စစ်အာဏာသိမ်း ရက်စွဲများ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုရင်ဆိုရင် တစ်နှစ်တင်းတင်း ပြည့်သွားပါပြီ။ တစ်နှစ်တာကာလအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် အသက်ပေါင်းများစွာ သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းမှာ စစ်မီးတောက်လောင်လာနေသလို၊ တိုင်းပြည်ဟာလည်း ကျရှုံးနိုင်ငံ ဖြစ်လာနေပြီလို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေကြသူများကို တွေ့ရစဉ်။ Photo: MPA

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုရင်ဆိုရင် တစ်နှစ်တင်းတင်း ပြည့်သွားပါပြီ။  တစ်နှစ်တာကာလအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် အသက်ပေါင်းများစွာ သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းမှာ စစ်မီးတောက်လောင်လာနေသလို၊ တိုင်းပြည်ဟာလည်း ကျရှုံးနိုင်ငံ ဖြစ်လာနေပြီလို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ရက်စွဲတွေကို RFA က မှတ်တမ်းတင်စုစည်းဖော်ပြလိုက်ပါတယ်။


ဖေဖော်ဝါရီ (၁)- ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နေပြည်တော်မှာ ဖမ်းဆီးပြီး တပ်မတော်က နိုင်ငံတော်အာဏာကို တစ်နှစ်သိမ်းယူလိုက်ကြောင်း  ကြေညာပါတယ်။

ဖေဖော်ဝါရီ (၂) - စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း မြို့ကြီးတော်တော်များများမှာ ည ၈ နာရီအချိန် သံဗုံးတီးဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီ (၃) - စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM (Civil Disobedience Movement) ကို ဆရာဝန် သူနာပြု ကျန်းမာရေးဝန်ထမ်းတွေက ပထမဆုံး စတင်လိုက်ပါတယ်။

ဖေဖော်ဝါရီ (၄) - မန္တလေးမြို့ ဆေးတက္ကသိုလ်ရှေ့မှာ လူငယ်အယောက် ၂၀ လောက် စစ်အာဏာသိမ်းပြီးနောက်  ပထမဆုံး လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။

ဖေဖော်ဝါရီ (၅) - ရွေးကောက်ခံ NLD ကိုယ်စားလှယ် ၁၅ ယောက်နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းလိုက်ပါတယ်။

ဖေဖော်ဝါရီ (၆) - ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ လူသောင်းနဲ့ချီ ပထမဆုံး လမ်းမပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီ (၈) - လူငါးယောက်ထက် ပိုမစုရ၊ ညမထွက်ရ အမိန့်ကို စစ်တပ်က ထုတ်ပြန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက် ပထမဆုံး မိန့်ခွန်းပြောခဲ့ပြီး တစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပပေးမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ (၉) - နေပြည်တော်ဆန္ဒပြပွဲမှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ဟာ နွေဦးတော်လှန်ရေးမှာ ပထမဆုံးသေဆုံးတဲ့သူ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ (၁၂) -  အကျဉ်းသား ၂၃၃၁၄ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

ဖေဖော်ဝါရီ (၁၆) - စစ်ကောင်စီရဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ဖေဖော်ဝါရီ ( ၂၂) - "နှစ်" ငါးလုံး တော်လှန်ရေးအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာဆန့်ကျင်ရေး အကြီးမားဆုံးဆန္ဒပြပွဲပေါ်ပေါက်ခဲ့ပါတယ်။

ဖေဖော်ဝါရီ (၂၆) - အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက UN မှာ ပြောဆိုပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က မန္တလေးမြို့တွင် ဒေါက်တာတေဇာဆန်း ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေကြစဉ်။ (Photo: MPA)

မတ်လ (၃)    - မန္တလေးမြို့  ဆန္ဒပြပွဲကို စစ်ကောင်စီက ပစ်ခတ်ဖြိုခွဲခဲ့လို့ အသက် ၁၉ နှစ်အရွယ် ယူနန်တရုတ်နွယ်ဖွား မကြယ်စင် သေဆုံးခဲ့ရပါတယ်။

မတ် (၅)     - ရဲတပ်ဖွဲ့နဲ့ တပ်မတော်သား ၂၀၀ ကျော် စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။

မတ် (၈)     -  Mizzima၊ DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ်သတင်းဌာနတို့ကို ထုတ်ဝေခွင့် ပိတ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

မတ်(၁၄)     - ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီက ပစ်သတ်လို့  တစ်ရက်တည်း ၅၁ ဦးသေဆုံးခဲ့ရပါတယ်။

မတ် (၂၁)    - အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို မတရားအသင်းအဖြစ် ကြေညာလိုက်ပါတယ်။

မတ် (၃၁)    - ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းကြောင်း CRPH က ကြေညာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုလိုက်ရှေ့နေ ဒေါ်မင်းမင်းစိုး ပထမဆုံးအကြိမ် အွန်လိုင်းဗီဒီယိုစနစ်နဲ့ နာရီဝက်ကြာ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ CNN သတင်းဌာနရဲ့ နိုင်ငံတကာ သတင်းထောက်ချုပ် Clarissa Ward မြန်မာပြည်ကို ရောက်ရှိလာပါတယ်။

