MOU စနစ်နဲ့ ထိုင်းရောက် မြန်မာအလုပ်သမား ၁ဝဝဝ ကျော် အလုပ်ဖြုတ်ခံရ

Cal-Comp Electronics စက်ရုံမှ အလုပ်သမားများအား ၂ဝ၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။
Cal-Comp Electronics စက်ရုံမှ အလုပ်သမားများအား ၂ဝ၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။ (Citizen Journalist)

ထိုင်းနိုင်ငံ မဟာချိုင်၊ ဆမွတ်စခွန်မှာ ဖွင့်လှစ်ထားတဲ့ အလုပ်သမား ၃ဝဝဝ ကျော်ရှိတဲ့ Cal-Comp Electronics စက်ရုံမှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမား အယောက် ၁ဝ၆ဝ ဧပြီလ ၁ ရက်နေ့မှာ အလုပ်ဖြုတ်ခံရပါတယ်။ သူတို့ဟာ MOU စနစ်နဲ့ လာရောက်အလုပ်ကိုင်သူတွေဖြစ်ပြီး တချို့က အလုပ်စတင်လုပ်ကိုင်တာ လပိုင်းသာရှိသေးတယ်လို့ RFA ကိုပြောပါတယ်။

အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေကို လုပ်သားအင်အားပိုနေလို့ လျှော့တာလို့ပြောပေမယ့် ကြိုတင်သတိပေးတာ မျိုးလည်း မလုပ်ဘူးလို့ လုပ်သက်နှစ်လနဲ့ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမတစ်ဦးက ပြောပြပါတယ်။

“ကြိုပြီးတော့ နို့တစ်ပေးတာမရှိပါဘူး။ တစ်ရက် လေးလ ၂ဝ၂၃ ခု ကစပြီး အကျုံးဝင်ပါတယ်။ သူတို့က လုပ်သားအင်အား ပိုနေလို့ လျှော့တာလို့ အကြောင်းပြပြီး လျော်ကြေးကတော့ တစ်လစာရပါတယ်။ အဖြုတ်ခံရသူတွေထဲမှာ လုပ်သက် ၂လ သုံးလလောက်ပဲ ရှိသူတွေပါပါတယ်။ လျော်ကြေးက တစ်လစာပဲရတယ်ဆိုတော့ ဘတ် ၁ဝ၅၉ဝ ပဲ ရပါတယ်”

ခုလိုအလုပ်ဖြုတ်ခံရတော့ လုပ်သက်နည်းသူတွေအတွက် အလုပ်ရှာပေးတဲ့ အေဂျင်စီတွေကို ပေးထားတဲ့ ငွေအတွက် အကြွေးတောင် မကျေကြသေးဘူးလို့ ပြောပါတယ်။

အလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်ရဖို့ အေဂျင်စီတွေကို သိန်း ၂ဝ ကနေ ၄ဝ အထိ ပေးခဲ့ရတယ်လို့ ပြောပြပါတယ်။

ခုလိုလုပ်သားအင်အား ပိုလို့ အလုပ်ဖြုတ်တယ်ဆိုရာမှာ စည်းမျဉ်းစည်းကမ်းအရ လုပ်သက်ငယ်တဲ့သူတွေကို အရင်ဆုံး ဖြုတ်လေ့ရှိပေမယ့် လုပ်သက်လေးနှစ်လောက်အထိ ရှိသူတွေလည်းပါတယ်။ လုပ်သက်လေးနှစ်ရှိသူ အလုပ်သမားတစ်ဦးကတော့ လျော်ကြေး ခြောက်လစာရပေမယ့် သူ့မှာနိုင်ငံကူးလက်မှတ်လည်းမရှိ လုပ်သက်မှတ်တမ်းလည်း မရှိတာမို့ နောက်အလုပ်တစ်ခုရှာဖို့ ခက်နေပြီလို့ပြောပါတယ်။

