မုန်တိုင်းသင့်တောင်သူတွေ လွတ်လပ်တဲ့ အကူအညီလိုအပ်နေ
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်၊ မကွေး၊ စစ်ကိုင်း စတဲ့ဒေသတွေမှာ စပါးအပါအဝင် သီးနှံစိုက် ဧကပေါင်း ခြောက်သောင်းကျော် ပျက်စီးခဲ့ပါတယ်။
-
RFA Burmese
2023-06-07 -
-
-
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ တောင်သူလယ်သမားတွေ ပြည်လည်ထူထောင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ အကူအညီတွေကို လွပ်လွတ်လပ်လပ် ကူညီခွင့်ပေးသင့်တယ်လို့ ဒေသခံတွေနဲ့ တောင်သူလယ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက သီးနှံစိုက်ဧကပေါင်း ခြောက်သောင်းနှစ်ထောင်ကျော် ပျက်စီးသွားတယ်လို့ မေလ ၂၅ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း မကွေးနဲ့ စစ်ကိုင်းတိုင်းက မြို့နယ် လေးမြို့နယ်မှာတင် စိုက်ပျိုးသီးနှံဧကပေါင်း လေးသောင်းနှစ်ထောင်ကျော် ရေလွှမ်း ပျက်စီးခဲ့တယ်လို့ မေလ ၁၉ ရက် နေ့က ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ မုန်တိုင်းမိုးကြောင့် ရွာပေါင်း ၄၉ ရွာက ဂန္ဓမာပန်းစိုက်ခင်းတွေ အပါအဝင် ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း နဲ့ ငရုတ်ဧကပေါင်း တစ်သောင်းလောက် ရေနစ်မြုပ် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီအထဲမှာ ပဲတီစိမ်းစိုက်ခင်းတွေက အများဆုံးလို့ ဆိုပါတယ်။
ပဲတီစိမ်းတွေ ရင့်မှည့်လို့ ခူးဆွတ်ချိန်ရောက်ခါမှ ရေဝင်ပျက်စီးခဲ့တာလို့ ခင်ဦးမြို့နယ် မြင်းဒေါင်းရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ကျီးလန့်စာစားနဲ့ နေနေရတဲ့အချိန် မိုခါမုန်တိုင်းက ဝင်တိုက်လိုက်တဲ့အခါကျတော့ စိုက်ထားတဲ့ ပဲတီခင်းလေးတွေ အကုန်လုံး ရေနစ်တဲ့ဟာနစ်ပေါ့နော်၊ အကုန်လုံးနီးပါး ရေနစ်ပြီးတော့ ပျက်သွားတာပေါ့နော်။ ဒီပဲတီရာသီလေးကို မှန်းပြီးတော့ ရှိသမျှ အားကုန်ပေါ့နော် အားသွန် ခွန်စိုက် လုပ်ထားတဲ့ဟာလေးက အခုလိုနစ်သွားတဲ့အခါကျတော့ တော်တော်လေးလည်း တောင်သူတွေအကုန်လုံး စိတ်ဓာတ်ကလည်း ကျကြတယ်။ မိသားစုစားဝတ်နေရေး ကသီသွားတာပေါ့”
ပဲတီစိမ်းစိုက်ဖို့အတွက် တစ်ဧကကို ငါးသိန်းကျပ်လောက်ရင်းနှီးရပါတယ်။ အခုလိုသီးနှံတွေလုံးဝ ပျက်စီးသွားတော့ ချေးငှားသုံးခဲ့ရတဲ့ စိုက်ပျိုးစရိတ်လည်း အကြွေးတင်နေတယ်လို့ သူကပြောပါတယ်။
လာမယ့် မိုးရာသီအတွက် လှောင်ထားတဲ့မျိုးစပါးကို ဒီကာလမှာ စားသောက်လိုက်ရလို့ ရှေ့နှစ် မျိုးစပါးပါ မရှိတော့ဘူးလို့ တောင်သူလယ်သမားတွေက ပြောပါတယ်။
"လယ်တွေကတော့ အကုန်လုံးပျက်သွားတာပေါ့။ သေသွားတာပေါ့။"