၂ဝ၂၁ ခုနှစ် မတ်လ ၄ ရက်နေ့က နေပြည်တော်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသူများကို တွေ့ရစဉ်။ (Photo: AFP)

ဧပြီ (၉) - ပဲခူးမြို့မှာ စစ်ကောင်စီတပ်တွေ ပစ်ခတ်လို့ တစ်ရက်တည်း သေဆုံးသူ အယောက် ၈၀ ကျော် ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ (၁၆) - CRPH က အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG ကို ဖွဲ့စည်းလိုက်ပါတယ်။

ဧပြီ (၂၄) - ASEAN အစည်းအဝေးကနေ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက်ကို ထုတ်ပြန်လိုက်ပါတယ်။

မေ (၂၄) - ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အထူးတရားရုံးမှာ လူကိုယ်တိုင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ Frontier Myanmar ရဲ့ အယ်ဒီတာ Mr. Danny Fenster ကို စစ်ကောင်စီက ရန်ကုန်လေဆိပ်မှာ ဖမ်းလိုက်ပါတယ်။

ဇွန် (၁၅) - မကွေးတိုင်း ပေါက်မြို့နယ် ကင်းမရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားပြီး သက်ကြီးရွယ်အို လေးယောက် မီးရှို့ သတ်ဖြတ်ခံရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဇွန် (၂၀) - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံကိုတက်ရောက်ဖို့ ရုရှားနိုင်ငံကို ထွက်ခွာခဲ့ပါတယ်။

ဇွန် (၃၀) - ဖမ်းဆီးခံထားရသူ ၂၂၉၆ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါတယ်။

ဇူလိုင်(၁၂) - စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အစုလိုက် အသတ်ခံထားရတဲ့ ရုပ်အလောင်း ၁၅ လောင်း တွေ့ရှိခဲ့ပါတယ်။

ဇူလိုင် (၂၆) - ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က တရားဝင် ကြေညာပါတယ်။

သြဂုတ်(၁)  - စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိမ်စောင့်အစိုးရ ရာထူးရယူခဲ့ပြီး စစ်အာဏာသိမ်းမှုကို ၂၀၂၃ ခုနှစ် သြဂုတ်လထိ တိုးလိုက်ကြောင်း ပြောဆိုပါတယ်။

သြဂုတ် (၄) - မြန်မာ့နိုင်ငံရေးမှာ ကြားဝင်ဆောင်ရွက်ဖို့ အာဆီယံအထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေး ဒုဝန်ကြီး မစ္စတာ Erywan Yusof ကို ခန့်အပ်ခဲ့ပါတယ်။

သြဂုတ် (၆) - ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်တဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို  အမေရိကန်က ဖမ်းဆီးလိုက်ပါတယ်။

သြဂုတ် (၂၁) - တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း(Sun Guoxiang) ဟာ မြန်မာနိုင်ငံကို ရှစ်ရက်ကြာ လာရောက်ခဲ့ပါတယ်။

၂ဝ၂၁ ဇူလိုင်လ ၆ ရက်နေ့က PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်သင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ မြင်ကွင်း။ (Photo: PDF)

စက်တင်ဘာ (၇) - ဒီနေ့ကစပြီး အာဏာသိမ်းစစ်ကောင်စီကို စစ်ရေးနည်းအရ ပြန်လည်ခုခံ တိုက်ခိုက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာလိုက်ပါတယ်။

စက်တင်ဘာ (၂၀) - “လူထုဆန္ဒကို သူ ဘယ်တော့မှဆန့်ကျင်မှာ မဟုတ်ဘူး”  လို့ တရားခွင်တက်တဲ့ ရှေ့နေတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်ပါတယ်။

စက်တင်ဘာ (၂၈) - အမေရိကန် တစ်ဒေါ်လာကို  မြန်မာကျပ်ငွေ ၂၇၀၀ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၂ သိန်းကျော်အထိ ဖြစ်သွားပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ(၁၂) - ဒေါ်အောင်ဆန်းစုကြည်ကို ပေးမတွေ့တာကြောင့် အာဆီယံအထူးကိုယ်စားလှယ် အယ်ရီဝမ်ယူစွပ်ခရီးစဉ် ဖျက်သိမ်းလိုက်ပါတယ်။

အောက်တိုဘာ(၁၂) - အာဏာသိမ်းတဲ့နေ့ မနက်အစောပိုင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အခန်းထဲကို စစ်တပ်အရာရှိကြီးတွေ ရောက်လာပြီး ကျန်းမာရေးအရ ရာထူးကနေ နုတ်ထွက်ပေးဖို့ ဖိအားပေးစေခိုင်းခဲ့တယ်လို့ နေပြည်တော်က အထူးတရားရုံးမှာ သမ္မတဦးဝင်းမြင့်ကိုယ်တိုင် ထွက်ဆိုခဲ့ပါတယ်။

