ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်ငါးဆယ်
2022.03.18
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆက်ဆံရေးဟာ နှစ် ငါးဆယ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။
မြန်မာ ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးမှာ နှစ်ပြည်ထောင်ကြား အဖုအထစ်ဖြစ်စေတဲ့ ပြဿနာ နှစ်ရပ် ရှိနေတာပါ။ ပထမတစ်ခုက နှစ်နိုင်ငံကြား ပင်လယ်ပြင်ရေပိုင်နက် ပြဿနာ ဖြစ်ပါတယ်။ ဒီကိစ္စကို ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ နိုင်ငံတကာပင်လယ်ပြင် ဥပဒေဆိုင်ရာ သဘောတူညီချက်အရ ၂ဝ၁၂ ခုနှစ် မတ်လက ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ခဲ့ပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ဘင်္ဂလားပင်လယ်အော်အတွင်း တည်ရှိနေကြတာဖြစ်ပြီး နယ်စပ်ချင်း ၁၆၈ မိုင်ကျော် ထိဆက်နေတာပါ။ ဒါ့ပြင် ပင်လယ်အော်အတွင်း သဘာဝ ဘေးအန္တရာယ်အပြင် ပင်လယ်ဓားပြ၊ မူးယစ်ဆေးဝါး၊ လူမှောင်ခို၊ သဘာဝဝန်းကျင် ထိခိုက်ပျက်စီးမှု၊ အကြမ်းဖက်အန္တရာယ် စတဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိနေပါတယ်။
ဒုတိယတစ်ခုက ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာဖြစ်ပါတယ်။ ၁၉၉၁- ၉၂ ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ်အတွင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က ဘင်္ဂလားဒေ့ရှ်ဘက်ကို မောင်းထုတ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရဟာ ရိုဟင်ဂျာပြဿနာနဲ့ အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပါတယ်။
နှစ်နိုင်ငံကြား စီးပွားရေး တိုးတက်မှုဆိုင်ရာ အလားအလာကောင်းတွေ ရှိနေပေမယ့် ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါ့ပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား အနီးကပ် ချည်နှောင်မှု ရှိနေတာဟာ စီးပွားရေးတိုးတက်မှုအတွက် အလားအလာကောင်း ဖြစ်ပါတယ်။ ဒါမှသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ အာဆီယံနဲ့ ဘင်းစတက်အဖွဲ့ဝင် နိုင်ငံတွေနဲ့ ကုန်သွယ်ရေး နဲ့ ရင်းနှီးမြှုပ်နှံရေးတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဒါ့ပြင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တခြားလမ်းကြောင်းတွေလည်း ရှိနေပါ သေးတယ်။ မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ ကျောက်မီးသွေး၊ ကြေးနီ၊ သံဖြူ စတဲ့ သဘာဝသယံဇာတတွေ ကြွယ်ဝတာကြောင့် ဘင်္ဂလားဒေ့ရှ်အတွက် စွမ်းအင် လုံခြုံရေး စိတ်ချရကြောင်းလည်း ဆောင်းပါးက ဆိုပါတယ်။
တစ်ဖက်မှာလည်း သစ်တောနဲ့ သစ်တောထွက်ပစ္စည်းတွေ ရေနံနဲ့ ဓာတ်ငွေ့လို သဘာဝ တရားကနေ ထုတ်ယူတဲ့ ကဏ္ဍတွေမှာ အစဉ်အလာအရ ရင်းနှီးမြှုပ်နှံနေရာက အခုအခါ ထုတ်လုပ်မှုအခြေခံ ရင်းနှီးမြှုပ်နှံမှုဆီကို ကူးပြောင်းလာပြီဖြစ်ပါတယ်။ ဒါ့ပြင် ရေအား လျှပ်စစ်ကဏ္ဍ၊ ခရီးသွားလုပ်ငန်း စတာတွေဟာလည်း အကျိုးရှိတဲ့ ကဏ္ဍတွေဖြစ်ပါတယ်။
ဒီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနှံ့အပြားမှာ ဗုဒ္ဓဘာသာအရ အရေးကြီးတဲ့ ရှေးဟောင်း နေရာတွေ တွေ့ရှိထားတဲ့အတွက် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာဖို့ အလားအလာ ကောင်းတွေ ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့နဲ့ အတူ ဘင်္ဂလားဒေ့ရှ်မှာ ကြွယ်ဝတဲ့ ဗုဒ္ဓဘာသာအစဉ်အလာ ရှိခဲ့ပုံတွေကို ကမ္ဘာက အာရုံစိုက် လာအောင် ဆောင်ရွက်ခဲ့ပါတယ်။ ခေတ်နှောင်းပိုင်း ဗုဒ္ဒဘာသာစေတီပုထိုးတွေ အများအပြား ဘင်္ဂလားဒေ့ရှ်မှာ ရှိနေပါတယ်။
ဘန်ဒါဘန်ခရိုင်အတွင်း တောင်တစ်တောင်ထိပ်က ရွှေစေတီဆိုရင် အင်မတန် သပ္ပာယ် လှပါတယ်။ ဒါကာ၊ စစ်တကောင်းနဲ့ နိုင်ငံ့တခြားနေရာတွေက ဗုဒ္ဓရုပ်ပွားတော်ကြီး တွေဟာလည်း ဘုရားဖူးတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အထူးဆွဲဆောင်မှု ရှိတဲ့နေရာတွေဖြစ်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနှံ့အပြားမှာ ဗုဒ္ဓဘာသာအရ အရေးကြီးတဲ့ ရှေးဟောင်းနေရာတွေ တွေ့ရှိထားတဲ့အတွက် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။
ဒါ့ပြင် ဗုဒ္ဓဘာသာလေ့လာရေး ဌာနတွေလည်း အများအပြားရှိပါတယ်။ တချို့ သမိုင်းဝင် ရှေးဟောင်း နေရာတွေဟာ ဗုဒ္ဓဘာသာဝင်တွေ နဲ့ ဟိန္ဒူဘာသာဝင်တွေအတွက် အရေးကြီးတဲ့နေရာတွေ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ အနာဂတ်မှာ စွမ်းအင်လုံခြုံရေး အတွက် ဓာတ်ငွေ့နဲ့ လျှပ်စစ်ကို ပြင်ပကနေလည်း တင်သွင်းနေတာပါ။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးအနေနဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ ရေနံနဲ့ ဓာတ်ငွေ့ကို ပူးပေါင်းရှာဖွေနိုင်ကြပါတယ်။
ဒါ့ပြင် အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ ရန်ပုံငွေနဲ့ တည်ဆောက်မယ်လို့ အဆိုပြုထားတဲ့ အာရှအဝေးပြေးလမ်းမကြီး တည်ဆောက်ရေး စီမံကိန်းဟာလည်း နှစ်နိုင်ငံကြား ဆက်သွယ်ရေးလမ်းကြောင်း တိုးမြင့်လာစေမှာဖြစ်ပြီး ဓာတ်မြေဩဇာ၊ ပလတ်စတစ်၊ ဘိလပ်မြေ၊ ပရိဘောဂ စတဲ့ ထုတ်ကုန်တွေ ကုန်သွယ်နိုင်မှာဖြစ်ပါတယ်။
ဒီအတွင်း ဘင်္ဂလားဒေ့ရှ်ဟာ သူ့ရဲ့ ဒိုဟာဇာရီနဲ့ ကော့ဇက်ဘဇား ရထားလမ်းစီမံကိန်းကို အပြီးသတ် နိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီရထားလမ်းဟာ အိန္ဒိယ အရှေ့မြောက်ပိုင်း၊ နီပေါနဲ့ ဘူတန်အထိ ပေါက်မယ်လို့ သိရပါတယ်။ တကယ်လို့ အဲဒီလမ်းဟာ အဆိုပြု ထားတဲ့ အာရှ ရထားလမ်းကွန်ရက်၊ အာရှ ကားလမ်းကွန်ရက်တွေက တစ်ဆင့်၊ တရုတ် - အရှေ့တောင်အာရှအထိ တိုးချဲ့နိုင်မယ်ဆိုရင် ဒေသတစ်ခုလုံးအတွက် လုံးဝအကျိုးရှိမှာ ဖြစ်ပါတယ်။ မြန်မာအနေနဲ့လည်း အဲဒီစီမံကိန်းမှာ ပူးပေါင်းပါဝင် သင့်ကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။