မကွေးတိုင်းမှာတော့ မုန်တိုင်းကြောင့် နှမ်း ၄၉၅၆၉ ဧက၊ ပဲတီစိမ်း ၆၇၆၆ ဧကအပါအဝင် နွေစပါးနဲ့ တခြားသီးနှံ တွေ ပျက်စီးသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စလင်းမြို့နယ်မှာဆိုရင် နှမ်းစိုက်ခင်း ဧက တစ်သောင်းလောက် ရေနစ်မြုပ်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်လနီးပါး သက်တမ်းရှိတဲ့နှမ်းစိုက်ခင်းတွေ စသီးနေချိန်မှာပဲ ရေနစ်မြုပ်သွားတာလို့ စလင်းမြို့နယ် ကညှပ်ရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နှမ်းခင်းက ရက် ၅၀၊ ၅၅ ရက်သားလောက် ရပြီလေ။ ရေက လှိမ့်ကျပြီး တက်လာတာကိုး အဲဒီတော့ လယ်ကွင်းတွေထဲ အကုန်လုံးဖွေးသွားတာ၊ လယ်တွေကတော့ အကုန်လုံးပျက်သွားတာပေါ့။ သေသွားတာပေါ့။ မတ်တပ် သေတာနဲ့လဲသေတာနဲ့ ရေနစ်ပြီးတော့ သေသွားတော့တာပေါ့။ အကုန်လုံးကို လုံးဝသုံးမရအောင် သေသွားတော့တာပေါ့။ မြေဆီ (ဓာတ်မြေသြဇာ) ဆိုတာကလည်း ရလိုက်တဲ့ သူ ခပ်ရှားရှား အကုန်လုံး ရေနစ်သွားတော့ မြေဆီက ရေနစ်တော့ ဘာကောင်းတော့မှာတုန်း အဲဒီလို မျိုးတွေပေါ့”
နှမ်းခင်း တစ်ဧကစိုက်ဖို့ ကျပ်ငွေ ရှစ်သိန်းကနေ ဆယ်သိန်းအထိ ကုန်ကျပြီး စိုက်ခင်းတွေအပြင် နေအိမ်တွေပါ ရေမြုပ်သွားတဲ့အတွက် ပြန်ထူထောင်ဖို့ ခက်နေပြီလို့ သူက ဆိုပါတယ်။
စလင်းမြို့နယ်က နောက်ထပ်တောင်သူတစ်ဦးကလည်း လယ်ယာစိုက်ခင်းတွေ ပျက်စီးသွားတဲ့ အတွက်ကြောင့် လာမယ့်စိုက်ပျိုးရာသီအတွက် အရင်းအနှီးမကျန်တော့ဘူးလို့ ပြောပါတယ်။
“လုပ်စရာကို မရှိတော့ဘူး။ ကူလီသမားလည်း လုပ်စရာမရှိဘူး။ တောင်သူလည်း လုပ်စရာ မရှိဘူး။ လောလောဆယ်ကတော့ ငြိမ်အေးနေရတော့တာပေါ့။ လာမယ့် စပါးရာသီကျမှ စပါးအတွက်ကို လုံးပန်းရမှာပေါ့။ အခု လောလောဆယ်ကတော့ ကိုယ့်အိမ်သန့်ရှင်းရေးနဲ့ ဒီလယ်ထဲယာထဲ စိုက်ဖို့ပျိုးဖို့ ဘယ်အတွက်မှ မလုံးပန်းနိုင်ကြဘူးပေါ့။ နောက်ဆုံးကျရင် မျိုးစပါးက စပြီးဝယ်ရမှာ။ တောင်သူဆိုလည်း အရင်းအနှီးမရှိတော့ဘူး။ အဲဒီလိုပဲ ပြောတတ်တော့တာပေါ့။ ဘယ်က ရရမယ်၊ ဘယ်က ဘယ်လို လုပ်ရမယ်ဆိုတာတော့ ကျွန်တော်တို့လည်း မဝေခွဲနိုင်ဘူးပေါ့”
မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ စိုက်ပျိုးရေးအတွက်အသုံးပြုတဲ့ ကျွဲနွားအပါအဝင် မွေးမြူရေး တိရစ္ဆာန်တွေပါ သေကျေပျက်စီးခဲ့ပါတယ်။ မုန်တိုင်းကြောင့် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ မွေးမြူရေးတိရစ္ဆာန် ငါးသိန်းသုံးသောင်းကျော် သေဆုံးခဲ့တယ်လို့ မေလ ၂၅ ရက်နေ့ မှာစစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မြိုင်မြို့နယ်မှာလည်း စစ်တပ် စစ်ဆေးရေးဂိတ်တွေကြောင့် ဓာတ်မြေသြဇာ သယ်ဆောင်ရ ခက်ခဲတာ၊ စားရိတ်ကြီးတာတွေကြောင့် လာမယ့်မိုးရာသီ စိုက်ရေးပျိုးရေးအတွက်ပါ စိတ်ပူနေရတယ်လို့ သူက ဆိုပါတယ်။
