တစ်နှစ်ကျော်အတွင်း သေဒဏ်အမိန့်ချခံရသူ ၁၀၀ ကျော် ရှိလာ

2022.05.27
တစ်နှစ်ကျော်အတွင်း သေဒဏ်အမိန့်ချခံရသူ ၁၀၀ ကျော် ရှိလာ သေဒဏ်ချမှတ်ခံရသူ ကိုရဲရင့်ဖြိုး၊ ကိုဉာဏ်ဟိန်းထက်၊ ကိုခိုင်မင်းထွန်း၊ ဆုမြတ်သွယ်၊ မဆုဝေနှင်း၊ ကိုပြည့်ဖြိုးသူ၊ ကိုဝေမိုးနိုင်တို့အား တွေ့ရစဉ်
Photo: Myanmar Military

RFA က လက်လှမ်းမီသလောက်ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ မေလ ၁၉ ရက်နေ့အထိ တစ်နှစ်ကျော်အတွင်း စစ်ခုံရုံးကနေ သေဒဏ်အမိန့်ချခံရသူ ၁၁၄ ဦး၊ ထောင် ခုနစ်နှစ်ကနေ ထောင်တစ်သက် အထိ အမိန့်ချခံရသူ ၇၈ ဦး ရှိပါတယ်။

ဒါ့ကြောင့် စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း သေဒဏ်၊ ထောင်တစ်သက် နဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူ စုစုပေါင်း ၁၉၂ ဦး ရှိနေပြီး သူတို့အားလုံး ဥပဒေအရ ခုခံကာကွယ်ခွင့်မရဘဲ အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ တိုက်ရိုက်အမိန့်ချခံရတာဖြစ် ပါတယ်။

“ထောင်ဒဏ်ဆိုရင်လည်း နှစ်ရှည်ထောင်ဒဏ်ပုံစံမျိုး ချမှတ်တယ်ဆိုတာက နောက်လူတွေဆိုရင်လည်း မလုပ်ရဲအောင်ပေါ့နော်"

စစ်ခုံရုံးရဲ့အမိန့်တွေကိုကြည့်ရင် တရားစီရင်ရေးဟာ သီးခြားလွတ်လပ်မှုမရှိဘဲ စစ်အုပ်ချုပ် ရေးရဲ့ လွှမ်းမိုးမှုခံနေရတာဆိုတာ သိသာထင်ရှားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ဥပဒေပညာရှင်တစ်ဦးက ဝေဖန်ပါတယ်။

“ပြစ်မှုထင်ရှားပေါ်ပေါက်နေလို့ ပြစ်ဒဏ်ပေးတော့မယ်ဆိုရင် အပြစ်ပေးခံရမယ့်လူရဲ့ အနာဂတ်ဘဝ အညွန့်မကျိုးဖို့ သူ့ကို အနိမ့်ဆုံးပြစ်ဒဏ် ဘယ်လိုချမလဲဆိုတာကို ကျနော်တို့ကတွေးပြီး ဆောင်ရွက်ရပါတယ်။ သို့သော် လက်တွေ့စစ်ခုံရုံးတွေမှာ တွေ့ရတာတော့ စွဲဆိုလိုက်တဲ့ပုဒ်မကြောင့် အပြစ်မရှိဘူးဆိုပြီး လွတ်မြောက်သွား တာလည်း တစ်မှုမှ မရှိဘူး။ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင်လည်းပဲ အဲဒီပုဒ်မအပေါ်မှာ ပြဋ္ဌာန်းပေးထားတဲ့ အမြင့်ဆုံး ပြစ်ဒဏ်ကိုပဲ အရေးယူအမိန့်ချနေတာ တွေ့တဲ့အတွက် ဒါကတော့ တရားစီရင်မှုအပေါ်မှာ အုပ်ချုပ်ရေးပိုင်းက တစ်စုံတစ်ရာ လွှမ်းမိုးခြယ်လှယ် ပြီးတော့မှ အဲဒီလွှမ်းမိုးမှုအောက်ကနေပဲ အလုပ်လုပ်နေရတဲ့သဘောလို့ ကျနော်တို့ မြင်ပါတယ်”

တရားစီရင်ရေးဆိုင်ရာ မူဝါဒတွေအရ လူတစ်ယောက်ကို တစ်ဘဝလုံး ပျက်စီးသွားစေတဲ့ ပြစ်ဒဏ်မျိုး မပေးရဘူးလို့ ပြဋ္ဌာန်းထားပေမယ့် စစ်ခုံရုံးတွေကတော့ လူတစ်ဦးတစ်ယောက် ရဲ့ ဘဝကို လုံးဝနာလန်မထူဘဲ အညွန့်ကျိုးသွားအောင် လုပ်နေတယ်လို့ သူက ဆိုပါတယ်။

