ပြည်တွင်း အကျပ်အတည်း ဖြေရှင်းရေး ဝေဝါးနေဆဲ

မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပါအဝင် စီးပွားရေးကျဆင်းမှုနဲ့ အလုပ်လက်မဲ့ ပြဿနာ၊ နေ့စဉ်တိုးလာနေတဲ့ စစ်ဘေးဒုက္ခသည်အရေး၊ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာ အာမခံချက် မပေးနိုင်တဲ့ အထွေထွေအကျပ်အတည်းတွေကို စစ်အာဏာသိမ်းထားတဲ့ အချိန်ရှစ်လနီးပါး ရောက်လာတဲ့ အထိ မဖြေရှင်းနိုင်သေးပါဘူး။
ဒီရှစ်လတာကာလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအချို့လည်း ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။ ပြည်တွင်းမှာ အခုအချိန် အမေရိကန်တစ်ဒေါ်လာဈေးက ကျပ် ၂၀၀၀ ကျော်ပြီဖြစ်သလို ရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ်သိန်း ၂၀ ကျော်အထိ ထိုးတက်လာနေပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာ အကြီးဆုံးဇုန် ဖြစ်တဲ့ မူဆယ်က တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပိတ်ထားသလို အိမ်နီးချင်းနယ်စပ်ဂိတ်တွေလည်း ပြန်မဖွင့်သေးလို့ ကုန်သွယ်ရေးကလည်း ကျဆင်းနေပါတယ်။
အခုလိုပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ အထွေထွေအကျပ်အတည်းကို အိမ်နီးချင်း တရုတ်နဲ့ အာဆီယံနိုင်ငံ တွေက ကြားဝင်ညှိနှိုင်းပေးဖို့အတွက် ကိုယ်စားလှယ်တွေ စေလွှတ်ပေမယ့်လည်း ထိရောက်တဲ့ အကျိုး ရလဒ်တွေ ထွက်ပေါ်မလာသေးသလို ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့ထိပ်သီးအဆင့် နိုင်ငံတွေရဲ့ စစ်ကောင် စီအပေါ် ဖိအားပေးမှုတွေကလည်း ပြည်တွင်းအကျပ်အတည်းကို သိသိသာသာ လျော့ကျသွားစေတာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေက ထိရောက်မှုမရှိလို့ ခုခံစစ်တွေစတင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အမြဲတန်းအတွင်းဝန် ဦးနိုင်ထူးအောင် က ပြောပါတယ်။
“စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး အပြစ်မဲ့ပြည်သူတွေကို ရက်စက်စွာနဲ့ အိုးအိမ်တွေ ဖျက်ဆီးတယ်၊ အကြောင်းမဲ့သတ်တာတွေ လုပ်လာလို့ ပြည်သူတွေဟာ ခိုကိုးရာမဲ့ဖြစ်လာတယ်၊ နိုင်ငံတကာကို ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ထိရောက်တဲ့တုံ့ပြန်မှုတွေလုပ်ဖို့ NUG ဘက်ကနေ တောင်းဆို မှုတွေများစွာလုပ်ခဲ့ပါတယ်၊ နိုင်ငံတကာက ထိရောက်တဲ့ဆောင်ရွက်ချက်တွေ ရှိမလာသလို စစ်ကောင်စီရဲ့ ရက်စက်မှုတွေကလည်း ပိုပိုဆိုးလားပါတယ်၊ ပြည်သူတွေရော NUG အနေနဲ့ရော ရွေးချယ်မှုက နိုင်ငံ တကာရဲ့ စောင့်မျှော်မနေတော့ဘဲ ကိုယ့်အားကိုယ်ကိုးပြီးတော့ ခုခံစစ်တွေစတင်တော့မယ်ဆိုပြီးတော့ ဖြစ်လာတာဖြစ်ပါတယ်”
