တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်း စတင်နိုင်မယ့်အလားအလာ နည်းနေကြောင်း သုံးသပ်ချက်
2023.10.07

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက နိုင်ငံ့စီးပွားရေးဟာ ဆိုးဆိုးဝါးဝါး ကျဆင်းနေပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တစ်ခုပြီးတစ်ခု ထွက်ကုန်လို့ အလုပ်အကိုင်တွေ ရှားပါးနေတဲ့အပြင် ကျပ်ငွေတန်ဖိုး ကျဆင်းပြီး ငွေကြေးဖောင်းပွမှုတွေကြောင့် အစိုးရရဲ့ဝင်ငွေတွေ လျော့ကျနေပါတယ်။ အနောက်နိုင်ငံအများစုရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့်လည်း စစ်ကောင်စီရဲ့ ဝင်ငွေရင်းမြစ်တွေ ပိတ်ကုန်ပါတယ်။
ဒီလိုအခြေအနေမှာ စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ အကောင်အထည်ဖော်မယ့် BRI စီမံကိန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်ပြီး ဒီစီမံကိန်းတွေကနေ ဝင်လာမယ့် ငွေကြေးတွေနဲ့ စီးပွားရေးပြန်တက်အောင် လုပ်ဖို့ကြိုးပမ်းနေပါတယ်လို့ ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းကို အမြန်ဆုံး ပြီးအောင်လုပ်ဖို့ တရုတ်နိုင်ငံကို တိုက်တွန်းခဲ့ပြီး ကျောက်ဖြူနဲ့ မူဆယ်ကို ဆက်သွယ်မယ့် ရထားလမ်း စီမံကိန်းကိုလည်း ပြန်စဖို့ ကြိုးပမ်းနေပါတယ်။ ၂၀၁၁ ခုနှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ ဒီရထားလမ်း စီမံကိန်းဟာ ဒေါ်လာ ၁ ထရီလီယံတန်ဖိုးရှိတဲ့ တရုတ်အစိုးရရဲ့ BRI စီမံကိန်းတွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
BRI စီမံကိန်း ၁၀ နှစ်ပြည့်တဲ့ အခမ်းအနားနဲ့ ညီလာခံကို အခုလ ဘေဂျင်းမြို့မှာ ပြုလုပ်မှာဖြစ်ပေမဲ့ တရုတ်နိုင်ငံဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်း တိုးတက်မှု အခြေအနေ မကောင်းတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားဖို့ မသေချာဘူးလို့ ဆောင်းပါးရှင်က သုံးသပ်ပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ချေးငွေတွေနဲ့ တည်ဆောက်နေတဲ့ စီမံကိန်းတွေဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာမသိမ်းခင်ကတည်းက ပြဿနာအမျိုးမျိုး ကြုံနေရတာပါ။ အာဏာသိမ်းပြီးနောက်မှာတော့ စစ်ရေးပဋိပက္ခ တိုက်ခိုက်မှုတွေ လျှပ်စစ်ဓာတ်အား မလုံလောက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ပိုဆိုးလာနေပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကထွက်တဲ့ ဓာတ်ငွေ့တွေကို တရုတ်နိုင်ငံကို တင်ပို့မယ့် ရွှေဓာတ်ငွေ့ပိုက်လိုင်းကို ဒေါ်လာ ၂.၅ ဘီလီယံ အကုန်ခံပြီး ၂၀၁၇ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ တစ်နှစ်ထဲမှာပဲ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်တစ်နိုင်ငံလုံး လိုအပ်ချက်ရဲ့ ခုနစ်ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနိုင်မယ့် ရေနံချက် စက်ရုံကြီးကို ဖွင့်လှစ်ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ လိုအပ်တဲ့ စွမ်းအင်လောင်စာတွေကို မလက္ကာရေလက်ကြားကနေ ဖြတ်သန်း သယ်ဆောင်နေရတာကို ရှောင်ကြဉ်ဖို့ မြန်မာနိုင်ငံကနေ ဖြတ်သန်းသယ်ဆောင်မယ့် လမ်းကြောင်းဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းကို BRI စီမံကိန်းတစ်ခုအဖြစ် မဟာဗျူဟာကျကျ တည်ထောင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဒီတရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းမှာပါတဲ့ စီမံကိန်းအားလုံး ရပ်တန့်နေပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့နောက် ခုနစ်လအကြာမှာပဲ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို ပြန်စဖို့ ကြိုးစားခဲ့ပေမယ့် ဒေသခံတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုနဲ့ နယ်မြေမငြိမ်သက်မှုတွေကြောင့် ရပ်ထားရပါတယ်။
