စစ်ကောင်စီကို တော်လှန်နေတဲ့အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်း ကျွမ်းကျင်သူတွေသုံးသပ်

“လွန်ခဲ့တဲ့တစ်ပတ်လောက်က တပ်ရင်းတစ်ခုလုံးက အထက်အမိန့်ကို မနာခံတဲ့အဖြစ်မျိုး ဖြစ်လာတာတွေ့ရပါတယ်။ စစ်ခေါင်းဆောင်တွေအနေနဲ့လည်း မြေပြင်တပ်သားတွေကို သိပ်မသုံးတော့ဘဲ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ နည်းလမ်းကို ပိုသုံးလာပါတယ်"

၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ Photo: AFP

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ရက်နေ့က Stimson Center က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်တက္ကသိုလ်က မြန်မာ့အရေးသုတေသီ ဒေါက်တာ ရှိုနာလောင်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ပဋိပက္ခတိုက်ခိုက်မှုတွေကို မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသ၊ ရခိုင် ဒေသ၊ အရှေ့မြောက်၊ အရှေ့တောင်နဲ့အနောက်မြောက် ဆိုပြီး အဓိကစစ်မျက်နှာ ခြောက်ခု ခွဲခြားသုံးသပ်ထားပါတယ်။

“လွန်ခဲ့တဲ့တစ်ပတ်လောက်က တပ်ရင်းတစ်ခုလုံးက အထက်အမိန့်ကို မနာခံတဲ့အဖြစ်မျိုး ဖြစ်လာတာတွေ့ရပါတယ်"

မြန်မာနိုင်ငံက အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို၊ မြန်မာစစ်တပ်နဲ့ ပျူစောထီးအဖွဲ့လို စစ်တပ် သြဇာခံ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ စစ်တပ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေတဲ့ PDF တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆိုပြီး ခွဲခြားသုံးသပ်ထားပြီး၊ အခုအချိန်မှာ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ဘယ်ပြည်နယ်၊ တိုင်းဒေသကြီးမှာမှ ခိုင်ခိုင်မာမာ ခြေကုပ်ယူထားနိုင်ခြင်း မရှိသေးဘူးလို့ သုံးသပ်ထားပါတယ်။

“အခုလို စစ်မျက်နှာတွေ ခွဲခြားသုံးသပ်တဲ့ ရှုမြင်ပုံဟာ အာဏာရှင်ဆန့်ကျင်တဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ အကွဲကွဲအပြားပြား ဖြစ်နေတာကို ပြသဖို့ မဟုတ်ဘဲ ဒီတော်လှန်ရေးလှုပ်ရှားမှုထဲမှာ မတူကွဲပြားတဲ့ အစုအဖွဲ့တွေ ပါဝင်နေတာကို ပြသဖို့ ဖြစ်ပါတယ်။ ကျွန်မအမြင်အရ ပြောရရင်၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ စစ်အာဏာရှင်တွေကို အောင်နိုင်ဖို့ တိုက်ပွဲဝင်ရတာတင် မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့များပြားလှတဲ့ လူမျိုးစုတွေအကြားမှာ ရှိနေတဲ့ စိတ်ဝမ်းကွဲမှုတွေကိုပါ ချုပ်ငြိမ်းပြီး ရင်ကြားစေ့နိုင်တဲ့ အပေါ်မှာလဲ မူတည်နေတယ်လို့ သုံးသပ်ပါတယ်"

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတိုက်ခိုက်မှုတွေကို တည်နေရာအလိုက် လေ့လာသုံးသပ်ချက်အရ၊ အခု ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုတွေဟာ စစ်တပ်နဲ့စစ်တပ်ဆန့်ကျင်တဲ့ အုပ်စုတွေ အကြား တိုက်ခိုက်မှုသက်သက် မဟုတ်ဘဲ မတူကွဲပြားတဲ့ ရည်မှန်းချက်အမျိုးမျိုးရှိနေတဲ့ တိုက်ခိုက်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှု ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာမသိမ်းခင်ကတည်းက စစ်အစိုးရ အဆက်ဆက်ရဲ့ ခွဲခြားအုပ်ချုပ်မှုတွေကြောင့် ရှိနေတဲ့ စိတ်ဝမ်းကွဲပြားမှုတွေကို ကျော်လွှားနိုင်ဖို့ အလွန်အရေးကြီးကြောင်း ဒေါက်တာ ရှိုနာလောင်းက သုံးသပ်ပါတယ်။

