ် ဆင့်ကဲ ကူးပြောင်းသက်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂ EU ကို တင်ပို့မှုတွေဟာ GSP စနစ်အရ အကျိုးခံစားခွင့်တွေကို ပြန်လည်ရုပ်သိမ်းသွားနိုင်တဲ့အတွက် ထိခိုက်လာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိဆက်လက်ဖြစ်ပေါ်နေတဲ့ ရခိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာတာ အစရှိတဲ့ ပြည်တွင်းမတည်ငြိမ်မှုတွေကလဲ ခရီးသွားလုပ်ငန်းနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအပေါ် ထပ်ပြီး ဖိအားဖြစ်စေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတဝှမ်း လျှပ်စစ်ဓာတ်အားပြတ်တောက်တာတွေဟာ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍအတွက် ပြင်းထန်တဲ့ စိန်ခေါ်မှုဖြစ်ပြီး စွမ်းအင်ကဏ္ဍပြုပြင်ပြောင်းလဲရေးက အလျင်အမြန် အကောင်အထည်မဖော်နိုင်ခဲ့ရင် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှု ပန်းတိုင်အဖြစ် ဆွဲဆောင်မှုကို လျော့ကျစေမှာဖြစ်လို့ သိသာထင်ရှားတဲ့ ငွေရေးကြေးရေးဝန်တစ်ရပ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း ဒါပေမယ့် လျှပ်စစ်ဓာတ်အားခနှုန်းထားတွေကို တိုးမြှင့်မယ်ဆိုရင် ငွေကြေးဖောင်းပွမှု ဖိအားကို ဖြစ်ပေါ်စေနိုင်တာကြောင့် ကောင်းစွာ စီမံခန့်ခွဲမှု ကောင်းဖို့လိုအပ်တယ်လို့လဲ အစီရင်ခံစာမှာ သတိပေးထောက်ပြထားပါတယ်။

(RFA သတင်းထောက် ကိုရဲတိုက် စုစည်းတင်ပြသည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org