မိုခါ မုန်တိုင်းကြောင့် သေဆုံးသူ ၁၂ ဦး ထက်မနည်းရှိ

RFA Burmese
2023.05.15
မိုခါ မုန်တိုင်းကြောင့် သေဆုံးသူ ၁၂ ဦး ထက်မနည်းရှိ စစ်တွေမြို့တွင် မုန်တိုင်းတိုက်ခတ်ပြီးနောက် ပျက်စီးခဲ့သည့်မြင်ကွင်းကို ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက် မနက်ပိုင်းက တွေ့ရစဉ်။
U San Myat Shwe

RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းအရ မေလ ၁၄ ရက် မနေ့က ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၁၂ ဦး ရှိသွားပါပြီ။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး၊ ဧရာဝတီတိုင်း ရေကြည်နဲ့ တောင်ကုတ်မြို့နယ်က အသက် ၂၀ ကျော်အရွယ် အမျိုးသား နှစ်ဦး၊ ကျောက်တော်မြို့နယ်က အသက်အရွယ် မသိရသေးတဲ့ အမျိုးသား လေးဦး၊ စစ်တွေမြို့က ဒေသခံ တစ်ဦး၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့က အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊ ရှမ်းပြည်နယ် တာချီလိတ်မြို့က အသက် ၂၀ ကျော်အရွယ် လူငယ် ဇနီးမောင်နှံနဲ့ မကွေးတိုင်း ဆင်ဖြူကျွန်းမြို့နယ်က အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တာပါ။

တာချီလိတ်တွင် မြေပြိုကျပြီး သေဆုံးခဲ့သည့် ရုပ်အလောင်းနှစ်လောင်းအား ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့က လူမှုကူညီရေးအသင်းမှ သယ်ဆောင်ခဲ့စဉ်။ (ဓာတ်ပုံ - ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်း)
တာချီလိတ်တွင် မြေပြိုကျပြီး သေဆုံးခဲ့သည့် ရုပ်အလောင်းနှစ်လောင်းအား ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့က လူမှုကူညီရေးအသင်းမှ သယ်ဆောင်ခဲ့စဉ်။ (ဓာတ်ပုံ - ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်း)

စစ်ကောင်စီရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ မုန်တိုင်းကြောင့် သေဆုံးသူ သုံးဦးသာ ဖော်ပြထားပြီး သာသနိက အဆောက်အအုံ၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေအပါအဝင် နိုင်ငံတစ်ဝန်းက အဆောက်အအုံ တစ်ထောင်ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့ဟာ တစ်မြို့လုံးနီးပါး ထိခိုက်ပျက်စီးသွားတယ်လို့ စစ်တွေမြို့ လမ်းမတော် တောင်ရပ်ကွက်မှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"၁၀၀ မှာ ၁၀၀ ဆိုးဆိုးရွားရွားပဲ ပျက်စီးတယ်။ အိမ်ရှေ့က ဘုန်းတော်ကြီးကျောင်းဆိုရင် တစ်ခုမှ အကောင်းပြန်မရဘူး၊ အကုန်ပျက်စီးတာပဲ။ တစ်အိမ်မှ မကျန်ဘူး၊ ပျက်စီးတာ ကလေ။ ရေက တက်တယ်။ ကျွန်မတို့အိမ်ဆို အိမ်အောက် အပြည့်ပဲ။ အခုလည်း ဆားငန်ရေတွေကျန်လို့ သန့်ရှင်းရေး လုပ်နေကြရတယ်။ ခြေချစရာ နေရာကို မရှိဘူး။ တော်တော်ပျက်စီးတာပဲ အိမ်တွေကလေ။ နွံတွေ အိမ်အောက်တွေမှာ ကျန်ခဲ့တာလေ။ မီးကလည်း မလာတော့ ရေဝပ်တွေက လုပ်လို့ မရသေးဘူး။ ပျက်စီးတဲ့ အိမ်တွေက လည်း အများကြီးပဲ။ ကျွန်မတို့ အိမ်ကျတော့ အိမ်ခေါင်မိုး မပျက်စီးရုံတစ်မယ်ပဲ၊ အိမ်အောက်တွေဆို ရေတွေနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး"

ဆက်သွယ်ရေး တာဝါတိုင်တွေ ပျက်စီးပြီး ဓာတ်တိုင်အားလုံးနီးပါး ပြိုလဲသွားတာကြောင့် လျှပ်စစ်မီး၊ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ သူက ဆိုပါတယ်။

