ချင်းတွင်းမြစ်ထဲ ရေယာဉ်နစ်မြုပ်မှု လူ ကိုးဆယ်ခန့် ပျောက်ဆုံးနေဆဲ

RFA Burmese
2023.09.20
ချင်းတွင်းမြစ်ထဲ ရေယာဉ်နစ်မြုပ်မှု လူ ကိုးဆယ်ခန့် ပျောက်ဆုံးနေဆဲ ချင်းတွင်းမြစ်အတွင်းသွားလာနေသည့် စစ်ကောင်စီတပ် ရေယာဉ်တစ်စီးကို တွေ့ရစဉ်။
အညာပစ်တိုင်းထောင်လေးများ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ကြောင်းမှာ စစ်ကောင်စီတပ်ရဲ့ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေး ရေယာဉ်အုပ်စု စုန်ဆင်းလာစဉ် အဲဒီ ရေယာဉ် အုပ်စုထဲမှာပါတဲ့ တစ်စီးက စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ တိမ်းမှောက်ပြီး မြစ်အတွင်းနစ်မြုပ်သွားတာကြောင့် လူ ကိုးဆယ်လောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာမန်ရေယာဉ် ရှစ်စီး၊ ဘေးတွဲတွန်းသင်္ဘောနဲ့ တွန်းရတဲ့ ရေယာဉ်အကြီး နှစ်စီး၊ စစ်သင်္ဘောသုံးစီး စုစုပေါင်း ၁၃ စီးစုန်ဆင်းလာရာမှာ ကုန်နဲ့ လူအပြည့်တင်လာတဲ့ ဘေးတွဲတွန်းသင်္ဘောတွန်းရတဲ့ ရေယာဉ်ကြီးတစ်စီးက နစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။

ရှဲရွာနဲ့ ပန်းဆက်ရွာအကြား ရေစီးကြမ်းတဲ့ နေရာမှာ ကျောက်ဆောင်ကိုတိုက်မိပြီး တိမ်းမှောက်သွားတာလို့ ဒီဖြစ်စဉ်ကို သိရှိထားတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရှဲနဲ့ ပန်းဆက်နဲ့ကြားအဆင်းက ရှဲအောက်ဘက်လေး ရှဲနတ်တောင်ဆင်းဆိုတာ အဆင်းရှိတယ်။ ရေဆင်း တကယ်ရေကြမ်းတဲ့နေရာပေါ့ဗျာ။ ကျောက်စွယ်ကြီး ရှိတယ်ပေါ့ အဲဒီကျောက်စွယ်ကြီးကို ဝင်တိုက်ပြီးတော့၊ တိုက်တိုင်ချင်း တစ်ခါတည်းကို မြုပ်သွားတာ။ ပထမဦးဆုံးပေါ်လာတာ တစ်ယောက်ပဲ သူကမြင်ရတယ်။ နောက်ထပ် အခုသတင်းထပ်ရတာ အားလုံးပေါင်း ခြောက်ယောက်အသက်ရှင်တယ်တဲ့။ အလောင်းတွေကတော့ ဖလက်ကြီး (ရေယာဉ်) ထဲမှာပဲရှိမယ်။ သူက အခန်းထဲ ထည့်ထားတာဆိုတော့ သူတို့အလောင်းတွေကတော့ ဒီအတိုင်းပဲထုတ်မရသေးဘူး။ လက်ရှိအနေအထားရ မော်တော်ကြီးက ရေနက်အိုးထဲဆိုတော့ တစ်ခါတည်း မြုပ်သွားတာ”

မနေ့က ရေယာဉ်နစ်မြုပ်ချိန် တခြားရေယာဉ်တွေလည်း အဲဒီအနီးတစ်၀ိုက်မှာပဲ ကမ်းကပ်ခဲ့ပြီး နေမြုပ်သွားတဲ့ ရေယာဉ်နေရာမှာ ကယ်ဆယ်ရေးတွေလုပ်ခဲ့ပေမယ့် ဒီနေ့မှာတော့ ကယ်ဆယ်ရေးတွေ ဆက်လုပ်တာ မတွေ့ရဘူးလို့ သူကဆိုပါတယ်။