ဒီစီမံကိန်းတွေ ပြန်စနိုင်ဖို့ နောက်ပြဿနာတစ်ခုက လျှပ်စစ်မီး မလုံလောက်မှုပါ။ ကျောက်ဖြူစီမံကိန်း အပါအဝင် မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေအတွက် လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးဖို့ ဟောင်ကောင် အခြေစိုက် VPower ဆိုတဲ့ ကုမ္ပဏီက တာဝန်ယူထားတာပါ။
နှစ် ၆၀ သက်တမ်းနဲ့ စာချုပ်ချုပ်ထားတဲ့ ဒီကုမ္ပဏီဟာ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် နှစ်လယ်လောက်မှာ ကျောက်ဖြူစီမံကိန်းအတွက် တည်ဆောက်ထားတဲ့အထဲက ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံတစ်ခုကို ရပ်ထားခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၂ ခုနှစ်မှာ နောက်ဓာတ်အားပေးစက်ရုံ တစ်ရုံကို ရပ်ထားလိုက်ပြီး အခုအချိန်မှာ နှစ်ခုလုံးကို အပြီးပိတ်သိမ်းနေပါတယ်။
အခုလို ပိတ်သိမ်းရတဲ့အကြောင်းရင်းက စက်ရုံလည်ပတ်ဖို့ လိုအပ်တဲ့ဓာတ်ငွေ့ ပုံမှန်မပေးနိုင်တာနဲ့ လျှပ်စစ်ဓာတ်အားအတွက် ပေးချေရမယ့်ငွေကို အမေရိကန်ဒေါ်လာနဲ့ ပေးဆောင်ဖို့ သတ်မှတ်ထားတာကို စစ်ကောင်စီက မပေးနိုင်တော့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အခုအချိန်မှာ VPower ရဲ့ ဓာတ်အားပေး စက်ရုံတွေထဲမှာ ၁၃၅ မဂ္ဂါဝပ် စက်ရုံတစ်ရုံပဲ ကျန်နေပြီး ဒီနောက်ဆုံးကျန်တဲ့ စက်ရုံကလည်း မကြာခင်က ပိတ်သွားပြီလို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ လျှပ်စစ်မီးမရရင် ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။
ဒီကြားထဲ စစ်ကောင်စီဟာ ပြီးခဲ့တဲ့မတ်လက ကျောက်ဖြူအနီးတစ်ဝိုက်မှာ လေစွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်ယူမယ့် စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ တရုတ်ကုမ္ပဏီတစ်ခုနဲ့ လက်မှတ်ထိုးခဲ့ပါတယ်။ ဒီစီမံကိန်းတွေက ၂၀၂၅ မှာ အပြီးသတ်နိုင်မှာပါ။ ဒီ လေစွမ်းအင် စီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မယ့် အလားအလာကို တိုင်းတာနေဆဲ ဖြစ်ပေမဲ့ ရလဒ်ဘယ်လိုထွက်ထွက် စစ်ကောင်စီကတော့ လာမယ့်နှစ်မှာ စီမံကိန်းတွေ ဖြစ်အောင် ဆက်လုပ်မယ့် အလားအလာရှိနေပါတယ်။
ကျောက်ဖြူစီမံကိန်းအတွက် သယ်ယူပို့ဆောင်ရေး အခက်အခဲတွေလည်း ရှိနေပါတယ်။ တရုတ်နိုင်ငံဘက်မှာ ကူမင်းကနေ မြန်မာနိုင်ငံနယ်စပ်နားအထိ ရထားလမ်း ဖောက်လုပ်ပြီးစီးခဲ့ပေမယ့် မူဆယ်ကနေ မန္တလေးအထိ ရထားလမ်း ဆက်ဖောက်မယ့်လုပ်ငန်းတွေကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် နှောင့်နှေးနေပါတယ်။
အခုအချိန်မှာ အာဏာသိမ်းထားတာ ၃၂ လကြာလာတဲ့အချိန်မှာ ကျောက်ဖြူစီမံကိန်းနဲ့ အခြား အကြီးစား စီမံကိန်းတွေကို အမှန်တကယ် ဆက်လက်အကောင်အထည်ဖော်နိုင်မယ့် အလားအလာကတော့ နည်းပါးနေပါတယ်။
ကျဉ်းထဲကျပ်ထဲရောက်နေတဲ့ စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ လုံလောက်တဲ့ လျှပ်စစ်မီးရအောင် လုပ်ပေးဖို့နဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းအောင် လုပ်ပေးဖို့တင်မကဘဲ တရုတ်နိုင်ငံဆီက ချေးယူထားတဲ့ ဒေါ်လာသန်းပေါင်းများစွာကို ပြန်ဆပ်နိုင်ပါ့မလား ဆိုတာကိုပါ ထည့်မတွက်ဘဲ တရုတ်စီမံကိန်းတွေဆီက လာမယ့် ငွေလုံးငွေရင်းနဲ့ စစ်အုပ်ချုပ်ရေးကို အသက်ဆက်ဖို့ကိုသာ မျှော်လင့်နေပါတယ်လို့ ဆောင်းပါးရှင်က သုံးသပ်ထားတဲ့အကြောင်း တင်ပြလိုက်ပါတယ်။