အခု အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခံထားရသူတွေဟာ စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ဆန့်ကျင်ခဲ့ကြတဲ့ ရန်ကုန်တိုင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာပ မြို့နယ်တွေက ဖြစ်ပါတယ်။ အဲဒီမြို့နယ် ခြောက်ခုကို ပြီးခဲ့တဲ့နှစ် မတ်လ ၁၅ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ် ချုပ်ရေး ကြေညာခဲ့တာပါ။

သူတို့ထဲမှာ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားနဲ့ လူငယ်အများစုပါဝင်ပြီး စစ်တပ်အာ ဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြတဲ့ သပိတ်ခေါင်းဆောင်တွေ၊ NUG၊ CRPH၊ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရသူတွေ၊ တိုင်းရင်းသားနယ်မြေတွေမှာ လက်နက်ကိုင် သင်တန်း တက်ရောက်ခဲ့ဖူးသူတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်သတင်းပေးတွေကို သတ်ဖြတ်ရာမှာ ပါဝင်တယ်လို့ စွပ်စွဲခံရသူတွေ ဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လူသတ်မှုကျူးလွန်သူတွေကို ဒီလိုပြစ်ဒဏ်မျိုး မပေးရင် ဘယ်လိုပြစ်ဒဏ် ပေးရမှာလဲလို့ ပြန်ပြီးမေးခွန်းထုတ်ပါတယ်။

“ပြစ်မှုပြစ်ဒဏ် မမျှဘူးလို့ ဘာကြောင့်ပြောတာလဲလို့ပဲ နံပါတ်တစ်ကတော့ မေးခွန်း ထုတ်ချင်တယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ တရားစီရင်ရေးစနစ်သည် ကျနော်တို့က စာအုပ်ထဲမှာ ဒီတိုင်းပြဋ္ဌာန်းထားရင် ဒီတိုင်းပဲ လုပ်ရတာပဲ ဖြစ်တယ်။ အမြင့်ဆုံးပြစ် ဒဏ်နဲ့ အနိမ့်ဆုံး ပြစ်ဒဏ်ကိုတော့ တရားသူကြီးက ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ရတာ ဖြစ်တယ်။ လူငယ်တွေလို့သာ ပြောတာပါ လမ်းလယ်ကောင်မှာ ဒီမိုကရေစီတောင်း တာတို့၊ ဘာတို့ထက် တာယာကွင်းစွပ်ပြီး သတ်ခဲ့တဲ့လူကို သိရဲ့သားနဲ့ ရက်ရက်စက်စက် လူမြင်ကွင်းမှာ သတ်ခဲ့တဲ့လူကို အမြင့်ဆုံး ပြစ်ဒဏ်မပေးလို့ ကျနော်တို့က ဘယ်လိုပြစ် ဒဏ်ပေးရမလဲ”

မြန်မာနိုင်ငံမှာ သေဒဏ်ပေးကွပ်မျက်မှုကို လက်တွေ့လုပ်မယ်ဆိုရင် နိုင်ငံတော်အကြီး အကဲရဲ့ အတည်ပြုချက်လိုအပ်ပြီး သေဒဏ်အမိန့်ချခံရသူတွေကို ၁၉၉၀ နောက်ပိုင်းကစလို့ လက်တွေ့စီရင်တာမျိုးတော့ မရှိသေးပါဘူး။

စစ်ခုံရုံးကနေ ထောင်တစ်သက် ပြစ်ဒဏ်ချမှတ်ခံထားရပြီး အခုလက်ရှိ သာယာဝတီ ထောင်မှာ အကျဉ်းချခံထားရတဲ့ ကိုရန်ပိုင်ထွန်းရဲ့မိခင် ဒေါ်ဌေးဌေးဝင်း ကတော့ ထောင် ထဲက သားနဲ့ အပြင်က မိခင် တစ်ယောက်ကို တစ်ယောက်အားပေးပြီး အသက်ရှင်နေထိုင် ရတယ်လို့ RFA ကို ပြောပါတယ်။