"၁၀၀ မှာ ၁၀၀ ဆိုးဆိုးရွားရွားပဲ ပျက်စီးတယ်။ အိမ်ရှေ့က ဘုန်းတော်ကြီးကျောင်းဆိုရင် တစ်ခုမှ အကောင်းပြန်မရဘူး၊ အကုန်ပျက်စီးတာပဲ။ တစ်အိမ်မှ မကျန်ဘူး၊ ပျက်စီးတာကလေ"

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ မုန်တိုင်းကြောင့် ရခိုင်၊ ဧရာဝတီနဲ့ ချင်းပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်း က နေအိမ် ၈၆၄လုံး၊ သာသနိက အဆောက်အအုံ ၁၁လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ခုနစ်ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃၈ လုံး ပျက်စီးသွားတယ်လို့ ဖော်ပြပါတယ်။

စစ်တွေမြို့ပေါ်မှာ ဒီနေ့ မေလ ၁၅ ရက်နေ့ မနက်ပိုင်းကစလို့ ရှင်းလင်းရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်နေပြီလို့ အမည်မဖော်လိုတဲ့ စစ်တွေမြို့က မီးသတ်ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်တွေမြို့မှာ ရေကတော့ ကုန်းနိမ့်ပိုင်းတွေမှာ ငါးပေလောက်အထိ ရှိသေးတယ်။ ထိခိုက် ဒဏ်ရာရကြတာတော့ တော်တော်များများ အများကြီး ရကြတာပေါ့နော်။ နောက်ပြီး မုန်တိုင်း ဘေးရှောင်တဲ့သူ တော်တော်များများ ရှိသေးတယ်။ အခု လောလောဆယ် လက်ရှိမှာတော့ မနေ့ညတုန်းက တိုက်ခဲ့တဲ့လေက ည ၈ နာရီခွဲ လောက်မှာ ပြီးသွားတဲ့အတွက် ကျွန်တော်တို့ နေလို့တော့ မရသေးဘူးပေါ့နော်။ စစ်တွေမြို့ကို ပြန်လို့မရသေးတဲ့ အခြေအနေမှာ ရှိတယ်။ ကျွန်တော်တို့ ဒီရခိုင် ပြည်နယ်အစိုးရက ကိုယ့်မြို့ကို ပြန်ပြီး နေခိုင်ခွင့်ရှိတယ်လို့ ကြေညာမှပဲ နေထိုင်ခွင့် ရမှာပေါ့နော်။ အခုလောလောဆယ်ကတော့ လေဘေးရော၊ ရေဘေးရော၊ ထိခိုက် ဒဏ်ရာ ရထားတဲ့အတွက် နေလို့တော့ မရသေးဘူးပေါ့"

မုန်တိုင်းကြောင့် စစ်တွေမြို့မှာတင် လူ ၂၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သူက ဆိုပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနရဲ့ ၂၀၁၉ စက်တင်ဘာလကုန်ထိ စာရင်းအရ စစ်တွေမြို့နယ်မှာ ရပ်ကွက် ၃၃ ရပ်ကွက်၊ ကျေးရွာပေါင်း ၈၈ ရွာ ရှိပြီး မြို့ပေါ်နဲ့ ကျေးလက်နေ လူဦးရေ စုစုပေါင်း သုံးသိန်းတစ်သောင်းကျော်ရှိ ပါတယ်။ မြို့ပေါ် အိမ်ထောင်စု နှစ်သောင်းခွဲနီးပါးနဲ့ ကျေးလက်နေ အိမ်ထောင်စု လေးသောင်းနီးပါး ရှိပါ တယ်။ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေကတော့ မုန်တိုင်း ဦးတည်ဝင်ရောက်ခဲ့တဲ့ စစ်တွေမြို့နယ်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ အပျက်အစီးတွေနဲ့ ပြည့်နေတယ်လို့ ပြောပါတယ်။

မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် စစ်တွေမြို့အဝင် မုခ်ဦးအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: U San Myat Shwe)
မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် စစ်တွေမြို့အဝင် မုခ်ဦးအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: U San Myat Shwe)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာလည်း မုန်တိုင်းကြောင့် အိမ်ခြေ လေးထောင်ခန့်၊ မြောက်ဦးမြို့မှာ အိမ်ခြေ နှစ်ထောင်ခန့်၊ ပုဏ္ဏားကျွန်းမြို့မှာ အိမ်ခြေ ၃၀၀ ခန့် ထိခိုက် ပျက်စီးသွားတယ်လို့ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မြို့အလိုက် မီးသတ်ဌာန ဝန်ထမ်းတွေက ပြောပါတယ်။