“လျော်ကြေးက လုပ်သက်လေးနှစ်ကို နေ့စားခနဲ့တွက်ပြီး ရက်ပေါင်း ၁၈ဝ စာ ပေးတယ်။ ဒါပေမဲ့ အဆင်မပြေဘူး၊ လက်ရှိဆို ကျွန်တော်တို့က အခက်ခဲတွေရှိတယ်။ နှစ်ကြာသမားဖြစ်ပေမယ့် ကျွန်တော်တို့မှာ ပတ်စ်ပို့မရှိ၊ အထောက်အထား မရှိဆိုတော့ တိုင်းတစ်ပါးမှာ နေရတာ အဆင်မပြေတော့ဘူးပေါ့။ လူဟောင်းတွေလည်း ထိတယ်၊ လူသစ်တွေလည်း ထိတယ်”

အခုဆောင်ရွက်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မဟာချိုင်က အလုပ်သမားအရေးဆောင်ရွက်သူ ဦးအောင်ကျော်ကတော့ စက်ရုံအနေနဲ့ ထိုင်းအလုပ်သမားဥပဒေနဲ့အညီ ဆောင်ရွက်တယ်လို့ သုံးသပ်ပါတယ်။

“လုပ်သားအင်အား လျှော့ချတယ်လို့ စက်ရုံဘက်က ပြောတာ။ သူက ဥပဒေကို ကျော်လွန်ပြီး လုပ်တာမဟုတ်ဘူး။ သူက ထိုင်းဥပဒေနဲ့အညီပဲ လုပ်လိုက်တာ။ ထိုင်းဥပဒေမှာက အလုပ်ရှင်တစ်ဦးဟာ သူလုပ်ငန်းတွေ မလည်ပတ်နိုင်လို့ အင်အားလျှော့ရင် လုပ်သက်အလိုက် နစ်နာကြေးပေးပြီး ရပ်နားပိုင်ခွင့်ရှိတယ်”

ဒါပေမဲ့ အလုပ်ချိန်နှစ်ဆိုင်းဆင်းနေရာက သုံးဆိုင်း ဆင်းနိုင် မဆင်းနိုင်မေးမြန်းတဲ့အခါ မဆင်းနိုင်ဘူးလို့ ပြောသူတွေကို အလုပ်ဖြုတ်တာလို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စက်ရုံကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ အမျိုးသမီးအရာရှိတစ်ဦးက

“Sorry I cannot provide information” ဝမ်းနည်းပါတယ်ရှင်။ ကျွန်မ ဘာသတင်းအချက်အလက်မှမပြောနိုင်ပါဘူးလို့ ဖြေဆိုပါတယ်။ ဒီကိစ္စကို ဘယ်သူဖြေနိုင်မှာလဲလို့ မေးတဲ့အခါ သူ့အထက်အရာရှိအမျိုးသမီးလို့သာ ဖြေပြီး နာမည်မေးမြန်းလို့ မရခဲ့ပါဘူး။

ဒီစက်ရုံမှာ ကွန်ပျူတာအပိုပစ္စည်းတွေနဲ့ တယ်လီဖုန်းအပိုပစ္စည်း၊ နာရီဘက်ထရီအစရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်ပြီး ကုမ္ပဏီရဲ့ အဓိကစက်ရုံဟာ ပစ်ဘူရီခရိုင်မှာ ရှိပါတယ်။ အဲ့ဒီမှာ အလုပ်သမား နှစ်သောင်းခန့်နဲ့ မဟာချိုင်စက်ရုံမှာ အလုပ်သမားစုစုပေါင်း သုံးထောင်ကျော်ရှိပြီး ထိုင်းနိုင်ငံသားတွေအပြင် ကမ္ဘောဒီးယားနိုင်ငံသား တွေပါရှိပေမယ့် မြန်မာလုပ်သားတွေက ၉ဝ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

အခုလို မြန်မာအလုပ်သမားတစ်ထောင်ကျော် အလုပ်ဖြုတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ မြန်မာသံရုံး အလုပ်သမားသံအရာရှိကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်လုပ်လို့မရသလို NUG အလုပ်သမားဝန်ကြီးဌာန CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်ကိုလည်းဆက်သွယ်ပေမယ့် တယ်လီဖုန်း ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။