မုန်တိုင်းအဓိက ဝင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာတော့ ကွမ်းသီးခြံတွေ အများဆုံး ထိခိုက်ပျက်စီး ခဲ့ပါတယ်။ ကွမ်းရွက်စိုက်ခင်း၊ ကြက်ပေါင်စေး၊ ဓနိပင်တွေနဲ့ သစ်သီးဥယျာဉ်တွေလည်း ပျက်စီးခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးနဲ့ မင်းပြားမြို့နယ်ကြားက ကွမ်းသီးခြံတွေ အများဆုံးပျက်စီးတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မင်းပြားနဲ့ မြောက်ဦးကြားထဲမှာဆို အကုန်လုံးကွမ်းသီးခြံတွေပဲ။ အုန်းပင်တွေ ကွမ်းသီးပင်တွေ အကုန်နှစ်ပိုင်းပြတ် နှစ်ခြမ်းကွဲ၊ လဲ။ တစ်ဦးမှာ ငါးဧက၊ ခြောက်ဧက၊ လေးဧက၊ ဆယ်ဧက အဲဒီလို ရှိကြတဲ့ လူတွေချည်းပဲ အကုန်ပျက်စီးသွားပါတယ်၊ နည်းနည်းပါးပါးပဲ ကျန်တယ်။ စပါးတွေလည်း (တင်း) ၁၉၀၀၊ ၂၀၀၀ အဲဒီလိုပါ သွားတာတွေလည်း ရှိပါတယ်။ အားလုံး ခက်ခဲကြတာပဲ၊ လယ်သမားတွေလည်း စပါးမျိုး မရလိုက်၊ ဘာမရ လိုက်နဲ့ အခက်အခဲတွေ ရှိပါတယ်”
တစ်နိုင်ငံလုံး အတိုင်းတာနဲ့ မုန်တိုင်းကြောင့် စိုက်ဧကပေါင်း ခြောက်သောင်းကျော် ပျက်စီးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း တောင်သူလယ်သမားအရေး လှုပ်ရှားသူတွေနဲ့ ဒေသခံတွေကပြောပါတယ်။
ဒါကြောင့် ပြည်တွင်း၊ ပြည်ပကူညီမယ့်သူတွေကို လွပ်လပ်ခွင့်ပေးသင့်တယ်လို့ တောင်သူလယ် သမားအကျိုးဆောင်ကွန်ရက် တာဝန်ရှိသူ ဦးဇော်ရမ်းက ပြောပါတယ်။
“ဒီလို သဘာဝမုန်တိုင်းတွေ ဖြစ်လို့ရှိရင် အစိုးရက ကူညီတာထက်ကို ပြည်သူ ပြည်သူချင်းကူညီတဲ့ဟာတွေ၊ နောက်တစ်ခုက နိုင်ငံခြားကနေပြီးတော့ အကူအညီတွေ ရောက်ဖို့အတွက်ကို ဖွင့်ပေးဖို့ လိုတယ်ပေါ့”
သဘာဝဘေးကြောင့် လယ်ယာမြေတွေ ထိခိုက်ပျက်စီးရင် ကူညီဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေမှာ အသေးစိတ် ပြဌာန်းထားပေမယ့် လက်ရှိမှာ စစ်ကောင်စီက အဲဒီဥပဒေအတိုင်း မဆောင်ရွက်သေးဘူးလို့ ဦးဇော်ရမ်းက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရပုဂ္ဂိုလ်တွေကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူ ၁ ဒသမ ၆ သန်းကို ကူညီဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဆီက အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေ တောင်းခံထားတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကမေလ ၂၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။