ဝန်ကြီးဦးအောင်မင်းပြောတဲ့ ငြိမ်းချမ်းရေးအတွက် အမိအရ ဆုပ်ကိုင်ရမယ့် အချိန်


2015.06.27

မြန်မာအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးလည်းဖြစ်၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို ဦးဆောင်နေသူ တစ်ဦး လည်းဖြစ်တဲ့ ဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးအတွက် အမိအရ ဆုပ်ကိုင်ရမယ့် အချိန်ဆိုတဲ့ခေါင်းစဉ် နဲ့ ဆောင်းပါး တစ်ပုဒ်ကို ဇွန်လ ၂၆ ရက်နေ့ထုတ် အမေရိကန်ပြည်ထောင်စုအခြေစိုက် Foreign Policy မဂ္ဂဇင်း မှာ ရေးသားဖော်ပြထားပါတယ်။

ဒီဆောင်းပါးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ကောက်နှုတ်တင်ပြထားပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာမှာ အဓိကဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ ဝန်ကြီး ဦးအောင်မင်း က၊ နှစ်ရှည်ဖြစ်နေတဲ့ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေးရအောင် သူတို့အနေနဲ့ ဘယ်လိုကြိုးပမ်းဆောင်ရွက်နေလဲ ဆိုတဲ့အကြောင်းကို ငြိမ်းချမ်းရေးအတွက် အမိအရဆုပ်ကိုင်ရမယ့် အချိန် ဆိုတဲ့ဆောင်းပါးကို Foreign Policy မဂ္ဂဇင်းမှာ ရေးသားလိုက်တာပါ။

အဲ့ဒီဆောင်းပါးထဲမှာ ရေးသားထားတာတွေကို ဆောင်းပါးရှင် ဝန်ကြီး ဦးအောင်မင်းရဲ့ အာဘော်အတိုင်း တင်ပြပါရစေ။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရရဲ့စစ်ပွဲတွေဟာ ဆယ်စုနှစ် (၇) ခုနီးပါး ကြာခဲ့ပါပြီ။ အဲ့ဒီစစ်ပွဲတွေစကတည်းက အခုချိန်ထိ ဘယ်ခေတ်ဘယ်အခါကမှ မရခဲ့ဘူးတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အဖြေရဖို့နီးစပ်လာပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မကြာခင်ကာလမှာ ချမှတ်တော့မယ့် ဆုံးဖြတ် ချက်တွေဟာ တိုင်းပြည်အမှန်တကယ် ငြိမ်းချမ်းရေးကိုရှေးရှုပြီး ဦးတည်ပြောင်းလဲနေလား၊ ဒါမှမဟုတ် ဒီအခွင့် အရေးကို လက်လွတ်ဆုံးရှုံးခံမလားဆိုတာ အထင်အရှား ပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လေးနှစ်မှာ သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးကိုအဓိက ဦးစားပေးလုပ်ငန်းအဖြစ် ဆုံးဖြတ်ခဲ့ပြီး၊ လက်နက်ကိုင်တိုင်းရင်းသား ၁၆ ဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလထဲမှာ သူကကျနော့်ကို တာဝန်ပေးခဲ့ပါတယ်။ ဒါကြောင့်အခုဆိုရင် အဲ့ဒီလက်နက်ကိုင်တိုင်းရင်းသား ၁၆ ဖွဲ့ထဲက အဖွဲ့တဖွဲ့ချင်းနဲ့အစိုးရဟာ အပစ်အခပ်ရပ်စဲဖို့ နှစ်ဘက်သဘောတူ စာချုပ်ကိုချုပ်ဆိုပြီးခဲ့ပါပြီ။ ဒီစာချူပ်တွေဟာ အပစ်အခပ်ရပ်စဲရေးအတွက် ပဏာမသဘောတူစာချုပ်တွေဖြစ်ပါတယ်။

အခုလို အစိုးရနဲ့ နှစ်ဘက်သဘောတူပြီးရင် တစ်နိုင်ငံလုံးအပစ်အခပ်ရပ်စဲရေးကို ဆက်ပြီးဆောင်ရွက် ကြမယ်၊ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပမယ်၊ အဲ့ဒီမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်နိုင်မယ့် အနာဂတ်အစိုးရပုံစံတွေ ဆွေးနွေးမယ်ဆိုတာတွေကို တိုင်းရင်းသားတွေဘက်က အမြဲပြောဆိုကြပါတယ်။ ဒါကလဲ တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ နှစ်ပေါင်းများစွာ တောင်းဆိုနေတဲ့ အချက်တွေဖြစ်ပါတယ်။