မနစ်မြုပ်ဘဲ ကျန်တဲ့ခဲ့တဲ့ ရေယာဉ် ၁၂ စီးကတော့ စက်တင်ဘာလ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ ကနီနဲ့ မုံရွာမြို့ ဘက်ကို ဆက်လက်စုန်ဆင်းသွားပြီး စစ်ကောင်စီတပ်သား တချို့ကတော့ ရေယာဉ်နစ်မြုပ်တဲ့နေရာမှာပဲ တပ်ချပြီး ကျန်ခဲ့တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျန်တဲ့ကောင်တွေက စုံသွားတယ်။ စုံသွားပြီးတော့ မှောက်တဲ့အနားမှာက တပ်ချထားခဲ့တယ်လို့တော့ သိရတယ်။ လောလောဆယ်တော့ ဘယ်နှယောက်သေသလဲ ဘယ်နှယောက်ရှင်သလဲဆိုတာ အတိအကျကို မပြောနိုင်တာဗျ။ အဲဒီအနားမှာကလေ ကျွန်တော်တို့ ဒေသခံပြည်သူကလည်း မသွားရဲဘူးဗျ။ ပျူစောထီး စိုးမိုးတဲ့ နေရာလည်းဖြစ်တာ တစ်ကြောင်းပေါ့နော် နောက်တစ်ခုက တပ်က အဲဒီမှာ အစောင့်ထားခဲ့တယ်လေ ကမ်းမှာ အစောင့်ရော တပ်ချထားခဲ့တာရော တစ်ကြောင်းလေ”

ရေယာဉ်နစ်မြုပ်တဲ့နေရာက ကယ်ဆယ်ရေးလုပ်ဆောင်နေမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းသယံဇတဝန်ကြီး ဦးတင်သန်းဝင်းကို ဆက်သွယ်ရမှာတော့ အစည်းအဝေး ခန်းထဲရောက်နေတဲ့တွင် လတ်တလော ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့တော့ ခန္တီးမြို့က ထွက်ခွာလာတဲ့ ရေယာဉ်တွေထဲက တစ်စီးဟာ မင်းကင်းမြို့နယ် မောက္ကတော်ရွာအနီးက ရေဝဲအတွင်းရောက်ရှိနစ်မြုပ်သွားပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ သတင်းမီဒီယာတွေကို ပြောထားပါတယ်။

ချင်းတွင်းမြစ်အတွင်းသွားလာနေတဲ့ စစ်သင်္ဘောတစ်စီးကို တွေ့ရစဉ်။ (ဓာတ်ပုံ : အညာပစ်တိုင်းထောင်လေးများ)
ချင်းတွင်းမြစ်အတွင်းသွားလာနေတဲ့ စစ်သင်္ဘောတစ်စီးကို တွေ့ရစဉ်။ (ဓာတ်ပုံ : အညာပစ်တိုင်းထောင်လေးများ)

ရေယာဉ်နစ်မြုပ်တဲ့အနေရာဟာ ရေနက်ပြီး၊ ရေစီးသန်တဲ့နေရာဖြစ်တဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း အလွယ်တကူ လုပ်ဆောင်လို့ မရနိုင်ဘူးလို့ ဒီဖြစ်စဉ်ကို သိရှိထားတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကင်းဒေသခံက ဆက်ပြောပါတယ်။

“ကယ်ဆယ်ရေးက လုပ်တဲ့ အနေအထားကတည်း ရေနက်အိုးဆိုတော့ ရေကလည်း တကယ် ရေစီးကြမ်းတဲ့ နေရာဆိုတော့ တော်ရုံတန်ရုံ ရေငုတ်သမားလည်း မရဘူးလေ။ ရုတ်တရက်ဆိုတော့ လေဘူးတွေ ဘာတွေနဲ့မှ ရေငုတ်ပဲရမှာလေ။ တန်ချိန် တစ်သောင်းခွဲလောက်နိုင်တဲ့ ဖလက်ကြီးဖော်ဖို့အရေးဆိုတာကလည်း အောက်ကနေပြီးတော့ ကရိန်းတွေ တကယ်ကျွမ်းကျင်တဲ့ ရေငုတ်သမားတွေနဲ့မှ ဖော်ရမှာလေ။ ဒီတန်ချိန် တစ်သောင်းခွဲ လောက်တင်လာတဲ့ ဖလက်ကြီး ဝိတ်ပြည့်ကြီးတင်လာတာဆိုတော့ စဉ်းစားကြည့်ပါလား တော်ရုံတန်ရုံဝိတ်နဲ့ကတော့ ဒီမော်တော်က မမြုပ်နိုင်ဘူးလေ။ ဒီဝိတ်ကြီးနဲ့ပါတယ်မော်တော်ဆိုတော့ ဖော်ဖို့အရေးကလည်း တော်ရုံတန်ရုံနဲ့ ဖော်မရဘူး”

