အာဏာသိမ်း နှစ်နှစ်အကြာ မြန်မာနိုင်ငံ ပြည်တွင်းစစ်ထဲ ကျဆင်းလာ
2023.01.31
ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းခဲ့တဲ့ ဒုတိယမြောက်နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
စစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက မြေလှန်စနစ်ကို သုံးပြီး ကလေးငယ်တွေ အပါအဝင်၊ အရပ်ဘက် ပြည်သူတွေကို သတ်ဖြတ် နှိပ်စက် ညှဉ်းပန်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်၊ အိမ်ရာ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ အနည်းဆုံး ပြည်သူ ၂၃၀၀ ဝန်းကျင် သတ်ဖြတ်ခံခဲ့၊ တစ်သောင်းခြောက်ထောင်ကျော် ဖမ်းဆီးချုပ်နှောင်ခံခဲ့ကြရပြီး တစ်သန်းကျော် နေရာရွှေ့ပြောင်းကြရ ခုနစ်သောင်းကျော် နိုင်ငံကနေ ထွက်ပြေးခဲ့ကြရပါတယ်။
အဲဒီကိန်းဂဏန်းတွေဟာ တပ်မတော်ဆိုတဲ့ စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုကို မေ့မရအောင် ပြန်လည် သတိပေးနေပြီး မလှန်နိုင်အောင် လုပ်ထားတာလည်းဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အာဏာသိမ်းအပြီး အခြေအနေက အာဏာသိမ်းစစ်တပ်အနေနဲ့ နိုင်ငံကို လုံးဝထိန်းချုပ်ထားနိုင်တာ မဟုတ်သလို ဇွဲနပဲကြီးတဲ့ အတိုက်အခံကလည်း စစ်တပ်ကို ဆက်လက်ခုခံနေတာပါ။
မြန်မာ့သမိုင်းမှာ ပြီးခဲ့တဲ့ စစ်တပ်အာဏာသိမ်းခဲ့တာတွေနဲ့မတူဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဟာ ပြည်သူ့လှုပ်ရှားမှု၊ လက်နက်ကိုင်ခုခံရေး၊ သံရေးတမန်ရေး ဆောင်ရွက်မှုတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။ အဲဒီအချိတ်အဆက်တွေက စစ်တပ်ရဲ့ အလွယ်တကူသိမ်းပိုက်ရေး အစီအစဉ်တွေကို ထိခိုက်သွားစေခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ဦးဆုံးပထမ တုံ့ပြန်ခဲ့တာတွေထဲမှာ ပြည်သူတွေ လမ်းတွေပေါ်ထွက်လာခဲ့ကြတာ၊ အာဏာသိမ်း စစ်ကောင်စီနဲ့မပူးပေါင်းတဲ့ အရပ်ဘက်မနာခံရေး၊ ရုံးမတက်နဲ့ရုန်းထွက် ဆိုတဲ့ CDM လှုပ်ရှားမှုတွေဟာ ထင်ရှားလှပါတယ်။ CDM လှုပ်ရှားမှုဟာ စစ်တပ်အာဏာသိမ်းအပြီးနောက်တစ်နေ့ မန္တလေးမြို့မှာ စတင်ခဲ့တာပါ။
ဆရာဝန်တွေ ဆေးရုံတွေထဲက ထွက်လာခဲ့ကြပြီး အလုပ်ဆက်လုပ်ဖို့ ငြင်းဆိုခဲ့ကြပါတယ်။ အဲဒီနောက် အရပ်ဘက်ဝန်ထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ ရထားဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်လာခဲ့ကြတဲ့အတွက် နိုင်ငံ့စီးပွားရေးလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။

မြန်မာ့သမိုင်းမှာ အကြီးမားဆုံး လူထုဆန္ဒပြပွဲကြီးတွေတချို့ကြောင့်လည်း နိုင်ငံရပ်ဆိုင်းသွားခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒီဆန့်ကျင်ဆန္ဒပြပွဲတွေမှာ၊ လက်နက်မဲ့ပြည်သူတွေကို စစ်တပ်က ပစ်သတ်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်တဲ့အတွက် အသေအပျောက် ကြီးမားခဲ့တာတွေ ရှိခဲ့ပါတယ်။