စစ်ကောင်စီရဲ့ တရားဝင်မှုကို အသိအမှတ်ပြုထားတဲ့ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ် မစ္စတာ ဆုန်ကော့ ရှန်းဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းလောက်က နေပြည်တော်မှာ စစ်ခေါင်းဆောင်တွေနဲ့ သီတင်းတစ်ပတ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါကိုစစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာ မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ လကတည်းက ဘရူနိုင်း နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး (၂) Erywan Yusof ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံ တမန်အဖြစ် အာဆီယံက ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် စစ်တပ်နဲ့ အတိုက်အခံတွေအကြား တွေ့ဆုံဆွေးနွေးနိုင်အောင် ဆောင်ရွက်ပေးဖို့ တာဝန်ပေးအပ်ခဲ့ပေမယ့်လည်း ခုချိန်ထိ မြန်မာပြည်ထဲဝင်ရောက်ဖို့ လမ်းစမမြင်ရသေးပါဘူး။
NUG က နိုင်ငံတစ်ဝန်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် စစ်ကောင်စီကို တော်လှန်ကြဖို့ စက်တင်ဘာ ၇ ရက်နေ့က တိုက်တွန်းနှိုးဆော်လိုက်တာဟာ ပြည်တွင်းရေးအတွက် နိုင်ငံတကာအပေါ် အားကိုးမှုတွေကို လစ်လျူရှုလိုက်တာပဲလို့ ယူဆကြပါတယ်။
NUG ရဲ့ ထုတ်ပြန်ချက်ဟာ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ ပြည်သူတွေအနေနဲ့ ကိုယ့်အား ကိုယ်ကိုးဖို့ နှိုးဆော်လိုက်သလို ခံစားရတယ်လို့ ရန်ကုန် ဒဂုံမြို့သစ်မြောက်ပိုင်းမှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
“ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အခြေအနေက ကိုယ်ကိုယ်တိုင်ပဲငြိမ်းသတ်ရမှာ ဘယ်သူကိုမှအားကိုးလို့ ရမှာမဟုတ်ဘူး၊ နိုင်ငံတကာကိုလည်း ဖိတ်ခေါ်တယ်၊ အသိအမှတ်ပြုတယ်၊ ဒါပေမဲ့လည်း သူတို့ကို အကူအညီတောင်းတာတွေက ထုတ်ပြန်ချက်တွေနဲ့ပဲ ပြီးသွားတာပဲ၊ ဘာမှထိရောက်မှုမရှိဘူး ဒီမှာတော့ အိုးပစ်အိမ်ပစ် အသေအပျောက်တွေက တော်တော်ကြီးကိုများနေပြီ၊ ကိုယ်ကိုယ်တိုင်ဖြစ်နေတဲ့ အခက် အခဲကို ကျွန်တော်တို့က သူများကူညီပေးမှဆိုတဲ့ ထိုင်စောင့်နေလို့တော့ မရတော့ဘူး၊ ကျွန်တော်တို့ ကိုယ်တိုင် တိုက်ထုတ်ပြီးယူမှရမှာ”
စစ်ကောင်စီဘက်ကလည်း CRPH၊ NUG၊ PDF အဖွဲ့အစည်းတွေကို အကြမ်းဖက် မတရားအသင်းတွေအဖြစ် သတ်မှတ်ထားပြီး အဖွဲ့ဝင်တွေ၊ ပါဝင်ပတ်သက်သူတွေကိုလည်း ဥပဒေအရ အရေးယူမယ်လို့ တရားဝင်ကြေ ညာထားပါတယ်။
"နိုင်ငံတကာက ထိရောက်တဲ့ဆောင်ရွက်ချက်တွေ ရှိမလာသလို စစ်ကောင်စီရဲ့ ရက်စက်မှုတွေကလည်း ပိုပိုဆိုးလားပါတယ်"
မြန်မာ့နိုင်ငံရေးဖြေရှင်းဖို့ နိုင်ငံတကာရဲ့ ဖိအားတွေက အရေးပါတယ်ဆိုပေမယ့်လည်း ပြည်တွင်းမှာ ကိုယ့်အား ကိုယ်ကိုးဖို့လည်း လိုအပ်တယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။
