ဒေါ်အောင်ဆန်းစုကြည်ပုံတွေ့ရင် ဖမ်းဆီးမယ်လို့ခြိမ်းခြောက်

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.05.30
ဒေါ်အောင်ဆန်းစုကြည်ပုံတွေ့ရင် ဖမ်းဆီးမယ်လို့ခြိမ်းခြောက် ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့၏ ဓာတ်ပုံများ ရောင်းချနေသူတစ်ဦး။
Reuters

ဒေါ်အောင်ဆန်းစုကြည်ပုံကို အိမ်မှာချိတ်ထားမိလို့ ရန်ကုန်တိုင်းက ဒေသခံပြည်သူတစ်ယောက် ဒီရက်ပိုင်းအတွင်း ရဲစခန်းမှာ ခံဝန်ကတိထိုးခဲ့ရတယ်လို့ RFA က စုံစမ်းသိရပါတယ်။

သူ့ရဲ့အိမ်ကို ဧည့်စာရင်းဝင်စစ်ပြီးတဲ့နောက် ဧည့်ခန်းမှာချိတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို မြင်သွားတာဖြစ်ပါတယ်။ လုံခြုံရေးအခြေအနေကြောင့် သူ ဘာတွေခံဝန်ကတိထိုးခဲ့ရလဲဆိုတာ RFA က မေးမြန်းလို့မရပါဘူး။

သူနဲ့ရင်းနှီးတဲ့သူ တစ်ယောက်ကတော့ ... " ဒေါ်အောင်ဆန်းစုကြည်ပုံတွေ့သွားတယ်။ အဲဒီနောက် လာခဲ့ဆိုပြီးတော့ ဟိုရောက်တော့ လက်မှတ်ထိုးပြီး ပြန်လာတယ်တဲ့"

ဒီကိစ္စကို RFA က ဖုန်းနဲ့တစ်ဆင့် ဆက်သွယ်မေးမြန်းချိန်မှာ သူ့လုံခြုံရေးအတွက် စိုးရိမ်နေပါတယ်။

"ဧည့်စာရင်းစစ် ဘာညာတို့က သူတို့ပေါ်မှာပဲ မူတည်တာ၊ ပုံချိတ်ရင်တို့ တစ်ခုခုတွေ့ရင်တို့ သူတို့က ပုဒ်မတပ်ချင်တပ်တာပဲလေ"

ဧရာဝတီတိုင်းဘက်မှာလည်း ဒီရက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေ ဧည့်စာရင်းမကြာခဏစစ်နေပြီး အလားတူ ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အထင်ကရနိုင်ငံရေးသမားတွေရဲ့ပုံတွေကို နေအိမ်မှာ ချိတ်ဆွဲထားတာတွေ့ရင် ဒါမှမဟုတ် ဖုန်းထဲမှာ သိမ်းထားတယ်ဆိုရင် ဖမ်းဆီးခံရမယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကျွန်တော်တို့ အရင်ဆုံးဖုန်းတောင်းကြည့်တယ်။ ဖုန်းတောင်းကြည့်ပြီး နိုင်ငံရေးသမားဓာတ်ပုံတွေ၊ Facebook မှာ Like, Comment ရေးတာ စစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံ ဖုန်းထဲမှာ တွေ့တာနဲ့ အရေးယူမယ်ဆိုပြီး ပြောတယ်"

ပုသိမ်ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုစစ်ရန်ရှင်းပါ။ ဒီလိုအစစ်အဆေးတွေကြောင့် ဒေသခံတွေဟာ အကြောက်တရားနဲ့ နေနေရတယ်လို့လည်း ပြောပါတယ်။

"အခုနောက်ပိုင်းနေအိမ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတို့ ဦးဝင်းမြင့်ပုံတို့ သိပ်ချိတ်တာမရှိကြတော့ဘူး၊ ဧရာဝတီတိုင်းမှာ နယ်မြေအနေအထားအရ သူတို့ကအသာစီးယူထားတဲ့အတွက် ..."

စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံဟာ လွတ်လပ်စွာပြောဆိုခွင့် အဆိုးဆုံးအခြေအနေမှာရောက်နေကြောင်း နိုင်ငံတကာသုတေသနအဖွဲ့တွေရဲ့ အညွှန်းကိန်းတွေမှာ မြင်တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပုံတွေနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်ခဲ့သူအများစုဟာ သူတို့ လုံခြုံရေးစိုးရိမ်လို့ ဖြေဖို့ငြင်းကြပါတယ်။

"လုံခြုံအောင်တော့လုပ်ပေးနော်။ ကျွန်တော်လည်း နည်းနည်းရှော့ခ် (shock)ရှိလို့လေ"

RFA နဲ့စကားပြောခဲ့တဲ့ မန္တလေးမြို့ဒေသခံတစ်ယောက်ပါ။

"အငြှိုးကြီးတာပေါ့၊ အမေစု၊ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပေါ်လာတယ်ဆိုတဲ့ သူတို့ရဲ့ ဦးနှောက်မရှိတဲ့အတွေးပေါ့၊ တကယ်တမ်း ကျွန်တော်တို့ပြည်သူတွေက ဒီအာဏာရှင်ကို ကြိုက်ကိုမကြိုက်တာ၊ အာဏာရှင်ကို ကြိုက်ကိုမကြိုက်တာ"

DASSK9.jpg
၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့၏ ဓာတ်ပုံများ ချိတ်ဆွဲထားသည့် ရန်ကုန်မြို့က စျေးဆိုင်တစ်ဆိုင်။ (Photo: Reuters)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေဆွဲတဲ့ နာမည်ကြီးပန်းချီဆရာမ နုယဉ်ဆိုရင်လည်း ... " ကျွန်မဆိုရင်လည်း သူတို့ပုံစံတွေကို ကြိုမြင်လို့ ပန်းချီဆက်ဆွဲလို့ မရမှာစိုးလို့ အပြင်ထွက်လာတာပေါ့။ ပြည်တွင်းမှာမလုံခြုံတော့လို့ နယ်စပ်ကို ထွက်ပြေးလာရတယ်" လို့ သူကပြောပါတယ်။

"ဒီမိုကရေစီဆိုတာကို ရန်သူလိုဆန့်ကျင်ဘက်မြင်နေတာ၊ အခြေခံလူ့အခွင့်အရေးကိုလည်း လေးစားရကောင်းမှန်းမသိဘူး။ သူတို့မှာ အမှန်တရားမရှိဘူး..."

ဒေါ်အောင်ဆန်းစုကြည်ပုံတွေ့ရင် ဖမ်းဆီးခံရတဲ့ဖြစ်ရပ်တွေဟာ အရင် နဝတ၊ နအဖ စစ်အာဏာရှင်လက်ထက်တွေမှာလည်း ရှိခဲ့ပါတယ်။

၂ဝ၁ဝ နေအိမ်အကျယ်ချုပ်က လွတ်ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို နေအိမ်တွေ တော်တော်များများမှာ တွေ့လာရပါတယ်။ ၂ဝ၁၅ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သားအစိုးရဖြစ်လာပြီးနောက် သူ့ကိုလေးစားကြတဲ့သူတွေဟာ နေအိမ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းပုံတွေကို အမြတ်တနိုးချိတ်ဆွဲခဲ့တာပါ။

အခုလိုဒေါ်အောင်ဆန်းစုကြည်ပုံတွေ့ရင် ဖမ်းဆီးတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရဆီ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

DASSK10.jpg
၂ဝ၁၇ ခုနှစ်က ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်း ပုံပါ အင်္ကျီများ ရောင်းချနေသူတစ်ဦး။ (Photo: AFP)

ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတစ်ပုံတွေ့လို့ဆိုပြီး အရေးယူလို့ရတဲ့ ဥပဒေ မြန်မာနိုင်ငံမှာ ရှိသလားလို့ မေးမြန်းရာမှာတော့...

"သူတို့က ရူးနေပြီ... အာဏာရူးတာ အဆိုးဆုံးပေါ့။ ဘာမဆိုလုပ်မယ်၊ အာဏာတည်မြဲရင် ပြီးရောပဲ"

အကြောက်တရားနဲ့ ပြည်သူတွေကို အုပ်ချုပ်နေတယ်လို့လည်း သူကပြောပါတယ်။

"အကြောက်တရားဟာ အရမ်းကြီးဆိုးတယ်၊ တစ်ဖက်ကလည်း လုပ်ပြတယ်။ ကြောက်တဲ့သူကို ဖိခြောက်တာပဲ"

လက်ရှိဒေါ်အောင်ဆန်းစုကြည်ဟာ စွပ်စွဲထားတဲ့ အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပါတယ်။

လာမယ့်ဇွန်လ ၁၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် အသက် ၇၈ နှစ်ပြည့်မှာဖြစ်ပြီး ဒီတစ်ကြိမ်မွေးနေ့ကိုလည်း အကျဉ်းစံဘဝနဲ့ ဖြတ်သန်းရဖို့ ရှိနေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။