မွန်ပြည်နယ် ရေကြီးမှု ကလေးသုံးဦးသေဆုံး၊ လူခြောက်ထောင်ခန့် ရေဘေးသင့်
2023.07.20

မွန်ပြည်နယ်ရှိ မော်လမြိုင်၊ မုဒုံနဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ ဇူလိုင်လ ၁၉ ရက် မနေ့က ရေကြီးရေလျှံဖြစ်မှုကြောင့် ကလေးသုံးဦးသေဆုံးပြီး ဒေသခံ ၆၀၀ ကျော်ကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းထားရတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
"ဇေယျာမြိုင် တခြားနေရာတွေနဲ့ ပေါင်းလိုက်ရင် ငါးထောင်၊ ခြောက်ထောင်လောက်တော့ ရှိလိမ့်မယ်”
မော်လမြိုင်မြို့မှာ မိုးများပြီး မနေ့မနက်အစောပိုင်းကစတင်ကာ သီရိမြိုင်၊ ဇေယျာမြိုင်၊ ဈေးချိုတောင်ဝိုင်းနဲ့ ဇေယျာသီရိ စတဲ့ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ရာမှာ သီရိမြိုင် ၈ လမ်းနေ အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေး နှစ်ဦးနဲ့ သီရိမင်္ဂလာ ၁၇ လမ်းက အသက်တစ်နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦး ရေနစ်သေဆုံးသွားတယ်လို့ အဲဒီသေဆုံးသူတွေကို အကူအညီပေးခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့တုန်းက ကလေးသုံးယောက် ဆုံးတယ်။ မနက်ပိုင်းက တစ်နှစ်ခွဲအရွယ် ကလေးတစ်ဦးဆုံးတယ်။ ရေကြီးနေတဲ့အတွက် အိမ်အောက်ကိုပြုတ်ကျပြီး ရေနစ်သေဆုံးတာ။ ညနေပိုင်းကျတော့ သီရိမြိုင်ရပ်ကွက်ထဲမှာ ထမင်းထုပ်လှူနေတဲ့ အချိန် ကလေးနှစ်ယောက် ရေနစ်တယ်ဆိုပြီး ဖုန်းဝင်လာလို့ ရေနစ်တဲ့နေရာသွားပြီး ဝိုင်းဆယ်ရင်းနဲ့မှ ကလေးနှစ်ယောက်ကိုတွေ့တယ်။ ရှာဖွေတာ တစ်နာရီနီးပါးလောက် ကြာသွားတဲ့အခါကျတော့ အသက်မရှင်တော့ဘူး။ ရုပ်အလောင်းပဲ ပြန်ရလိုက်တယ်”
ရေကြီးရေလျှံမှုတွေကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းကြတဲ့ ဒေသခံတွေရှိသလို နေအိမ်တွေမှာပဲ ဆက်လက်နေထိုင်ကြတဲ့ ဒေသခံတွေလည်းရှိပါတယ်။ မော်လမြိုင်မြို့မှာ ရေကြီးရေလျှံမှုတွေ ကြုံနေရတဲ့ ဒေသခံ ခြောက်ထောင်နီးပါးရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“အပြင်ကနေပြီးတော့ လာလှူတဲ့ ထမင်းထုပ်မျှော်ပြီးတော့ ရေပြန်ကျတဲ့အချိန် စောင့်တဲ့သူတွေ တော်တော်များများဆိုတော့ ကယ်ဆယ်ရေးစခန်းတွေမှာလူတွေ သိပ်မလာကြဘူး။ မော်လမြိုင်တစ်မြို့လုံး အနေအထားနဲ့ ဆိုရင်တော့ သီရိမြိုင်၊ သီရိမင်္ဂလာရပ်ကွက်မှာတင် လူက လေးထောင်လောက်ရှိတယ်။ နောက်ပြီးတော့ ဇေယျာမြိုင် တခြားနေရာတွေနဲ့ ပေါင်းလိုက်ရင် ငါးထောင်၊ ခြောက်ထောင် လောက်တော့ ရှိလိမ့်မယ်”
အခုလို ရေကြီးရေလျှံမှုအတွက် မော်လမြိုင်မြို့မှာ ကူညီကယ်ဆယ်ရေးစခန်း နှစ်ခုဖွင့်ထားပြီး ဒေသခံ ၄၀၀ နီးပါး ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ရေးဘေးကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။
“ဈေးချိုတောင်ဝိုင်းလမ်း တောင်ဝိုင်းဥယျာဉ်လမ်းထဲကနေ ဈေးချိုဓမ္မာရုံထဲကို ပြောင်းရွှေ့ခဲ့ပေးရတာရှိတယ်။ ၂၈၀ ကျော် အဲဒီကို ပြောင်းရွှေ့ပေးခဲ့ရတာ။ ဈေးချိုဘက်ပဲ အများဆုံးပြောင်းရွှေ့ခဲ့ရတာပေါ့နော်။ နောက်ပြီး ဇေယျာသီရိဘက် အခြမ်းဆိုရင် တစ်ရာကျော်လောက်ရှိမယ် ခန့်မှန်းပေါ့။ ကယ်ဆယ်ရေးစခန်းက နှစ်ခုရှိတယ်။ ဈေးချိုဓမ္မာရုံတစ်ခုနဲ့ ဇေယျာသီရိ အ-မ-က ကျောင်း အဲဒီမှာ တစ်ခုဖွင့်ထားတယ်”