မြန်မာစစ်တပ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေအကြား ပူးပေါင်းဆောင်ရွက်မှုရှိဖို့ အရေးကြီးပုံကိုလည်း အရှေ့တောင်ဘက် စစ်မျက်နှာပြင်မှာ KNU နဲ့ KNPP တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒေသခံ PDF တပ်ဖွဲ့တွေကို လေ့ကျင့်သင်ကြားပေးနေပုံနဲ့ ရှိနှင့်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပူးပေါင်းပြီး လှုပ်ရှားနေကြပုံကို ဥပမာကောင်း အဖြစ် ဒေါက်တာ ရှိုနာ လောင်းက ထောက်ပြသွားပါတယ်။

၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Photo: AFP)

ဝါရှင်တန်စစ်တက္ကသိုလ်က မြန်မာ့အရေးသုံးသပ်သူ ပါမောက္ခ ဒေါက်တာ ဇက်ခါရီ အဘူဇာကတော့ မြန်မာစစ်တပ်ဟာ အခုလောက် ကျယ်ပြန့်တဲ့ စစ်မျက်နှာအမြောက်အမြား တစ်ပြိုင်နက်တည်း ဖွင့်ပြီးတိုက်ခိုက်နေရတာမျိုး တစ်ခါမှ မကြုံဘူးဘဲ အခုအချိန်မှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာပါ တိုက်ခိုက်နေရတဲ့အတွက် ဒီဒေသတွေကို အခြေခံတဲ့ ထောက်ပို့လမ်းကြောင်းတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတယ်လို့ သုံးသပ်ပါတယ်။

“မြန်မာစစ်တပ်ဟာ ဒီလောက် ကျယ်ပြန့်တဲ့ စစ်မျက်နှာ အမြောက်အမြားမှာ တိုက်ခိုက်နေရတာမျိုး မကြုံဘူးတဲ့အတွက် အခုဆိုရင် ရှေ့တန်းက တပ်ဖွဲ့တွေအတွက် ထောက်ပို့လမ်းကြောင်းတွေနဲ့ စစ်ဆင်ရေးတွေကို အကြီးအကျယ် ထိခိုက်နေရပါတယ်။ မြန်မာစစ်တပ်ရဲ့ ထောက်ပို့လမ်းကြောင်းတွေဟာ ဗမာလူများစု နေထိုင်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို အခြေခံထားတာဖြစ်ပါတယ်။ အရင်က အဲဒီလမ်းကြောင်းတွေအတွက် စိတ်ပူပန်ရတာမျိုးမရှိခဲ့ပါဘူး။ ချင်းပြည်နယ်နဲ့ အစကတည်းက လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိတဲ့ အနောက်မြောက်ပိုင်း ဒေသတွေမှာ ထောက်ပို့စစ်ကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခံရတာတွေ များလာနေပါတယ်။ ဒါကြောင့် စစ်တပ်ဟာ ရေကြောင်းကနေ သယ်ယူပို့ဆောင်ရေးကို အစားထိုးသုံးလာနေပါတယ်“

အခုအချိန်မှာ မြန်မာစစ်တပ်ဟာ စစ်သည် ဆုံးရှုံးမှု ၁၅ ရာခိုင်နှုန်းလောက်အထိ ရှိနေပြီး ဒါဟာ များပြားတဲ့ ပမာဏဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

မြန်မာစစ်တပ်ရဲ့တပ်ဖွဲ့တွေဟာ သာမာန် ရှိရမယ့် တပ်သားအရေအတွက်ရဲ့ ထက်ဝက်လောက်ပဲရှိနေပြီး တပ်ဖွဲ့ အားလုံး အလွန်အမင်းစစ်ပန်းနေကြကြောင်း၊ မြန်မာစစ်တပ်ဟာ တပ်သားသစ်စုဆောင်းမှုအတွက် အရေးတကြီး ကြိုးစားနေရပြီး၊ တပ်သားသစ်တွေ စုဆောင်းရာမှာလည်း လိုအပ်တဲ့ အရည်အချင်းကို လျှော့ပြီး လက်ခံတာ၊ နည်းအမျိုးမျိုးနဲ့ မက်လုံးပေးတာ၊ ရဲတပ်ဖွဲ့ဝင်တွေကို စစ်သားအဖြစ်ပြောင်းလဲပြီး စစ်မြေပြင်ကို ထွက်ခိုင်းတာ နဲ့ အရပ်သား ပြည်သူ့ စစ်တွေကို ပိုသုံးတာတွေ လုပ်လာနေတဲ့အကြောင်း၊ အခုဆိုရင် ကောင်းကောင်းလေ့ကျင့်သင်ကြားမှုမရှိတဲ့ စစ်သားသစ်တွေနဲ့ ပြည်သူ့စစ်တွေကို သုံးနေရတဲ့အတွက် မြန်မာစစ်တပ်ရဲ့တိုက်ခိုက်မှုစွမ်းရည်က သိသိသာသာ လျော့ကျလာနေတာ တွေ့ရတယ်လို့ ဒေါက်တာ အဘူဇာက ပြောပါတယ်။