“မြန်မာနိုင်ငံအရေးကို နိုင်ငံတကာရဲ့ ဖိအားတွေရဖို့ လုပ်ဆောင်နေသလို ပြည်တွင်းမှာလုပ်နေသူတွေရဲ့ တိုက်ပွဲကလည်း အရေးကြီးနေပါတယ်၊ ပြည်ပအားက ပိုမိုအားကောင်းအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပေမယ့် အားအဖြစ်က ပြည်တွင်းမှာရှိတယ်ဆိုတာ အားလုံးသဘောပေါက်ဖို့တော့ လိုပါတယ်”
တစ်ဖက်နဲ့တစ်ဖက် နိုင်ငံရေးအရ တွေ့ဆုံညှိုနှိုင်းမှုတွေ မလုပ်နိုင်သေးတဲ့ အချိန်ကာလအတွင်း စစ်ရေးအရ တိုက်ခိုက်မယ့်လမ်းစဉ်ကိုသာ ဦးတည်နေကြတာကို တွေ့လာရတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
အခုလို နှစ်ဖက်စလုံးက တွေ့ဆုံဆွေးနွေးဖို့ လမ်းမမြင်သေးတဲ့အချိန်မှာ နှစ်ဖက်တိုက်ပွဲတွေနဲ့ အချိန်ကြာ လာရင် ပြည်သူတွေ ဒုက္ခရောက်မယ့်အရေး စိုးရိမ်မိတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်း က သုံးသပ် ပါတယ်။
“ဒီလိုအားပြိုင်မှုမျိုးမှာ နှစ်ဖက်စလုံးက ကိုယ့်ကိုယ်ကို နိုင်လိမ့်မယ်လို့ပဲ ထင်ကြတာ၊ တွေ့ဆုံညှိုနှိုင်းမှု မလုပ်ချင်တာက ခုက နှစ်ဖက်စလုံးက မလုပ်ချင်ဘူး၊ တဘက်ကလည်း လူထုထောက်ခံမှု အပြည့်ရှိတယ်၊ နိုင်ငံတကာကလည်း ထောက်ခံတယ်ဆိုတဲ့ စိတ်နဲ့ပေါ့နော်၊ တဘက်ကလည်း သူတို့မှာလက်နက် အင် အားနဲ့ နိုင်ငံတော်ရဲ့ ကိုင်ထားနိုင်တယ်ဆိုတဲ့ အတိုက်အခံအင်အားစုကို အချိန်တစ်ခုအတွင်းမှာ ချေမှုန်း နိုင်လိမ့်မယ်လို့ ယူဆတယ်၊ တွေ့ဆုံဆွေးနွေးကြပါ ညှိုနှိုင်းကြပါဆိုတာတွေက နှစ်ဖက်စလုံး နားမဝင်ဘူး၊ အလုပ်မဖြစ်ဘူးပေါ့ တဘဖက်ကလည်း ကိုယ့်ဖာသာကိုယ် ဖြေရှင်းရမယ်ဆိုတဲ့ စစ်ရေးအရ အနိုင်တိုက် နိုင်အောင် ကြိုးစားမယ်လို့ ပြောထားတာပါပဲ”

ဒါကြောင့် နိုင်ငံရေးစကားဝိုင်းပေါ် ရောက်လာနိုင်ရေး ကြားဝင်ပေးစေ့စပ်ပေးမယ့် နိုင်ငံတွေအပေါ် နှစ်ဖက် စလုံးက တလေးတစားနဲ့ ချဉ်းကပ်ခွင့်ပေးကြမယ်ဆိုရင် နိုင်ငံရေးစကားဝိုင်းမှာ တွေ့ဆုံဆွေးနွေးမယ့် အဖြေ တစ်ခုထွက်လာနိုင်မယ်လို့လည်း သူက သုံးသပ်ပါတယ်။
ဒါပေမဲ့ အခုလို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုသာ ဦးတည်သင့်ကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ဝန်းကျင်လောက်ကနေစလို့ ပြည်တွင်းပြည်ပက ထောက်ပြလာခဲ့ပေမယ့် ဒီနေ့အချိန်အထိ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေးအပိုင်းမှာ အောင်မြင်မှုတွေ ထင်ထင်ရှားရှား မတွေ့ခဲ့ရပါဘူး။
ဒါ့ကြောင့် အခုလည်း စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီရဲ့ ဖိနှိပ်ချုပ်ချယ်မှုဒဏ်ကို အဆုံး သတ်မယ့်အရေးအတွက် ပြည်သူတွေဟာ ကိုယ့်ပြည်တွင်းအရေးကို ကိုယ်တိုင်ဖြေရှင်းရမယ့်လမ်းကိုသာ ဦးတည်နေတယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။