စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ မေလ ၂၅ ရက်ကနေ ဇူလိုင်လ ၄ ရက် ဒီနေ့အထိ ရက်ပေါင်း လေးဆယ်အတွင်း အရပ်သား ၂၈ ဦး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေး သူတွေက ပြောပါတယ်။
မိုးဗြဲမြို့ပေါ် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်း တိုက်ခိုက်တာနဲ့ လူနေရပ်ကွက်တွေထဲ လက်နက်ငယ်နဲ့ မကြာခဏ ပစ်ခတ်ခဲ့တာကြောင့် အခုလို သေဆုံးထိခိုက်များခဲ့တာလို့ ပြောပါတယ်။ နောက်ထပ် လူ နှစ်ဆယ်လောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူအများစုက လက်နက်ကြီးကျည် ထိမှန်တာဖြစ်ပြီး၊ ဒဏ်ရာရသူတွေကတော့ လက်နက်ငယ်နဲ့ ပစ်ခတ်ခံရသူတွေ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ထိခိုက်ဒဏ်ရာ ရတာကျတော့ အယောက် နှစ်ဆယ်၊ သုံးဆယ်ဝန်းကျင်လောက်တော့ ထိခိုက်တာပေါ့။ ရှပ်ထိတာတွေ အဲဒါမျိုးက များတယ်။ နောက်ပြီး သေဆုံးဦးရေကျတော့ မေလ ၂၇ ရက်ကနေ ဇူလိုင် ၄ ရက်နေ့၊ ဒီနေ့အထိပေါ့နော် အဲဒါသေဆုံးတာ လက်နက်ကြီး ထိတာတွေရော ပစ်ခတ်ခံရတာတွေ ၂၈ ဦးလောက် ရှိပြီပေါ့”
စစ်တပ်အာဏာသိမ်းပြီးကတည်းက မိုးဗြဲဆေးရုံလည်း ပိတ်ထားရတာကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေကို ကယားပြည်နယ် လွိုင်ကော်ဆေးရုံနဲ့ ရှမ်းပြည်နယ် အောင်ပန်းဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး တိုက်ပွဲဖြစ်ချိန် လမ်းပိတ်တာ၊ ညနေ ၆ နာရီနောက်ပိုင်း သွားလာလို့ မရတာတွေကြောင့် အခက်တွေ့နေရတယ်လို့လည်း အဲဒီသူက ပြောပါတယ်။
လွန်ခဲ့တဲ့ တစ်လကစလို့ သေဆုံး ရုပ်အလောင်းတွေကို ကောက်ယူခဲ့ပေမယ့် စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် အခု တစ်လအကြာမှ ဘယ်နှဦး သေဆုံးတယ်ဆိုတာကို မှတ်တမ်းပြုစုနိုင်တာလို့လည်း စေတနာ့ဝန်ထမ်း ကိုယ်တိုင်အလောင်းကောက်ယူ စုဆောင်းပေးနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ကိုတော့ အန္တရာယ်တွေ ဘာတွေတော့ မပြုပါဘူး၊ ဒါပေမဲ့ သူတို့ရှိတဲ့ နေရာနားမှာ ဝင်ကောက်ရင်တော့ ခွင့်တောင်းရတယ်ပေါ့။ သူတို့ မရှိတဲ့နေရာတော့ ကိုယ့်ဟာကိုယ် ဒီအတိုင်းပဲ၊ တချို့နေရာကျ ခွင့်တောင်းလည်း မရဘူးပေါ့နော်၊ အခုမှ သူတို့ မရှိတော့မှ ဝင်ကောက်တာပေါ့။ အလောင်းကတော့ တစ်လနီးနီးလောက်ရှိပြီ အဲဒီလိုမျိုး အလောင်းတွေ ကောက်ရတာတွေလည်း ရှိတယ်။ သူတို့ အဲဒီသေဆုံး သူတွေရဲ့ ဆိုင်ရာသင်္ချိုင်းမှာပဲ မြှုပ်တယ်။ ဒီမှာက ဘယ်ရပ်ကွက်က သင်္ချိုင်း၊ ဘယ်သင်္ချိုင်းက ဘယ်နား၊ အဲဒီလိုပေါ့”
မိုးဗြဲမြို့ပေါ်မှာ ဝင်ရောက်လို့မရသေးတဲ့ ရပ်ကွက်တချို့ ဒီနေ့ထိ ရှိနေသေးတာကြောင့် ကယ်ဆယ်ရေး အပြည့်အဝ မလုပ်နိုင်သေးဘူးလို့လည်း သူက ပြောပါတယ်။
မိုးဗြဲမြို့နယ်အတွင်း စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ မိုးဗြဲ PDF နဲ့ ကရင်နီကာကွယ်ရေး တပ်ဖွဲ့တွေကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