မြန်မာစစ်တပ်ကနေ တပ်သားတွေ စွန့်ခွာထွက်ပြေးမှုတွေ ဆက်ဖြစ်နေပေမယ့် စစ်သားအားလုံးဟာ တပ်ထဲမှာပဲ နေထိုင်ရတာ၊ တပ်သားအားလုံးရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို စစ်တပ်ပိုင်ဘဏ်တွေထဲမှာ မဖြစ်မနေ ထားရတာနဲ့ စစ်သားတွေရဲ့ မိသားစုဝင်တွေဟာလည်း စစ်တပ်ပိုင်လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတာအပြင် တပ်သားတွေရဲ့ မိုဘိုင်းဖုန်းကတစ်ဆင့် ဆက်သွယ်ပြောဆိုမှုတွေကို တင်းတင်းကြပ်ကြပ်စောင့်ကြည့်နေတာ စတဲ့ အချက်တွေကြောင့် တပ်သားတွေ စွန့်ခွာထွက်ပြေးမှုက ထင်သလောက်မများသေးတာလို့ ဒေါက်တာ အဘူဇာက သုံးသပ်ပါတယ်။

“လွန်ခဲ့တဲ့တစ်ပတ်လောက်က တပ်ရင်းတစ်ခုလုံးက အထက်အမိန့်ကို မနာခံတဲ့အဖြစ်မျိုး ဖြစ်လာတာတွေ့ရပါတယ်။ စစ်ခေါင်းဆောင်တွေအနေနဲ့လည်း မြေပြင် တပ်သားတွေကို သိပ်မသုံးတော့ဘဲ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ နည်းလမ်းကို ပိုသုံးလာပါတယ်။ မြန်မာစစ်တပ်ဟာ အစကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့နေရာမှာ တိကျသေချာမှု မရှိဘူးလို့ သိထားပါတယ်။ အခု လုပ်နေတဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဟာ ထိုးစစ်ဆင်တိုက်ခိုက်ဖို့ မဟုတ်ဘဲ ဒေသခံအရပ်သားတွေပါ ထိခိုက်နစ်နာအောင် သိမ်းကျုံးပြီး ပစ်ခတ်တာမျိုး ဖြစ်ပါတယ်။ နောက်ပြီး မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်အတွင်းမှာ ဖြတ်လေးဖြတ် နည်းဗျူဟာကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါတယ်။ ဒီနည်းလမ်းနဲ့ ရန်သူ ရှိတဲ့ ဒေသက ဒေသခံ ပြည်သူတွေကိုပါအထိနာပြီး သူတို့ကို အရှုံးပေးလာအောင် လုပ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒီနည်းဗျူဟာက အလုပ်မဖြစ်တော့ပါဘူး"

အခုဆိုရင် အရပ်သားပြည်သူတွေကိုပါ ထိခိုက်အောင် ပစ်မှတ်ထားတိုက်ခိုက်တာတွေ လုပ်လာနေတဲ့အကြောင်း၊ အခုအချိန်မှာ စစ်ကောင်စီဟာ မကြာခင်က ထိပ်ပိုင်း ဗိုလ်ချုပ်အချို့ကို ပိုပြီး အမိန့်နာခံမှုရှိမယ်လို့ ယူဆရတဲ့ အငယ်တန်း အရာရှိအချို့နဲ့ အစားထိုးခဲ့ပြီး၊ အခုအပတ်အတွင်းမှာတင်ပဲ မြန်မာစစ်ခေါင်းဆောင်တွေ အားထားလေ့ရှိတဲ့ ခြေမြန်တပ်မ (LID) တွေက တပ်မှူးအချို့ကိုလည်း ရာထူးကနေ ချထားလိုက်တာ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

ဒါတွေအားလုံးဟာ အာဏာသိမ်းပြီး လပေါင်း ၂၀ ကျော်ကြာလာတဲ့အထိ မြန်မာနိုင်ငံရဲ့နယ်မြေအများစုကို ထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့အတွက် မြန်မာစစ်ခေါင်းဆောင်တွေဟာ တော်တော် စိတ်ပျက်ဒေါသထွက်နေကြတာကို ပြသနိုင်တယ်လို့ ဒေါက်တာ အဘူဇာက သုံးသပ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org