မိုးဗြဲနှစ်ဖက်တိုက်ပွဲ ဒေသခံသုံးဦးသေဆုံးပြီး နှစ်သောင်းကျော် ထွက်ပြေးနေရ

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ် မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကြောင့် ဒေသခံသုံးဦးသေဆုံးခဲ့သလို ရွာပေါင်း ၁၀ ရွာက ဒေသခံနှစ်သောင်း ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ မိုးဗြဲဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိ မိုးဗြဲမြို့နယ်အရှေ့ဘက်က ပီကင်းကောခူ၊ ဝါရီကောခူ၊ ဆောင်ကန်း (ရှမ်း)၊ ဆောင်ကန်း (ကယား)၊ ကုန်းသာ၊ ကဖုနဲ့ လယ်ထွန်ရွာ အပါအဝင် ရွာပေါင်း ၁၀ ရွာက ဒေသခံနှစ်သောင်းကျော် ထွက်ပြေးနေရတာပါ။
အဲဒီဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား ငါးရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေပါ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အနည်းဆုံး တစ်ဝက်လောက်ကတော့ ကလေးရော၊ လူကြီးတွေရော ဖျားနေကြတယ်”
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က မိုးဗြဲမြို့နယ်ထဲမှာရှိတဲ့ ပီကင်းကောခူ၊ ဝါရီကောခူနဲ့ ဆောင်ကန်းရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက်လေးနှစ် အရွယ် မိန်းကလေးတစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ မိုးဗြဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဝါရီကောခူမှာ လက်နက်ကြီးက လေးယောက်ထိသွားတယ်။ အပြင်းအထန် ဒဏ်ရာ ရကြတယ်။ ဒီဘက် ပီကင်ကောခူကျတော့ ကလေးတစ်ယောက် ဆုံးသွားတယ်။ ဆောင်ကန်းဘက်ကျတော့ မိဘနှစ်ဦး ဆုံးသွားတယ်၊ ကလေးတစ်ယောက်ပဲ ကျန်ခဲ့တယ်။ ကျမတို့ ဘက်မှာကျတော့ လက်နက်ကြီး မကျဘူးပေါ့။ ဒါပေမဲ့ ရွာနဲ့နီးတဲ့အခါကျတော့ တော်တော်လေး အသံဟိန်းတယ်။ သူတို့ တစ်ချက်ပစ်ပြီဆို သုံးလေးချက်လောက် ဆင့်ပွားသွားတာ။ ဘယ်လိုလက်နက်လဲတော့ မသိဘူး။ တစ်နေရာတည်းမှာပဲ တစ်မိသားစုတည်း သုံးယောက်ထိသွားတာလည်းရှိတယ်”
အဲဒီရွာနှစ်ရွာမှာတော့ တိုက်ပွဲဖြစ်တာ မရှိဘဲ စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ မိုးဗြဲဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေအတွက် ရက်အနည်းငယ်ကြာလာရင် စားဝတ်နေရေး အခက်အခဲ ကြုံလာရနိုင်တယ်လို့ ကရင်နီပြည်ထဲမှာ အကူအညီပေးနေတဲ့ အဖွဲ့ တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ အကုန်လုံးထားပြီးမှ ရှောင်ရတယ်ဆိုတော့ သူတို့မှာ ပြန်ရမလား၊ မပြန်ရ ဘူးလား စောင့်နေကြတာ။ တချို့ကလည်းပြန်လို့ပဲ လက်နက်ကြီးစာတွေမိတယ်။ အခုလောလောဆယ် သူတို့နီးစပ်ရာရွာနဲ့ တိုက်ပွဲမဖြစ်တဲ့ နေရာနဲ့ ပိုဝေးတဲ့နေရာ ရောက်နေတယ်ပေါ့။ အခုလောလောဆယ် ရက်ပိုင်းပဲရှိသေးတော့ ဆန်တစ်အိတ်၊ နှစ်အိတ်လောက် ပါသွားတယ်၊ အဆင်တော့ ပြေသေးတယ်။ ဒါပေမဲ့ ရက်နည်းနည်း ကြာလာရင်တော့ မလွယ်တော့ဘူး။ ကျန်းမာရေးကတော့ အခု (Camp) စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ အနည်းဆုံး တစ်ဝက်လောက်ကတော့ ကလေးရော၊ လူကြီးတွေရော ဖျားနေကြတယ်”
