မင်းပြား၊ ပန်းမြောင်းရွာ အပစ်ခံရ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ
မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှာ ဒီနေ့မနက်က တပ်မတော် စစ်ကြောင်းတစ်ခုက ပစ်ခတ်လို့ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
-
ကျော်လွင်ဦး
2019-11-18 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှာ ဒီနေ့မနက် ၈ နာရီဝန်းကျင်လောက်က တပ်မတော် စစ်ကြောင်း တစ်ခု ရွာထဲကို ဝင်ရောက်လာချိန် သေနတ်အချက် ၂၀ ခန့်ပစ်ခဲ့တဲ့အတွက် ရွာထဲမှာရှိနေတဲ့ အသက် ၇၀ ကျော် အရွယ် ဒေါ်မဝါစိန်ရဲ့ နဖူး ကျည်ဆံရှပ်ထိသွားတယ်လို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။
တပ်မတော်စစ်ကြောင်းက ရွာအဝင်ဝနားကိုရောက်ရှိလာချိန်မှာ စတင်ပစ်ခတ်ခဲ့တာလို့ ဒဏ်ရာရသူ ဒေါ်မဝါစိန်ရဲ့ သားမက်ဖြစ်သူ ဦးထွန်းဝင်းကပြောပါတယ်။
“သူတို့က ရွာကိုဆင်းလာတဲ့အချိန်မှာ သူတို့ရွာနားကိုရောက်တာနဲ့ ကလေးတွေကပြေးတာပေါ့။ သူတို့က သူတို့ဝင်လာလို့ပြေးတယ်ဆိုပြီးတော့ ပစ်တယ်။ အဲလိုပစ်နေတဲ့အချိန်မှာ ကျွန်တော့ယောက္ခမက အိမ်မှာရှိနေတာ။ အိမ်မှာရှိနေတဲ့အခါမှာ ကျွန်တော့ယောက္ခမခေါင်းကို လာမှန်တာပေါ့လေ။ အခုတော့ ဆေးရုံကိုသွားပြထားရတယ်”
ဒေါ်မဝါစိန်ကို ပန်းမြောင်းတိုက်နယ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူ ထားရတယ်လို့လည်း ပြောပါတယ်။
တပ်မတော်စစ်ကြောင်းက ရွာအဝင်ဝနားကနေ ပစ်ခတ်တာဖြစ်ပေမယ့် ရွာအလယ်လောက်က သူ့ရဲ့နေအိမ်မှာ မီးလှုံနေတဲ့ ဒေါ်မဝါစိန်ကို ကျည်ထိမှန်ခဲ့တာလို့လည်း ဆိုပါတယ်။
ပန်းမြောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်ကတော့ စပါးခြွေလှည့်စက် သွားလမ်းဖောက်ဖို့ သွားတဲ့ လူ ရှစ်ဦး အဲဒီတပ်မတော်စစ်ကြောင်းနဲ့တွေ့လို့ ကြောက်လန့်ထွက်ပြေးရာကနေ ပစ်ခတ်မှုဖြစ်တာလို့ ပြောပါတယ်။
“စပါးရိတ်သိမ်းစက်သွားလမ်းလုပ်ဖို့သွားတာ လူ ရှစ်ယောက်ရှိတယ်။ တပ်ကလာတဲ့အချိန်မှာ လမ်းမှာသူတို့နဲ့ တွေ့တော့ ထွက်ပြေးကြတယ်။ တပ်က အပေါ်ထောင်ပြီးပစ်တယ်လို့ ထွက်ပြေးသူတွေကပြောတယ်။ တပ်ကပစ်လိုက်တဲ့ကျည်က ရွာထဲကိုဝင်လာပြီး မှန်သွားတာလားလို့ ကျွန်တော်တို့က ခန့်မှန်းကြတယ်။ သူတို့ကပစ်တာနဲ့ ဒီကမှန်တာနဲ့ တစ်ချိန်တည်းဖြစ်နေတော့ အဲဒီကနေပစ်တာလို့ ရွာသားတွေကထင်ကြတာ”
တပ်မတော်စစ်ကြောင်းက လမ်းမှာတွေ့တဲ့မသင်္ကာသူတွေကို ခေါ်ယူမေးမြန်းတာ၊ ဖမ်းဆီးတာ၊ လမ်းပြခေါ် ယူတာတွေရှိနေလို့ ဒေသခံတွေဟာ တပ်မတော်စစ်ကြောင်းနဲ့တွေ့တဲ့အခါ ကြောက်ပြီးထွက်ပြေးကြလေ့ ရှိပါတယ်။
ထွက်ပြေးသူကို မသင်္ကာလို့ ပစ်ခတ်နိုင်တဲ့အတွက် စစ်ကြောင်းတွေနဲ့တွေ့ရင် ထွက်မပြေးကြဖို့ မှာထားတယ်လို့ ပန်းမြောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်က ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ဒီနေ့မနက်က တပ်မတော်စစ်ကြောင်း ပန်းမြောင်းရွာဘက်ကိုလာတာမရှိဘူးလို့ တုံ့ပြန်ပါတယ်။
