မိုးကုတ်ကနေ ထွက်ပြေးလာသူ တစ်သောင်းခန့် လမ်းမှာပိတ်မိ

အိမ်စီးကားအစီး သုံးရာကျော်နဲ့ ကုန်တင်ကားအစီး ငါးဆယ်ကျော်လည်း အခုထိ ပိတ်မိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့မှ ထွက်ပြေးတိမ်းရှောင်ကြသည့် စစ်ဘေးဒုက္ခသည်ကားများ ပိတ်မိနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ကတွေ့ရစဥ်။ Screenshot Video From Nay Min Kha

ကမ္ဘာကျော် ပတ္တမြားတွေထွက်ရှိတဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့ကိုရရှိဖို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်တွေနဲ့ ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တိုက်ပွဲကြောင့် မန္တလေးကိုထွက်ပြေးလာသူ တစ်သောင်းလောက်ဟာ မိုးကုတ်- မန္တလေးလမ်းပိုင်း သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း၊ လိပ်ကျရွာနဲ့ ကျောက်ဖြူရွာတွေမှာ ပိတ်မိနေတာ ဆယ်ရက်နီးပါး ရှိလာပါပြီ။

“အိမ်စီးကားအစီး သုံးရာကျော်နဲ့ ကုန်တင်ကားအစီး ငါးဆယ်ကျော်လည်း အခုထိ ပိတ်မိနေဆဲ ဖြစ်ပါတယ်”

သပိတ်ကျင်းမှာပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဒီနေ့မနက်မှာ စစ်ကောင်စီတပ်က ဂိတ်ခဏဖွင့်ပေးတာကြောင့် ဆက်ထွက်ခွင့်ရခဲ့ကြပေမဲ့ လိပ်ကျရွာအကျော် ကျောက်ဖြူရွာမှာ ထပ်ပြီးပိတ်မိနေတယ်လို့ အဲဒီမှာရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လမ်းတွေကလည်း ဘုန်းကြီးတွေက ဦးဆောင်ပြီးတော့ ထွက်ရအောင် လုပ်မယ်ဆိုပြီး လိပ်ကျ၊ ဇရပ်ကွင်းကနေ ပြီးတော့ တချို့တွေက တော်တော်များများ ထွက်သွားကြပြီ။ ဒါပေမဲ့ လိပ်ကျအကျော် ကျောက်ဖြူရွာမှာ သောင်တင်နေတယ်။ ကျောက်ဖြူရွာမှာ အကုန်တစ်တန်းကြီးပဲ သောင်တင်နေတယ်”

အိမ်စီးကားအစီး သုံးရာကျော်နဲ့ ကုန်တင်ကားအစီး ငါးဆယ်ကျော်လည်း အခုထိ ပိတ်မိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့မှ ထွက်ပြေးတိမ်းရှောင်ကြသည့် စစ်ဘေးဒုက္ခသည်ကားများ ပိတ်မိနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ကတွေ့ရစဥ်။ (Screenshot Video From Nay Min Kha)

ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ နာတာရှည်လူနာတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သေနတ်ကျည်ဆန် ထိမှန်ထားသူတွေပါတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့လည်း ဆိုပါတယ်။ မိုးကုတ် - မန္တလေးလမ်း မတ္တရာ၊ စဥ့်ကူး၊ ရွှေပြည်၊ ဇရပ်ကွင်းနဲ့ သပိတ်ကျင်းမြို့အနီးမှာ တိုက်ပွဲဖြစ်နေတာကြောင့် ပိတ်မိနေသူတွေ တိုက်ပွဲကြားမှာ အန္တရာယ်ပိုများတယ်လို့ အဲဒီမှာပိတ်မိနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲတွေကမပြီးသေးဘဲ လူတွေက ဇွတ်တိုးနေလို့သာ ဂိတ်ကလမ်းဖွင့်ပေးလိုက်တဲ့သဘောရှိတယ်။ လမ်းကြောင်းရှင်းလို့ ဖွင့်ပေးလိုက်တာ မဟုတ်ဘူး။ အဲဒီတော့ တစ်နေရာမှာတိုက်ပွဲဖြစ်ရင် ထပ်ပိတ်မိနေမှာပဲ။ ဒီဇရပ်ကွင်းတစ်လျှောက်မှာ နေတာထက်စာရင် ပိုဒုက္ခရောက်နိုင်တယ်။ ရသလောက် တိုးမယ်ဆိုပြီး သွားကြတော့ တိုက်ပွဲကြားမှာ ညပ်နိုင်တယ်”

လက်ရှိ မိုးကုတ်မှာ ဖုန်းလိုင်းအများစုနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဆက်သွယ်ရခက်ခဲနေပြီး အခြေအနေတိတိကျကျကိုလည်း မသိကြရဘူးလို့ ဆိုပါတယ်။

ဇူလိုင် ၈ ရက်မနေ့ကလည်း မိုးကုတ်အရှေ့ပိုင်း ငါးမိုင်စခန်းမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က ညပိုင်းအချိန်လောက်မှာ လေယာဥ်တွေနဲ့ ဒရုန်းတွေနဲ့လာကြဲတာ။ ကြဲတော့ မြို့လယ်ရပ်ကွက်က လက်ဖက်ရည်ဆိုင်နားမှာ တစ်လုံးကျတယ်။ ဒါပေမဲ့ လူတော့ အထိအခိုက်မသိရဘူး။ နောက်ပြီး အုန်းပိုင်းမှာကျတာတော့ ကလေးတစ်ယောက် ဆုံးသွားတယ်။ လေးယောက်က ဆေးရုံတင်ထားရတယ်။ မနက်ကတည်းကနေ ပစ်နေကြတာ။ လေယာဥ်တွေနဲ့ ကြဲလိုက်၊ ပစ်လိုက်နဲ့”

မိုးကုတ်အရှေ့ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်မ (၉၉) ကလည်း လေပေါက်၊ ပြန်ခေါင်းနဲ့ ချောင်းကြီးရွာတွေထဲကို လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေအပေါ် တိတိကျကျသိရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးတို့ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မန္တလေးတိုင်းက မိုးကုတ်နဲ့ မတ္တရာမြို့နယ်မှာ ဇွန် ၂၅ ရက်နေ့ကစပြီး TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တွေ ၁ဝ၂၇ စစ်ဆင်ရေး နောက်ဆက်တွဲဆိုပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

လက်ရှိ မိုးကုတ်မြို့အနောက်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ထားပြီး အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ TNLA က ဇူလိုင် ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org