ပဲခူးတိုင်းမှာ စစ်ကောင်စီ ပြည်သူ့စစ်စုဆောင်းနေ
2024.01.18

ပဲခူးတိုင်းမှာ ပြည်သူ့စစ်ဖွဲ့ဖို့ စစ်ကောင်စီက ဇန်နဝါရီလ ဒုတိယပတ်ကစပြီး ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ ခန့်ထားတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ဒေသခံတွေကို အစည်းအဝေးတွေခေါ်ပြီး ပြောနေတာလို့ ဆိုပါတယ်။
"ရွာတိုင်း အဲပြဿနာ ရင်ဆိုင်နေရတာဗျ။ ဘယ်သူမှ မလိုက်ချင်ကြဘူးဗျ"
ဒါကြောင့် ပြည်သူတွေအခက်အခဲဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သဲကုန်းဒေသခံက ပြောပါတယ်။
"အများဆုံးကတော့ မလိုက်ချင်ကြတဲ့သူတွေက များတယ်ဗျ။ ပိုက်ဆံတတ်နိုင်တဲ့ သူကတော့ ငွေပေးလိုက်မယ်။ မလိုက်ဘူးပေါ့၊ တချို့လူကျတော့လည်း သူ့ယောက်ျားကို မထည့်နိုင်ဘူးဗျာ။ ပိုက်ဆံ ၂ သိန်းလည်း မပေးနိုင်ဘူး၊၊ အဲလိုမျိုး စီးပွားရေးမပြေလည်တဲ့ သူတွေလည်း ရှိတယ်ဗျ။ စစ်ကောင်စီက ဒီလောက်ယုတ်မာနေတာ ကျွန်တော်ကတော့ မယုံဘူးဗျ၊ အယုံအကြည်ကို မရှိပါဘူး။ ကျွန်တော်တို့ အုပ်စုတင်မကဘူး ကျန်တဲ့အုပ်စု တွေရော အကုန်လုံးပါတယ်။ ရွာတိုင်း အဲပြဿနာ ရင်ဆိုင်နေရတာဗျ။ ဘယ်သူမှ မလိုက်ချင်ကြဘူးဗျ"
သဲကုန်းမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ဇန်နဝါရီ ၁၂ ရက်နေ့မှာ တစ်ရွာကို လူအယောက် ၂၀ လောက် စုဆောင်းခိုင်းနေတာလို့ ပြောပါတယ်။ မလိုက်တဲ့ ရွာတွေကို PDF ရွာလို့ သတ်မှတ်ပြီး မီးရှို့ဖျက်ဆီးမယ်ဆိုတဲ့ ခြိမ်းခြောက်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
နတ်တလင်းမြို့နယ်မှာလည်း ဇန်နဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေကစပြီး စစ်ကောင်စီက ပြည်သူ့စစ် စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီမှာ စစ်ကောင်စီက မက်လုံး အမျိုးမျိုးပေးပြီး လူစုနေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
"ဒီမလိုက်ချင်တဲ့ ပြည်သူတွေကို လုံးဝမပူနဲ့ သူတို့မှာ အင်အားရှိတယ်။ အဓိကက ဒီလိုက်မယ့်လူတွေကို ငွေကြေးထောက်ပံ့ပေးဖို့ သူတို့ ပြောတယ်ပေါ့။ ဒီတစ်အုပ်စုကို အယောက်ငါးဆယ်ရတဲ့ နေရာမျိုးတွေမှာ သူတို့က ဆယ်ဦးကို လက်နက်တပ်ဆင် ပေးမယ်။ ရိက္ခာလည်းပေးမယ် ဒါမျိုးမက်လုံးပေးပြီးတော့ ပြောဆိုစုဆောင်းတာတွေ ရှိတယ်။ ကျန်တဲ့ အယောက် လေးဆယ်ကတော့ ဒီအတိုင်း အရန်အင်အားမျိုးနဲ့ နေရမယ်လို့ ပြောတာမျိုးတွေ ရှိတယ်ပေါ့"
အဲဒီရွာတွေမှာ အိမ်ခြေ ၁၀၀ ရှိရင် ဆယ်ယောက်ပေးရမယ်လို့ တောင်းပြီး၊ ရွာအကြီး၊ အသေးပေါ် မူတည်လို့ အယောက် ၃၀ ကနေ ၉၀ အထိ တောင်းနေတယ်လို့ ပြောပါတယ်။ အဲဒီမှာ တစ်အိမ် တစ်ယောက် မဲနှိုက်ရွေးချယ်ပြီး မဲပေါက်တဲ့သူတွေကို မဲမပေါက်တဲ့ အိမ်တွေက တစ်လကို ငွေကျပ် ငါးထောင်ကနေ နှစ်သောင်းအထိ လစဉ်ထောက်ပံ့ရမယ်လို့ ပြောပါတယ်။
မဲပေါက်တဲ့သူတွေကို ရပ်ရွာလုံခြုံရေးအတွက်သုံးမှာ ဖြစ်သလို စစ်ရေးအရ လိုအပ်လာရင်လည်း တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ပဲခူးတိုင်း အရှေ့ခြမ်းက မြို့နယ်အားလုံးမှာလည်း ပြည်သူ့စစ် စုဆောင်းတာတွေရှိနေပါတယ်။ ဘုရားကြီးမှာ ဇန်နဝါရီလ ၁၂ ရက်ကစပြီး တစ်ရွာကို လူငါးဆယ်စုဆောင်းဖို့ မဲနှိုက်ရွေးချယ်နေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
"ကျွန်တော်တို့ ဘုရားကြီးမြို့ဘက်က ရွာတွေပေါ့၊ ဒီဘက်က ရွာတွေက ဘာနက်ကြီးတို့၊ စစ်ပင်ဆိတ်၊ လက်ပံငုံတို့ဘက်က ရွာတွေက လူငယ်တွေကို တစ်အိမ်တစ်ယောက်ပေါ့။ မဲနှိုက်ရတယ်။ မဲပေါက်ရင် စစ်ထဲဝင်ရမယ်ပေါ့။ သူတို့ သင်တန်းတက်ရမယ်ပေါ့။ သူတို့ လိုတဲ့အချိန် ခေါ်မယ်ပေါ့"