အခုအချိန်ထိတော့ တိုက်ပွဲတွေဆက်လက် ်ဖြစ်ပွားနေပါသေးတယ်။ KIA အဖွဲ့နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်နေသေးသလို၊ မကြာသေးခင်ကလည်း တရုတ်-မြန်မာနယ်စပ်မှာ ကိုးကန့်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ် ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေဟာ ပဋိပက္ခတွေရဲ့ ရေသောက်မြစ်ကိုရှာနိုင်ဖို့ တစ်နိုင်ငံလုံး အပစ်ရပ်ရေးကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ မြန်မြန်ဆန်ဆန်ဆောင်ရွက်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ စနိုင်ဖို့လိုနေပြီဆိုတာ ထင်ထင်ရှားရှားပြလိုက်တာဖြစ်ပါတယ်။

အခုဆိုရင် NCA Nationwide Ceasefire Agreement လို့ခေါ်တဲ့ တစ်နိုင်ငံလုံး အပစ်အခပ်ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းကို ရေးဆွဲပြီးစီးခဲ့ပါပြီ။ ဒါဟာ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ UPWC နဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ NCCT တို့ရဲ့ ၁၇ လကြာ ညှိနှိုင်းဆောင်ရွက်မှုရဲ့ အသီးအပွင့်တွေဖြစ်ပါတယ်။ ဒီစာချုပ်မူကြမ်းကို နှစ်ဖက်ကိုယ်စားလှယ်တွေအနေနဲ့ မတ်လ ၃၁ ရက်နေ့က ပဏာမလက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အခုဆိုရင် အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်က တစ်နိုင်ငံ လုံး အပစ်အခပ်ရပ်စဲရေး သဘောတူစာချုပ်ကို အပြီးသတ်လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အစီအစဉ်တွေဆွဲဖို့ ဆန္ဒရှိနေကြပါပြီ။ ဒါကိုဆက်လက်ဆောင်ရွက်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆိုင်ရာခေါင်းဆောင်တွေက သဘောတူဖို့ပဲ လိုပါတော့တယ်။

မကြာသေးတဲ့ သီတင်းပတ်တွေကတော့ တစ်နိုင်ငံလုံးအပစ်အခပ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းနဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက ကရင်ပြည်နယ် လော်ခီးလာဒေသမှာ ညီလာခံပြုလုပ်ခဲ့ပါတယ်။ သူတို့အနေနဲ့ ဒီစာချုပ်အပေါ်မှာ သဘောတူလက်မှတ်ထိုးမလား၊ မထိုးဘူးလားဆိုတာ အဲ့ဒီညီလာခံမှာ မဆုံးဖြတ်နိုင်ခဲ့ပါဘူး။ ဒီလိုဖြစ်ခဲ့တဲ့အတွက် ကျနော်တို့ ဘဝတလျှောက်လုံး ငြိမ်းချမ်းရေး အတွက် မျှော်လင့်တောင့်တခဲ့တဲ့ အခွင့်အရေးကြီးတရပ် လက်လွတ်ဆုံးရှုံးတော့မလားဆိုပြီး ကျနော့်အနေနဲ့ စိုးရိမ်မိပါတယ်။