လက်ရှိမှာတော့ အသက်ရှင်လျက် ကယ်တင်ထားနိုင်သူ လူ နှစ်ဆယ်ခန့်နဲ့ သေဆုံးသူ အလောင်း ဆယ်ခုလောက် တွေ့ရှိထားတယ်လို့ ပြင်တွင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြပြီး ဖြစ်စဉ်အသေးစိတ်ကို RFA က ဆက်လက် စုံစမ်းနေပါတယ်။

နစ်မြုပ်သွားတဲ့ ရေယာဉ်ပေါ်မှာ လိုက်ပါလာသူတွေကတော့ မုံရွာမြို့မှာ ကျောင်း သွားတက်မယ့် တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေ၊ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ ပျူစောထီး အဖွဲ့ဝင်မိသားစုဝင်တွေနဲ့ ရေယာဉ်ကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်သားတချို့ အပါအဝင် လူတစ်ရာကျော် ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အဲဒီအနားမှာကလေ ကျွန်တော်တို့ ဒေသခံပြည်သူကလည်း မသွားရဲဘူးဗျ။"

အခုရေယာဉ်နစ်မြုပ်သွားတဲ့ မြစ်ကမ်းဘေး ဝဲယာက ရွာအများစုဟာ ပြည်သူ့စစ်လို့ခေါ်တဲ့ စစ်ကောင်စီရဲ့ ပျူစောထီးအဖွဲ့တွေ အားကောင်းတဲ့ရွာတွေဖြစ်ပြီး အဲဒီနေရာကိုလည်း ပျူစောထီးတွေက စိုးမိုးထားတဲ့နေရာ ဖြစ်တယ်လို့ ဒေသခံနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။

ဒါကြောင့် စစ်တပ်က ကယ်ဆယ်ရေးလုပ်ချင်တဲ့ ဆန္ဒရှိရင်လည်း လုပ်နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ချင်းတွင်း မြစ်ကြောင်းတစ်လျှောက်မှာ လှုပ်ရှားနေတဲ့ ကာကွယ်ရေး အဖွဲ့ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

“အဓိကတော့ လုပ်ချင်စိတ်ပါပဲ လက်ရှိ အခင်းဖြစ်တဲ့နေရာကတော့ ပျူရွာတွေအများရှိတဲ့ နေရာမှာရှိတယ်။ အဲဒီမှာ ပါလာတဲ့သူတွေကလည်း ဒီလမ်းတစ်လျှောက်က ပျူရွာက စစ်တပ်နဲ့ ပတ်သက်ပြီးတော့မှ ဆက်ဆံတဲ့ သူတွေပဲ ပါဝင်လာတာပေါ့နော်။ ဖြစ်တဲ့နေရာမှာတော့ စစ်တပ်က ကူညီကယ်ဆယ်ရေး လုပ်ချင်တဲ့ သူတို့ရဲ့ ဆန္ဒပေါ့နော် ဒါမျိုးရှိဖို့ပဲ မူတည်ပါတယ်။ လုပ်ရတယ်ဆိုတာတော့ သိပ်ပြီးတော့မှ ဆန်းကြယ်တဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လုပ်မယ့်ပုံ မပေါ်ပါဘူး”

ချင်းတွင်းမြစ် အထက်ပိုင်းကနေ နောက်ထပ် စစ်သင်္ဘောတစ်စီးနဲ့ ကုန်မတင်ထားတဲ့ ရေယာဉ်အလွတ်တစ်စီး စုန်ဆင်းလာပြီး ဒီနေ့မှာ မင်းကင်းမြို့ အထက်ပိုင်းက ကလေး၀မြို့မှာ ရောက်နေကြောင်းနဲ့ ဒီရေယာဉ်ဟာ အခုနစ်မြုပ်တဲ့နေရာအတွက် ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့ လာရောက်တာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို စုန်ဆင်းလာတဲ့ ခရီးသည်တင် ရေယာဉ်တစ်စီးဟာ မင်းကင်းမြို့နယ်နဲ့ကပ်လျက် ကနီမြို့နယ် မိကျောင်းတွင်းရွာအနီးမှာ နစ်မြုပ်ခဲ့တာကြောင့် လူ ခုနစ်ဆယ်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။