မိုခါမုန်တိုင်း တိုက်ခိုက်ခဲ့တဲ့ မနေ့က တစ်ရက်တည်းမှာတင် ကျောက်တော်မြို့နယ်မှာ ဒေသခံအမျိုးသား လေးဦး သစ်ပင်ပိပြီး သေဆုံးခဲ့တယ်လို့ ကျောက်တော်မြို့နယ် ပရဟိတအဖွဲ့က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"သေတာက လေးဦး၊ ဒဏ်ရာရတာက ၃၂ ဦးပါ။ အကုန်လုံးက ကျားလို့ သိထားပါတယ်။ သစ်ပင်ပိပြီးတော့ သေတာ၊ မနေ့က ကယ်ဆယ်ရေး လုပ်နေတဲ့အချိန် သူတို့ဆီက ဖုန်းဆက်လာတာ။ သေတဲ့ အချက်လောက်ပဲ ရလိုက်တယ်။ သူတို့နဲ့ စကားဆုံးအောင် မပြောလိုက်ရဘူး။ နာမည်စာရင်းတွေတောင် မရလိုက်ဘူး။ ဒီလိုဖြစ်နေတယ်ဆိုပြီး အတင်းကို အကူအညီခေါ်တာ။ အဲဒီနောက်ပိုင်းကတည်းက ဖုန်းအဆက်အသွယ် မရတော့ဘူး။ လေးဦးကတော့ အတည်ယူလို့ ရပါတယ်။ နာမည်တွေတော့ ကျွန်တော်တို့ဆီကို မရောက်သေးဘူး"

ကျောက်တော်မြို့ရဲ့ အထင်ကရ မဟာမုနိဘုရားကြီးက ဘုရားတန်ဆောင်းနဲ့ အမိုးအကာ တချို့လည်း မုန်တိုင်းနဲ့အတူ လွင့်ပါ ပျက်စီးသွားတယ်လို့ သူက ဆိုပါတယ်။

မုန်တိုင်းမဖြစ်ခင်ကတည်းက စစ်တွေ ဒေသခံ ၅၀၀၀ ကျော် ကျောက်တော်မြို့က ဟိုတယ်နဲ့ ဘုန်းကြီးကျောင်းတွေကို မုန်တိုင်းလာရှောင်ခဲ့ပေမယ့် အခု မုန်တိုင်းပြီးချိန်မှာ စစ်တွေ- ကျောက်တော်- မြောက်ဦးကားလမ်းတွေ ပျက်စီးကုန်တာကြောင့် နေရပ်မပြန်နိုင်သေးပါဘူး။

ကျောက်တော်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ငါးခုနဲ့ ကျေးရွာအုပ်စု ၈၄ စု ရှိပြီး မုန်တိုင်း ကြောင့် အိမ်ခြေ လေးထောင်နီးပါး ပျက်စီးသွားတယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မင်းပြားမြို့ပေါ်က ထိခိုက်ပျက်စီးမှုများကို မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မင်းပြားမြို့ပေါ်က ထိခိုက်ပျက်စီးမှုများကို မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်မှာတော့ မုန်တိုင်းကြောင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းနဲ့ အိုးအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးနေတယ်လို့ မင်းပြားမြို့ခံတစ်ဦးက ပြောပါ တယ်။

“အမိုးတွေ အကုန်လန်သွားကြတယ်။ ပြီးတော့ ဈေးရှေ့က ဆိုင်းဘုတ်တွေ တော်တော် များများ ပျက်စီးတယ်။ အိမ်တွေမှာ ထုတ်ထားတဲ့ ဆန်းရှိတ် (နေကာ) လိုမျိုးတွေပေါ့ အဲဒါတွေ တော်တော်များများ ပျက်စီးတယ်။ အပင်တွေလဲတယ်၊ ဓာတ်ကြိုးတွေ ပြတ်တယ်၊ ဖုန်းလိုင်းတွေ ပြတ်နေတယ် အခုလောလောဆယ်။ ဖုန်းလိုင်းတွေကတော့ MPT တို့၊ တယ်လီနောတို့ ပျက်တယ်။ လျှပ်စစ်မီးအခြေအနေကတော့ အခုချိန်ထိတော့ ပျက်နေတုန်းပဲ။ ဘယ်ချိန် ပြန်လာမယ်လို့တော့ ပြောလို့မရသေးဘူး။ မင်းပြားရဲ့ ရွာဘက်တွေမှာတော့ တော်တော်ထိကြတယ်။ ရွာတွေမှာ အိမ်တွေကတော့ မခိုင်ခံ့တာတွေကြောင့် အကုန်လုံး ပြိုတာတွေဘာတွေ ရှိတယ်။ အမိုးလန်တာတွေ ရှိတယ်”