“ထောင်ဝင်စာကတော့ ကျမ ရက် ၂၀ တစ်ခေါက်လောက်ကတော့ ပုံမှန်သွားတွေ့တယ် ရှင့်။ လူချင်းကတော့ တွေ့လို့ မရဘူး။ နေကောင်းတယ်၊ ကျန်းမာတယ်လို့တော့ ပြော တာပဲ။ သူ့စာလေးလည်း တစ်ခေါက်တစ်ခေါက်ရတယ်။ အခု သာယာဝတီထောင် ရောက်နေပြီလေ။ သူကလည်း အထဲထဲကနေ မကောင်းလည်း ကောင်းတယ်ပဲ ပြော မှာပေါ့။ အန်တီကလည်း အပြင်ကနေ မကောင်းလည်း ကောင်းတယ် ပြောရတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ခွန်အားပေးပြီးတော့ အဲလိုပဲ မွေးနေကြတာပေါ့”

ကိုရန်ပိုင်ထွန်းဟာ လှိုင်သာယာ သပိတ်ခေါင်းဆောင် လူငယ်တစ်ဦးဖြစ်ပါတယ်။ သူ အဖမ်းခံရပြီး တစ်လအတွင်းမှာတင် ဥပဒေအရ ခုခံကာကွယ်ခွင့်မရဘဲ စစ်ခုံရုံးကနေ ထောင်တစ်သက် ချမှတ်ခံလိုက်ရတာပါ။ အဲဒီ့နောက် အင်းစိန်ထောင်ကနေ သာယာ ဝတီထောင်ကို သူ ပြောင်းရွှေ့ခံရတာပါ။

မိခင် ဒေါ်ဌေးဌေးဝင်းက သားဖြစ်သူ ပြစ်ဒဏ်လျော့ကျရေးအတွက် ရှေ့နေတွေရဲ့အကူ အညီနဲ့ အယူခံဝင်ပြီး အာဏာပိုင်အဆင့်ဆင့်ထံ အသနားခံစာတင်ပြခဲ့ပေမယ့် မအောင် မြင်ခဲ့ပါဘူး။

court-sentenced.jpg
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ စစ်ခုံရုံးက သေဒဏ်ချခဲ့တဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)နဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်က လူငယ်များအား တွေ့ရစဥ် (Photo: Myawady)

စစ်ကောင်စီရဲ့ စစ်ခုံရုံးတွေကနေ လူငယ်တွေကို ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ်နေတာဟာ နိုင်ငံရေးမှာ လူငယ်တွေ ဆက်ပြီးမပါဝင်ရဲအောင် စံပြလုပ်ပြနေတာလို့ ပုဇွန်တောင်၊ ဗိုလ်တထောင်လူငယ်များ သပိတ်ကော်မတီဝင် မဂျူဝယ်လ် က ပြောပါတယ်။

“ထောင်ဒဏ်ဆိုရင်လည်း နှစ်ရှည်ထောင်ဒဏ်ပုံစံမျိုး ချမှတ်တယ်ဆိုတာက နောက်လူ တွေဆိုရင်လည်း မလုပ်ရဲအောင်ပေါ့နော်။ အဲဒီလို ပုံစံမျိုးအနေနဲ့ သူတို့က လုပ်တာ။ ဒါပေမဲ့ ညီမတို့ လူငယ်တွေရဲ့ စိတ်ဓာတ်ကတော့ ရှေ့ကလူတွေကို ဘယ်လိုမျိုး ပြစ်ဒဏ် တွေပဲ ချမှတ်နေပါစေ ဒီတော်လှန်ရေးကို၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်သည်အထိ ညီမတို့ လူငယ်တွေက ဆက်ပြီးတော့ တော်လှန်သွားမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ပြစ်ဒဏ်ဘယ်လောက်ပဲ ဆိုးနေပါစေ သေဒဏ်တွေရှိတယ်ဆိုတာလည်း ညီမတို့ သိတယ် ပေါ့နော်။ ဒါပေမဲ့ ဘယ်လိုမှ စိတ်ဓာတ်ယိုင်လဲမှု မရှိဘဲနဲ့ ဒီစစ်အာဏာ ရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ဆက်ပြီးတော့ တော်လှန်နေတာပါ”

စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို ကြောက်ရွံ့ပြီး နောက်ဆုတ်သွားရမယ်ဆိုရင် တော်လှန်ရေးဟာ အခုလို တစ်နှစ်ကျော်ကြာတဲ့အထိ ရောက်လာမှာ မဟုတ်ဘူးလို့လည်း မဂျူဝယ်လ် က ပြောသွားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂၆ ရက်အထိ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း နိုင်ငံရေးလှုပ်ရှား မှုကြောင့် ၁၈၆၄ ယောက် အသက်ဆုံးခဲ့ပြီး ၁၃,၈၅၅ ယောက် ဖမ်းဆီးခံထားရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။