ပြည်သူ့စစ်ထဲဝင်တဲ့သူတွေကို တစ်လတစ်သိန်းနှစ်သောင်း (ကျပ် ၁၂၀၀၀၀) နဲ့ ဆန်တစ်အိတ် ပေးမယ်လို့ပြောပြီး စစ်ကောင်စီတပ်က စည်းရုံးနေတယ်လို့လည်း ပြောပါတယ်။
ဒိုက်ဦး၊ တောင်ငူနဲ့ သံတောင်မြို့နယ်က ရွာတွေမှာလည်း ပြည်သူ့စစ်ထဲဝင်ရမယ့်သူတွေကို မဲနှိုက်ရွေးချယ်နေပြီး မဲပေါက်လို့ မဝင်ချင်ရင် ကျပ်ငါးသိန်းကနေ ရှစ်သိန်းအထိ ပေးရမယ်လို့ တောင်းနေတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒေသခံတွေ ကိုယ့်ရပ်ရွာကို ကာကွယ်ဖို့ ဆောင်ရွက်နေတာလို့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ RFA ကို ပြောပါတယ်။
"ဒီအကြမ်းဖက်တွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ဒေသကိုကိုယ် ကာကွယ်ဆောင်ရွက်ဖို့ ဆိုပြီးတော့ ဒါဆောင်ရွက်နေတယ်ဆိုတာ အကြမ်းဖျင်းသိရပါတယ်။ ဒါကတော့ သူတို့ရဲ့ အပေါ်မှာ မူတည်ပါတယ်။ ရွာတွေအလိုက် တချို့ဆိုလို့ရှိရင် ကိုယ့်ဒေသကို ဒီ PDF အကြမ်းဖက်တွေနဲ့ လုံးဝအဝင်မခံဘူး ဆိုပြီးတော့မှ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာကို ကာကွယ်ချင်တဲ့စိတ်ဓာတ်နဲ့ လူငယ်လူရွယ် တော်တော်များများ ဝင်ရောက်တာကို ကျွန်တော်တို့ စာရင်းပေးတာတွေတော့ သိရပါတယ်နော်"
ပဲခူးတိုင်း ပြည်ခရိုင်ထဲက ပန်းတောင်း၊ ရွှေတောင်၊ သဲကုန်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင် မြို့နယ်တွေက ရွာတွေမှာလည်း ဇန်နဝါရီလဆန်းပိုင်းကစလို့ စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက လူစုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို ဒေသခံတွေကို လူစုနေတာဟာ စစ်ကောင်စီဘက်မှာ လျော့သွားတဲ့ တပ်သားတွေ နေရာမှာ ပြန်အစားထိုးဖို့ လုပ်နေတယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ကိုလူအေးက ပြောပါတယ်။
"သာယာဝတီခရိုင်ထဲမှာတော့ စစ်ရေးကတော့ အမြဲတမ်း တင်းမာနေပါတယ်။ ကျွန်တော်တို့ မနေ့ တစ်နေ့ကလည်းပဲ မိုင်းဆွဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ကျွန်တော်တို့ဘက်က ပစ်တာတွေ နောက်အပြန်အလှန် သူတို့ဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်တာတွေရှိတယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ယောက် မနေ့က လက်ဖျံထိတယ်။ ကျန်တာကတော့ ကျွန်တော်တို့ကပဲ ဦးအောင်လုပ်နိုင်တဲ့ အခြေအနေရှိတယ်။ ဒါကြောင့်မိုလို့လည်း စစ်ကောင်စီက စစ်သားတွေပြုန်းတီးတဲ့ နေရာတွေမှာ ဒီပြည်သူ့စစ်တွေနဲ့ အစားထိုးပြီးတော့ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ စစ်သားတွေကိုယ်စား ပြည်သူတွေကို ပြန်ပြန်ပြီးတော့ ရန်တိုက်ပြီးတော့ အတင်းသေခိုင်းနေတဲ့ သဘောပါပဲလို့"
အဲဒီ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ကျေးရွာအုပ်စုမှာလည်း ပြည်သူ့စစ်ထဲမဝင်ရင် ရွာကိုမီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်တာတွေရှိသလို ငွေတောင်းတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
နိုင်ငံတစ်ဝန်း တည်ငြိမ်မှုရစေဖို့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင် သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း တတ်စွမ်းသမျှပါဝင်ကြဖို့ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားပါတယ်။