အခုရေးဆွဲထားတဲ့ စာချုပ်အရ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ လက်နက်မစွန့်ပဲ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်နိုင် မှာဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ အဖွဲ့ကြီးငယ်မဟူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အားလုံးတန်းတူ ညီမျှ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ အရင်က အစိုးရအာဏာပိုင်တွေကြားမှာ လုံးဝခွင့်မပြု၊ သဘောမတူခဲ့တဲ့ ဖက်ဒရယ်စနစ်ကိုတောင် ဦးတည်ဆွေးနွေးမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေဖြစ်ရမယ်လို့လည်း အခုရေးထားတဲ့ အပစ်ရပ်စာချုပ် မူကြမ်းမှာထည့်သွင်းထားပါတယ်။ အဲ့ဒီအပြင် အခုရေးထားတဲ့ စာချုပ်ထဲမှာ လက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံရေးအရ အဖြေရှာနိုင်ရေးမှာ အစိုးရပါဝင်ဖို့ကိုလည်း ထည့်သွင်းထားပါတယ်။ အရင်ကဆိုရင် လက်နက်ကိုင်လမ်းစဉ်နဲ့ အပြုတ်တိုက်ရေး၊ စစ်ရေးအရအောင်နိုင်ရေးကိုပဲ ဦးစားပေးဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့် အခုရေးဆွဲထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းရဲ့ ထူးခြားချက်က ဘာလဲဆိုရင်၊ အစိုးရက တဘက်သတ် ရေးဆွဲခဲ့တာမဟုတ်ပဲ လက်နက်ကိုင်တိုင်းရင်းသားတွေ လက်ခံနိုင်မယ့် အပိုင်းကိုပါ ထည့်သွင်းရေးဆွဲထားတယ် ဆိုတဲ့အချက်ပါ။ ဒီစာချုပ်ဟာ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ အချိန်ယူပြီး အဆင့်ဆင့်ဆွေးနွေး ရေးဆွဲထားတာဖြစ်ပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံး အပစ်အခပ်ရပ်စဲရေး သဘောတူစာချုပ်ဟာ မူဝါဒကြေညာချက်ထက် အဆပေါင်းများစွာ သာလွန်ပါတယ်။ ဒီထဲမှာ တိကျမှု၊ ထင်သာမြင်သာတဲ့ တာဝန်ယူမှုတွေပါဝင်ပြီး၊ ချက်ချင်းလက်ငင်းကို အကျိုးပြု မှာဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုရရင် လက်မှတ်ရေးထိုးပြီးတာနဲ့ မကြာခင်မှာ အဲ့ဒီတိုင်းရင်းသားအဖွဲ့တွေကို မတရားအသင်းအဖြစ် ကြေညာထားရာကနေ ပယ်ဖျက်ပေးမှာဖြစ်ပါတယ်။ စာချုပ်ကိုလိုက်နာမှု ရှိ-မရှိနဲ့ပတ်သက် လို့ နှစ်ဘက်လုံးကပါဝင်တဲ့ စောင့်ကြည့်ရေး ကော်မတီတွေဖွဲ့မှာဖြစ်ပါတယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးပေါင်းကော်မတီဖွဲ့ပြီး ပြင်ဆင်တော့မှာဖြစ်ပါတယ်။

စစ်ဘက်ဆိုင်ရာ နှစ်ဖက်အဖွဲ့တွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဆောင်ရွက်မှာ ဖြစ်သလို ၊ ပြဿနာဖြစ်လာရင်ဖြေရှင်းဖို့ မူဘောင်တွေချမှတ်မှာဖြစ်ပါတယ်။ ဒီစာချုပ်မှာပါဝင် လက်မှတ်ရေးထိုးမယ့် မြန်မာ့ တပ်မတော်အပါအဝင် တိုင်းရင်းသားအဖွဲ့တိုင်းဟာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့လုပ်ကိုင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် စစ်ဖြစ်ရာဒေသက အရပ်သား ပြည်သူတွေအနေနဲ့လည်း အနှေးနဲ့အမြန်ဆိုသလို အကျိုးကျေးဇူးတွေ ရလာမှာဖြစ်ပါတယ်။ အဲ့ဒီကနေတဆင့် ငြိမ်းချမ်းရေးအဆင့်ဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

တချို့လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ ဒီစာချုပ်မှာ ပါဝင်လက်မှတ်ထိုးဖို့ မသေချာသေးဘူးဆိုတာ ကျနော်သိပါတယ်။ ဒါကြောင့် သြဇာရှိတဲ့အဖွဲ့တွေက အဲ့ဒီလိုချောင်ပိတ်နေတဲ့အဖြစ်ကနေ ဆွဲထုတ်နိုင်မယ့် နည်းတွေရှာဖွေကူညီနိုင်ဖို့ကိုလည်း ကျနော့်အနေနဲ့ မျှော်လင့်မိပါတယ်။ အခုဆိုရင် တိုင်းပြည်အနေနဲ့ ရှေ့ကို ခရီးဆက်နိုင်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အပစ်ရပ်ရေး လက်မှတ်မထိုးနိုင်သေးတဲ့ အဖွဲ့တွေကိုတောင် လေ့လာသူအဖြစ် တက်ရောက်ခွင့်ပေးပြီး၊ အဖွဲ့အားလုံးကို ဖိတ်ခေါ်နိုင်ဖို့ သမ္မတ ဦးသိန်းစိန် က ပြင်ဆင်နေပါတယ်။

