မင်းထင်ကိုကိုကြီးကို စွဲချက်တင်လိုက်ပြီ


2019.07.18
MKKG-622.jpg ဒါရိုက်တာမင်းထင်ကိုကိုကြီးကို အင်းစိန်တရားရုံးတွင် ၂ဝ၁၉ ဇူလိုင်လ ၁၈ ရက်နေ့က ရုံးထုတ်လာစဉ်။
Photo: RFA

လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုပြီး တပ်မတော်မှာ တာဝန်ထမ်းဆောင်နေသူတွေက တပ်မတော်အပေါ် မလေးမစား တာဝန်ပျက်စေမှု ပုဒ်မ ၅ဝ၅ (က) အပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ပါ စွပ်စွဲတိုင်ကြား အမှုဖွင့်ခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ် တရားရုံးက ဒီနေ့ စွဲချက်တင်လိုက်ပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက သူ့မှာ အပြစ်မရှိကြောင်း ပြောကြားခဲ့သလို သူ့ရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း မင်းထင်ကိုကိုကြီးဟာ အခုစွဲချက်တင်တဲ့ ပုဒ်မ ၅ဝ၅ (က) ကို ကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ RFA ကို ပြောပါတယ်။

“ပုဒ်မ ၅ဝ၅ (က) မှာ ပြည်ထောင်စုအစိုးရရဲ့ ကြည်း၊ ရေ၊ လေတပ် တခုခုမှ အရာရှိအား၊ သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိတာဝန် ဝတ္တရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော်လည်းကောင်း၊ ပြုစေရန်အကြံရှိလျှင် သု့ိမဟုတ်  ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင်လို့  ဆိုထားပါတယ်။ အခု အမှုမှာ မင်းထင်ကိုကိုကြီး ရဲ့ အရေးအသားမှာ အဲဒီလို အခြေအနေပေါ်ပေါက်မှုရှိတယ်လို့ တရားလိုဘက်က မပြောနိုင်ပါဘူး။  ကျနော်တို့ဘက်က မေးပါတယ်။ ရန်ကုန်တိုင်းထဲမှာကော ကျန် မြန်မာနိုင်ငံတဝန်းမှာ စစ်ပုန်ကန်မှုတွေ ဖြစ်သလား၊ အထက်အရာရှိကို မလေးမစား အပြုအမူတွေဖြစ်သလား ဆိုတော့ အဲဒီလိုလည်း မဖြစ်ဖူးတဲ့။ မဖြစ်ဖူးဆိုရင် ဒီ ဥပဒေနဲ့ ငြိစွန်းတာမှ မရှိပဲ။ သူ့ကို စွဲချက် မတင်သင့်ဘူး”

ဒါပေမယ့် တရားသူကြီးက အခု စွဲချက်တင်လိုက်ပြီဖြစ်လို့ မင်းထင်ကိုကိုကြီးမှာ အပြစ်မရှိကြောင်း ရင်ဆိုင်ဖြေရှင်းမှာဖြစ်တယ်။ ဒါပေမယ့် တပ်မတော်အနေနဲ့ ဒီအမှုကို ရုပ်သိမ်းသင့်တယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဖေ့စ်ဘွတ်မှာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရေးသားခဲ့တဲ့ အဓိကအချက်တွေကတော့ ပြည်သူတွေ ရွေးချယ်ခြင်းမရှိဘဲ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ နေရာယူထားတာကို ဝေဖန်ရှုံ့ချခဲ့တာ ဖြစ်ပါတယ်။

သူ့ကိုတိုင်ကြားစွဲဆိုတဲ့ ဒုဗိုလ်မှူးကြီး လင်းထွန်းကတော့ မင်းထင်ကိုကိုကြီးရဲ့ ရေးသားမှုတွေကို မနှစ်သက်ကြောင်းနဲ့ တကယ်လို့သာ အဲဒီလို အကြောင်းအရာတွေ မရေးသားခဲ့ဖူးဆိုရင် အခုလို စွဲချက်တင်ခံရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီအမှုကို လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။

( RFA အဖွဲ့သား ဦးခင်မောင်စိုး စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။