သူတို့ဟာ နီးစပ်ရာဆွေမျိုးတွေဆီ သွားရောက်နေထိုင်ကြသလို စစ်ဘေးဒုက္ခသည် စခန်းတွေမှာလည်း နေထိုင်ကြရပြီး သူတို့အတွက် ဆေးဝါးနဲ့ အစားအသောက်ရိက္ခာတွေ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲ ငါးရက်မြောက်ရှိလာပြီး နှစ်ဖက်ထိခိုက်သေဆုံးတာရှိတယ်လို့ ဖယ်ခုံပြည်သူ့ ကာကွယ်ရေး တပ်ရင်း-၂၊ တပ်ခွဲ-၃ ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုပီတာက RFA ကို ပြောပါတယ်။
“ဒီနေ့မနက်လည်း ကျနော်တို့ ထိတွေ့မှုရှိတယ်။ ဒါပေမဲ့ အရင်နေ့တွေလောက် မပြင်းထန်ဘူး။ အရင်နေ့တွေက နှစ်ဖက်ဆိုင်တာ။ လက်နက်ငယ်နဲ့ပစ်တယ်၊ လက်နက်ကြီးတွေနဲ့ပစ်တယ်။ လွိုင်ကော်အမြောက်တပ်ကနေပြီးတော့ စစ်ကူ ပေးတာပေါ့နော်။ ကျနော်တို့က ဖြစ်တာတော့ လေးရက်ဆက်တိုက် ဖြစ်ပြီးပြီ။ ဒီနေ့ဆို ငါးရက်မြောက်နေ့ဖြစ်ပြီ။ အထိအခိုက်ကတော့ နှစ်ဖက်စလုံးရှိတယ်။ ဒဏ်ရာရတဲ့ ရဲဘော်တွေရှိတယ်။ ကျဆုံးတဲ့ ရဲဘော်တွေရှိတယ်”

စစ်ကောင်စီတပ်ဘက်က အင်အားနှစ်ရာဝန်းကျင်လောက်နဲ့ မိုးဗြဲ - လွိုင်ကော် ကားလမ်း တစ်လျှောက် စစ်ကြောင်းထိုး ရိက္ခာပို့နေတာကို ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ရင်း-၂၊ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်ခွဲ -၂၊ ၃ နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့က ပူးပေါင်းတိုက်ခိုက်နေတာလို့ သူက ဆက်ပြောပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကတော့ အဲဒီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုတွေရှိပေမယ့် အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
“နှစ်ဖက်ထိတွေ့မှုကတော့ ဟိုတစ်ရက် (အောက်တိုဘာ ၂၆) အထိ တစ်နေကုန် ပြောက်ကျားတော့ဖြစ်နေတယ်။ ဖြစ်လိုက်နားလိုက်၊ ဖြစ်လိုက်နားလိုက်ပေါ့။ ရှမ်း-ကယား နယ်စပ်ဘက်ပေါ့။ အဓိကတော့ မိုးဗြဲနဲ့ လွိုင်ကော် လမ်းမကြီးပေါ်မှာရှိတဲ့ ဆောင်ကန်းရွာပေါ့နော်။ နှစ်ဖက်ထိခိုက်မှုကတော့ အင်တာနက်လိုင်းမရသေးတော့ ကျနော်လည်း မသိရသေးဘူး”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ညနေပိုင်းအထိ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းအရ စစ်တပ်က အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် လူတစ်သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဖော်ပြထားပါတယ်။