"ဒီနေ့အထိပေါ့နော် အဲဒါသေဆုံးတာ လက်နက်ကြီး ထိတာတွေရော ပစ်ခတ်ခံရတာတွေ ၂၈ ဦးလောက် ရှိပြီပေါ့"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း မိုးဗြဲမြို့ မြောက်ဘက်ပိုင်းက စေတီတော် အနီးမှာ သတ်ဖြတ်ခံထားရတဲ့ ဒေသခံ ၁၄ ဦးရဲ့ ရုပ်အလောင်းတွေကို ဇွန်လ ၆ ရက်ကနေ ၈ ရက်နေ့အတွင်း တွေ့ခဲ့ရပြီး ဒီလို သတ်ဖြတ်မှုတွေကို အပြင်းအထန် ရှုတ်ချတယ်လို့ ဇွန်လ ၁၄ ရက်နေ့ကတည်းက ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။
မိုးဗြဲမြို့ပေါ်က အရပ်သားသေဆုံးမှု အများစုဟာ စစ်ကောင်စီတပ်ဘက်က ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာကြောင့် စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူ ကိုဗညားက ပြောပါတယ်။
“ဒီလုပ်ရပ်အားလုံးက ပြန်ကြည့်မယ်ဆိုရင် စစ်ရာဇဝတ်မှု မြောက်တယ်ပေါ့နော်။ တမင်တကာ ရည်ရွယ်ပြီးတော့ သတ်ဖြတ်မှုတွေ ဖြစ်နေတယ်ပေါ့နော်။ တချို့ လုပ်ပုံလုပ်နည်းကို ကြည့်မယ်ဆိုရင် လူသားမျိုးနွယ်စုအပေါ်မှာ ကျုးလွန်တဲ့ဟာတွေ ရှိမယ်။ ဥပမာအားဖြင့် လေယာဉ်ပျံနဲ့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်တာက စစ်ရာဇဝတ်မှုမြောက်တဲ့အပြင် လူထုတွေ အဲဒီအရပ်မှာ နေထိုင်အသက်ရှင်ဖို့အတွက် မဖြစ်နိုင်အောင် တွန်းပို့တဲ့ပုံစံမျိုး ဖြစ်တယ်နော်။ အဲဒါကတော့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စစ်ကောင်စီက ဆက်လက်ပြီး လုပ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ကျွန်တော်တို့ တွေ့မြင်ရပါတယ်ခင်ဗျ”
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို ဖုန်းခေါ်တဲ့အခါမှာလည်း စက်ပိတ်ထားပါတယ်။
ဒေသခံတွေကတော့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မိုးဗြဲမြို့ပေါ်မှာ မြို့လူဦးရေရဲ့ သုံးပုံနှစ်ပုံဖြစ်တဲ့ လူနှစ်သောင်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အခုချိန်ထိ နေရပ် မပြန်နိုင်သေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဒီနေ့အထိ မိုးဗြဲမြို့လယ်ခေါင်မှာ နေရာယူထားပြီး ပြည်ထောင်စု လမ်းမကြီးရဲ့ အောက်ဘက်ခြမ်းက ရပ်ကွက်တချို့မှာသာ ကိုယ့်အိမ်ကိုယ် စောင့်ရှောက်သူတချို့ ကျန်တော့တယ်လို့ ဆိုပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ အချက်လက်တွေအရ ကယားနဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်နဲ့ ကယားပြည်နယ်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ဟာ နှစ်သိန်း ခြောက်သောင်းကျော် ရှိနေပါပြီ။
နိုင်ငံရေးစစ်ရေး အကဲခတ်တွေကတော့ ရှမ်းပြည်နယ် မိုးဗြဲနဲ့ ကယားပြည်နယ်ဟာ စစ်ကောင်စီရဲ့ အမာခံမြို့ဖြစ်တဲ့ နေပြည်တော်နဲ့ နီးကပ်လွန်းတာကြောင့် ကရင်နီကာကွယ်ရေးတပ်တွေဘက်က ပြောက်ကျားနည်းနဲ့ တိုက်ခိုက်နေသလို စစ်ကောင်စီဘက်လည်း နေပြည်တော်ကို ကာကွယ်ဖို့အတွက် လေကြောင်းကနေ အင်အားသုံး ချေမှုန်းနေတယ်လို့ ပြောကြပါတယ်။