ရခိုင်ပြည်နယ်က ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်း အခြေအနေ သိနိုင်ဖို့ ရခိုင် ပြည်နယ် စစ်ကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရခိုင်ပြည်နယ်လိုပဲ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ မှာလည်း နေအိမ်တစ်သောင်းကျော် ထိခိုက်ပျက်စီးသွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

နေအိမ်အများစုဟာ လေကြမ်းတိုက်ခတ်မှု၊ မြေပြိုမှု၊ ရေစီးကြောင်းနဲ့ မျောပါမှုတွေကြောင့် ပြိုလဲပျက်စီး ကုန်တယ်လို့ ကော့ဘဇားခရိုင် ကူတုပါလောင် ဒုက္ခသည်စခန်းက ကိုအောင်မြိုင် က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ စခန်တစ်ခုတည်းမှာတင် ပျက်စီးတာ ၅၀၀လောက်ရှိတယ်။ လေတိုက်တာရော၊ မြေပြိုကျတာရော လေကြမ်းတာရောကြောင့်ပေါ့၊ မနေ့က ဘင်္ဂလားစံတော်ချိန် ညနေ ၅ နာရီမှာ မုန်တိုင်းပြီးသွားပါတယ်။ ဒုက္ခသည်စခန်း အားလုံးပေါင်းလိုက်ရင် တစ်သောင်းလောက်ရှိပါတယ်။ နေအိမ်အကုန်ပြိုသွားတာရော တစ်ဝက်ပဲ ပြုတာရောပေါ့၊ သက်ဆိုင်ရာ အဖွဲ့တွေကတော့ ပျက်စီးတဲ့ နေအိမ်တွေကို စာရင်းလိုက်ကောက်နေတယ်၊ ဝါးနဲ့ တာလပတ်တွေ ထောက်ပံ့ပေးမယ်လို့ မျှော်လင့်ပါတယ်"

နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ရတဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့မှာတော့ ကံကောင်းထောက်မစွာနဲ့ မိုခါ မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွား မခံစားလိုက်ရဘူးလို့ လူမှုကူညီရေးလုပ်နေတဲ့ လပွတ္တာနှလုံးသားအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"မိုးသက်လေပြင်းတော့ တစ်ချက်တစ်ချက်ချတယ်။ ပြီးရင်ရပ်သွားလိုက် ပြန်တိုက်လိုက် မိုးရွာလိုက်ပေါ့နော်။ ၁၃ ရက် ညနေပိုင်းမှာ နည်းနည်းလေး ဆိုးလာတယ်။ ၁၄ ရက် မနက်ပိုင်းအထိပေါ့။ ညနေပိုင်းကျ သာယာသွားတယ်ပေါ့။ ရေလည်း တက်တာမျိုး သိပ်မရှိဘူး။ ၁၃ ရက်နေ့လောက်ပဲ ရေလေးနည်းနည်း ရေကျချိန်မှာ နည်းနည်းရေတင် နေတာမျိုး ရှိတယ်။ နေ့ခင်းပိုင်းလောက် ညနေ မိုးချုပ်ခါနီးကျ ပြန်ကျသွားတာ"

လပွတ္တာမြို့ပေါ်ကို ရွာပေါင်း ၇၀ ကျော်ကနေ မုန်တိုင်းတိမ်းရှောင်လာကြသူ တစ်သောင်းကျော်အနက် ငါးထောင်ကျော်က ဒီနေ့ နေရပ်ပြန်နေကြပြီလို့ သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ မိုခါမုန်တိုင်း တိုက်ရိုက် ဖြတ်သန်းဝင်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ မြေပုံ စတဲ့ ၁၇ မြို့နယ်လုံးကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေအဖြစ် ကြေညာထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေကြောင်း ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။