ဇူလိုင်လ ၂၀ ရက်ဒီနေ့မနက်ပိုင်းမှာ မော်လမြိုင်မြို့ပေါ်က ရပ်ကွက်တချို့ ရေပြန်ကျ သွားပေမယ့် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ ဆက်လက်ဆောင်ရွက်ဦးမယ် လို့လည်း သူက ပြောပါတယ်။
အလားတူ မုဒုံမြို့မှာလည်း ဇူလိုင်လ ၁၉ ရက်မနေ့က မိုးသည်းထန်းပြီး ရေကြီးတဲ့အတွက် မြို့မ အမှတ် ၄ ရပ်ကွက်အတွင်းက မြေနိမ့်ပိုင်းမှာ နေထိုင်ကြတဲ့ ပြည်သူ ၂၀၀ နီးပါးကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မုဒုံမြို့အခြေစိုက် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အုတ်တွင်းတို့ ဘူတာလမ်းတို့ပေါ့နော်။ အဲဒါတွေက နှစ်တိုင်းဖြစ်နေတာပါ။ အုတ်ဖိုဘက်ကျတော့လည်း ရွှေ့ပြောင်းအလုပ်သမားတွေပေါ့ မပြန်တော့ဘဲ တဲလေးတွေထိုးပြီး နေကြတာ။ အဲဒီမှာ မိုးတအားရွာတော့ ရစီးရေလာမရှိဘဲ ရေကပြည့်လာတာ။ ရွှေညောင်ပင် ဓမ္မာရုံဘက်ကို ရွှေ့ပြောင်းထာတာတော့ရှိတယ်”
ဒီကနေ့ ဇူလိုင်လ ၂၀ ရက်မနက်ပိုင်းမှာတော့ မိုးမရွာတော့ဘဲ နေရာတချို့ရေပြန်ကျ သွားပြီလို့ သူက ပြောပါတယ်။
သံဖြူဇရပ်မြို့နယ် ပငရွာမှာလည်း ဇူလိုင်လ ၁၉ ရက်က မိုးသည်းထန်ခဲ့လို့ ဒေသခံ ၁၄၀ နီးပါးကို ကြက်တညင် ဘုရားဓမ္မာရုံကို ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ရေဘေးသင့်သူတွေကို အကူညီပေးနေတဲ့ မုဒုံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပငမှာ ရေတင်တာ ဒီနေ့ နေပူရင်တော့ ပြန်ကျလိမ့်မယ်။ လောလောဆယ်တော့ ရေပြန်မကျသေးဘူး။ တောင်ရေကျလို့ ရေအယ် (ရေတင်ကျန်) တဲ့ သဘောပေါ့။ ရေကြီးတဲ့ အိမ်ထောင်စု ၂၉ စုကိုတော့ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတယ်။ ကျန်တဲ့ဒေသခံတွေကတော့ မိသားစုတွေနဲ့ အိမ်တွေမှာပဲ ဆက်နေကြတယ်”
မော်လမြိုင်၊ သံဖြူဇရပ်နဲ့ မုဒုံမြို့နယ်ထဲက ရေဘေးဒုက္ခသည်တွေကို အကူအညီပေးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ဦးတိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ဒေသခံတွေကတော့ ရေဘေးသင့်သူတွေကို မြို့နယ်စစ်ကောင်စီအဖွဲ့ဝင်တွေက စားနပ်ရိက္ခာတချို့ ထောက်ပံ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ပြည့်စုံလုံလောက်မှု ရှိ၊ မရှိ မသိရသေးပါဘူး။
၂၀၁၉ ခုနှစ်၊ ဇွန်လတုန်းကလည်း မော်လမြိုင်၊ မုဒုံ၊ ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး လူ ရှစ်ထောင်နီးပါး ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင်လ ၁၉ ရက် ထုတ်ပြန်ချက်တွေအရ မော်လမြိုင်မြို့မှာ နှစ်ပေါင်း ၇၁ နှစ်အတွင်း မိုးရေချိန် ၂၂ ဒသမ ၇၅ လက်မနဲ့ မုဒုံမြို့မှာ မိုးရေချိန် စံချိန်တင်မိုးရေချိန် ၁၄ ဒသမ ၀၉ လက်မနဲ့ နှစ်ပေါင်း ၄၂ အတွင်းစံချိန်တင် မိုးရွာသွန်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။