အောက်တိုဘာ (၁၅) - အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် မပြုဖို့ အာဆီယံက ဆုံးဖြတ်လိုက်ပါတယ်။

အောက်တိုဘာ (၂၆) - ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုလိုက်ရှေ့နေတွေ အားလုံးကို သတင်းမထုတ်ပြန်ဖို့ စစ်ကောင်စီက ပိတ်ပင်လိုက်ပါတယ်။

အောက်တိုဘာ (၂၉) - ချင်းပြည်နယ် ထန်တလန်မြို့က ဘုရားကျောင်း၂ ကျောင်းနဲ့ လူနေအိမ်အလုံး ၂၀၀ ကျော်ကို စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့ကြောင်း ဒေသခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကပြောပါတယ်။ NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ကို  ထောင်ဒဏ်နှစ် ၂၀ ချ မှတ်လိုက်ပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့တွင် ၂၀၂၁၊ အောက်တိုဘာ ၂၉ ရက်နေ့က နေအိမ်များ မီးလောင်နေသည့် မြင်ကွင်းကို တွေ့ရစဉ်။ (Photo: The Chinland Post)

နိုဝင်ဘာ (၂) - အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် (Bill Richardson)  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  နေပြည်တော်မှာတွေ့ခဲ့ပါတယ်။

နိုဝင်ဘာ (၉) - ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် ၇၅ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။

နိုဝင်ဘာ (၂၂) - NUG က ငွေတိုက်စာချုပ်တွေ စတင်ရောင်းချခဲ့ပါတယ်။

ဒီဇင်ဘာ(၁) - ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုဒဏ်တွေကြောင့် မြန်မာ့လူဦးရေရဲ့ ထက်ဝက်လောက် ဆင်းရဲမွဲတေမှုအောက်ကို ရောက်သွားနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

ဒီဇင်ဘာ(၁) - ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာအတွက် ဘယ်ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်ပေးမလဲ ဆုံးဖြတ်ချက် အချိန်ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒါကြောင့် NUG နဲ့ ပူးပေါင်းတဲ့ ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ(၅) - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ NLD နာယက သူရဦးတင်ဦးကို ဗဟန်းမြို့နယ်က နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဒီဇင်ဘာ(၆) - ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက ထောင်ဒဏ်လေးနှစ်စီ အသီးသီးချမှတ်လိုက်ပြီး အဲ့ဒီထဲက ၂ နှစ်ကို လျှော့ပေါ့ပေးလိုက်ပါတယ်။

ဒီဇင်ဘာ(၇) - စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဒုံးတောကျေးရွာမှာ ကျေးရွာသား ၁၁ ယောက်ကို စစ်တပ်က ရိုက်နှက်၊ လက်ပြန်ကြိုးတုတ် မီးရှို့သတ်ဖြတ်ခံခဲ့တယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။

ဒီဇင်ဘာ(၈) - မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ထောင်ဒဏ်လေးနှစ် အမိန့်ချမှတ်လိုက်ပါတယ်။

ဒီဇင်ဘာ(၉)  - နိုင်ငံတစ်ဝန်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း အသံတိတ်ငြိမ်သက်သပိတ်မှောက်ခဲ့ကြပါတယ်။

ဒီဇင်ဘာ (၁၇) - ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အထူးတရားရုံးမှာ ထောင်ဝတ်စုံနဲ့  ရုံးထုတ်ခဲ့ပါတယ်။

ဒီဇင်ဘာ (၂၄) - ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာမှာ ဒေသခံအရပ်သား ၃၅ ယောက်ကို စစ်တပ်က မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့  KNDF အဖွဲ့နဲ့ ကရင်နီလူ့အခွင့်ရေးအဖွဲ့က ပြောကြပါတယ်။

ဒီဇင်ဘာ (၂၇) - မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အားပေးထောက်ခံဖို့အတွက် ပြဋ္ဌာန်းချက်အချို့လည်း ပါဝင်တဲ့  National Defense Authorization Act NDAAမှာ ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၇၇၀ ဘီလျံ အသုံးပြုဖို့ အမေရိကန်အစိုးရက ခွင့်ပြုလိုက်ပါတယ်။

ဇန်နဝါရီ (၇) - ဝေဖန်ကန့်ကွက်မှုတွေကြားက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာလာရောက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပါတယ်။

ဇန်နဝါရီ (၁၀) - ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ-၈၊ ဆက်သွယ်ရေးပုဒ်မ- ၆၇ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ-၂၅ အတွက် ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်လိုက်ပါတယ်။

ဇန်နဝါရီ (၁၄) - ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီက အဂတိအမှုငါးမှု ထပ်တိုးတရားစွဲလိုက်ပါတယ်။

ဇန်နဝါရီ (၂၁) - ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက သေဒဏ် ချမှတ်လိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org