“ကျွန်တော်မေးကြည့်တော့ ကျွန်တော်တို့တပ်တွေက ဒီနေ့ပန်းမြောင်းဘက်ကိုသွားတာ မရှိဘူးဗျ။ ပန်းမြောင်း တောင်ကြောမှာတော့ တပ်တွေရှိပါတယ်။ နယ်မြေရှင်းနေတာ ဒါကတော့ကြာပါပြီ။ အဲဒီပန်းမြောင်းကို လာတာကတော့ မရှိဘူးဗျ။ အဘွားတစ်ယောက် မီးလှုံရင်းနဲ့ မနက်ပိုင်း ၈ နာရီဝန်းကျင်လောက်မှာ ခေါင်းကို ကျည်ရှပ်မှန်တယ်ဆိုပြီးတော့ အဲလိုမျိုးကျွန်တော်လည်း ကြားတယ်။ အဲဒါကြောင့် ကျွန်တော်က နယ်မြေခံ တပ်တွေ ဘာတွေကိုလိုက်မေးတဲ့အခါမှာ သူတို့ အဲဒီကိုလာတာမရှိဘူး၊ ပြီးရင် အဲဒီမှာရှိတဲ့တပ်တွေကို မေးတဲ့အခါမှာလည်း အဲလိုမျိုးမရှိဘူးဗျ”
ဒီပြောဆိုချက်နဲ့ပတ်သက်လို့ ဒီနေ့မနက်က ဒဏ်ရာရသွားတဲ့ ဒေါ်မဝါစိန်ရဲ့သားမက်ဖြစ်သူ ဦးထွန်းဝင်းက အခုလို တုံ့ပြန်ပါတယ်။
စစ်တပ်ကပစ်တာက အမှန်ပဲ။ သူတို့မှာတော့ ဘယ်လိုပဲပြောပြောငြင်းမှာပေါ့လေ
“စစ်တပ်ကပစ်တာက အမှန်ပဲ။ သူတို့မှာတော့ ဘယ်လိုပဲပြောပြောငြင်းမှာပေါ့လေ။ ကျွန်တော်တို့ကတော့ သူတို့ပစ်တာကို အတိအကျမြင်လိုက်တာရှိပါတယ်။ အခုလည်း သူတို့ရွာထဲမှာရှိနေတယ်လေ”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ်ကျေးရွာသားတစ်ဦးကတော့ အဲဒီတပ်မတော်စစ်ကြောင်းဟာ ပန်းမြောင်းရွာရဲ့အရှေ့ဘက် တောင်ဖြူတောင်ဘက်ကနေ ရောက်လာကြတာဖြစ်ပြီး ရွာထဲကို အခုလို ဘာကြောင့် ပစ်ခတ်တယ်ဆိုတာကို နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ ပြောပါတယ်။
“ဒီလိုအပြစ်မဲ့ပြည်သူတွေကို လုပ်တာတော့ မလိုချင်ဘူးပေါ့နော။ သူတို့တပ်ဖွဲ့ချင်းဖြစ်တဲ့နေရာမှာ သွားဖြစ်တာ ကောင်းတယ်။ အခုရွာထဲမှာ ဒီလိုလုပ်တာတော့ မလိုချင်ပါဘူး။ ဒီလိုလုပ်တာတော့ မကောင်းပါဘူး။ နောက်ထပ်လည်း ဒီလိုမျိုးမဖြစ်စေချင်ပါဘူး”
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA ကမေးမြန်းခဲ့ရာမှာ အေအေအဖွဲ့က ရွာတွေထဲကနေပြီး မိုင်းထောင်တိုက်ခိုက်တာတွေလုပ်လို့ တိုက်ခိုက်မှုတွေဟာ ရွာအနီးပတ်ဝန်းကျင်တွေမှာ ဖြစ်နေရတာဖြစ်ပြီး အရပ်သားထိခိုက်တာတွေကို ရှောင်ရှားဖို့ တစ်ဘက်အဖွဲ့အစည်းဘက်ကသာ လိုက်နာဖို့လိုတယ်လို့ ပြောပါတယ်။
ပန်းမြောင်းကျေးရွာအလယ်မှာရှိတဲ့ အောင်မင်္ဂလာဘုရားတောင်ကုန်းမှာ တပ်မတော်က တပ်စွဲထားပြီး လက်နက်ကြီးတွေနဲ့ ရံဖန်ရံခါပစ်ခတ်မှုတွေရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အေအေအဖွဲ့ကို ထိန်းချုပ်ချင်လို့ ရွာလယ်မှာ တပ်စွဲထားတာလို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့ကလည်း ရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေး နှစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း သေနတ်၊ ဗုံးသီး၊ မိုင်း စတာတွေကြောင့် သေဆုံးသူ ၉၀ ကျော် ရှိပြီး ထိခိုက်ဒဏ်ရာရသူတွေကတော့ ၁၄၀ ဝန်းကျင်အထိ ရှိနေပြီလို့ ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။