ဒီလိုကျနော် ရေးသားဖော်ပြလိုက်တာဟာ ဒီအစီအစဉ်တွေဟာ အစိုးရရဲ့ တရားဝင်မူဝါဒဖြစ်နေလို့ပါ။ အခုဆိုရင် မြန်မာ့တပ်မတော်အပါအဝင် သက်ဆိုင်ရာအစိုးရအဖွဲ့အားလုံးက ဒီစာချုပ်ကို လက်မှတ်ထိုးဖို့ သဘောတူထားကြပြီးဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့လည်း နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ၊ နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံပွဲတိုင်းမှာ  ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ဖို့ ဦးတည်ဆောင်ရွက်မယ်ဆိုတာကို အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။ ကျနော့်အနေနဲ့လည်း ဒါနဲ့ပတ်သက်လို့ လက်နက်ကိုင် အကြမ်းဖက်မှုတွေ ပပျောက်နိုင်မယ့် နည်းကိုရှာဖွေဖို့ အစိုးရက ရာနှုန်းပြည့်ဆန္ဒရှိနေတယ်ဆိုတာ ကျနော့်မိတ်ဆွေ တိုင်းရင်းသားအဖွဲ့တွေအားလုံးကို ထပ်တလဲလဲ ပြောဆိုခဲ့ပါတယ်။

သေချာအောင်ထပ်ပြောလိုတာကတော့ အခုရေးဆွဲထားတဲ့ တစ်နိုင်ငံလုံးအပစ်ရပ်ရေး သဘောတူစာချုပ်ဆိုတာ လုံးဝပြည့်စုံလုံလောက်တဲ့ သဘောတူညီမှုလို့ မဆိုနိုင်ပေမယ့် ဘယ်လိုအပစ်ရပ်ရေးစာချုပ်ကမှလည်း အားလုံးကို ခြုံငုံမိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လက်ရှိစာချုပ်ဟာ ပထမအဆင့်အနေနဲ့ အကောင်းတကာ့ အကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်ထားခြင်းသာဖြစ်ပြီး အဲ့ဒီကနေ အချုပ်အခြာအာဏာကို မထိပါးစေတဲ့၊ ခွဲထွက်တာကို ဦးမတည်တဲ့ နောက်အဆင့်တွေဆီ ဆက်တက်ရမှာဖြစ်တယ်လို့ပဲဆိုရမှာပါ။

အခုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၉ဝ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေကို မြန်နိုင် သမျှမြန်မြန် စတင်နိုင်ဖို့ ဆောင်ရွက်ရမှာပါ။ ဒါကြောင့် ရှေ့ဆက်နိုင်ဖို့ အကြောင်းတရား ခိုင်ခိုင်လုံလုံ တိုင်းရင်းသားအဖွဲ့တွေမှာမရှိပဲနဲ့ NCA သဘောတူစာချူပ် လက်မှတ်ထိုးရေးကို မပစ်ပယ်သင့်သလို၊ ပစ်ပယ်ရင် လည်း အတော့်ကိုတာဝန်မဲ့ ဆောင်ရွက်ရာကျနိုင်ပါတယ်။

အခုဆိုရင် ကျနော်တို့ဟာ သမိုင်းဝင်ကာလတစ်ခုကို ရောက်နေပါပြီ။ တကယ်လို့ ကျနော်တို့ သားစဉ်မြေးဆက် အနာဂတ်လှပဖို့အတွက် ကြည့်မယ်ဆိုရင် အခုကြုံရတဲ့အကြပ်အတည်း အခက်အခဲတွေကို စွန့်စားလုပ်ကိုင်ဖို့ လိုပါတယ်။ ဒါကြောင့် တိုင်းရင်းသား ခေါင်းဆောင်တွေအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချပြီး၊ ကျနော်တို့ အစိုးရနဲ့ အတူ ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ချီတက်ကြဖို့ တိုက်တွန်းလိုက်တဲ့အကြောင်း အဲ့ဒီဆောင်းပါးမှာ ဝန်ကြီး ဦးအောင်မင်းက ရေးသားထားပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။