ပဋိပက္ခ အရှိန်မြင့်လာတာနဲ့အမျှ NUG အမျိုးသားညီညွတ်ရေးအစိုးရက အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံတွန်းလှန်ဖို့ ၂၀၂၁ ခုနှစ် မေလမှာ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ NUG မှာ လက်နက်ချို့တဲ့နေပြီး စစ်ရေးသင်တန်းလည်းမရှိသလို စစ်သည်အဖြစ် ကျောင်းသားတွေ၊ လယ်သမားတွေနဲ့ မြို့ပြဝန်ထမ်းတွေနဲ့ စုဖွဲ့ထားတဲ့ PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပဲရှိခဲ့တာပါ။
အခုအခါ စစ်သည် ခြောက်သောင်းခွဲလောက်ရှိပြီလို့ ခန့်မှန်းရပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က နေရာထိုင်ခင်း ပေးထားပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့အရှေ့နဲ့ မြောက်ဘက်မှာ ဖြစ်ပါတယ်။ အရပ်ဘက်အင်အားစုတွေကို လက်နက်တပ်ဆင်ပေးခဲ့ပြီးတာနဲ့ တော်လှန်ရေးဟာ ပြည်တွင်းစစ်သဖွယ်ဖြစ်သွားဖွယ်ရှိပြီး ဆီးရီးယားလို အခြေအနေမျိုး ဆိုက်ရောက်သွား နိုင်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကော်မရှင်နာမင်းကြီး မစ်ရှဲလ် ဘက်ချလက် (Michelle Bachelet)ကလည်း သတိပေးလိုက်ပါတယ်။
သံတမန်လောကမှာတော့ NUG အမျိုးသားညီညွတ်ရေးအစိုးရဟာ မျက်နှာစာမျိုးစုံမှာ လှုပ်ရှားနေပါတယ်။ ကုလသမဂ္ဂမှာ နေရာရခဲ့တာလည်း အရေးကြီးတဲ့အောင်မြင်မှု ဖြစ်ပါတယ်။ ဒေသတွင်းအဆင့်မှာ အာဆီယံဟာ အချက်ငါးချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို ဆောင်ရွက်နေပါတယ်။ အဲဒီအစီအစဉ်ဟာ စစ်ပွဲတွေရှိနေတဲ့ နိုင်ငံတွေကြား တွေ့ဆုံဆွေးနွေးကြဖို့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းကြဖို့ ဖြစ်ပါတယ်။

မြန်မာအာဏာသိမ်းစစ်ကောင်စီကတော့ အဲဒီအစီအစဉ်ကို လိုက်နာဖို့ အခိုင်အမာငြင်းဆန်ခဲ့ပါတယ်။ အာဆီယံကလည်း မြန်မာကို အဆင့်မြင့်ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ ပိတ်ပင်လိုက်ပါတယ်။ ဒါဟာ အာဆီယံမှာ အရင်ကမပေါ်ပေါက်ခဲ့ဖူးတဲ့ အခြေအနေ ဖြစ်ပါတယ်။ လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားကလည်း မြန်မာကို အာဆီယံဆွေးနွေးပွဲအားလုံးမှာပါ တက်ရောက်ခွင့်ပိတ်ပင်ဖို့ စဉ်းစားနေတာပါ။
တရုတ်ကတော့ မြန်မာ အာဏာသိမ်းစစ်ကောင်စီအပေါ် ကျောထောက်နောက်ခံပြုပေးရေးနဲ့ ပတ်သက်ပြီး အရင်ကထက်စာရင် တွန့်ဆုတ်လာနေပါတယ်။ အခုထိ တရုတ်ထိပ်တန်းခေါင်းဆောင်တစ်ဦးမှ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မတွေ့ဆုံရသေးပါဘူး။ လန်ချန်း -မဲခေါင် ဆွေးနွေးပွဲ တက်ရောက်ဖို့ မြန်မာဘက်က ဖိတ်ကြားခဲ့တာကိုလည်း တရုတ်ဘက်က တုံ့ပြန်ဖို့ ငြင်းဆိုခဲ့ပါတယ်။
လာမယ့်ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပေမယ့် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးနဲ့ တည်ငြိမ်ရေးက ဝေးကွာနေပါသေးကြောင်း The Globe and Mail သတင်းက ဖော်ပြပါတယ်။