စစ်ကောင်စီအုပ်ချုပ်ရေးလွန်ကာလ စစ်တပ်ကိုဘယ်လိုပြောင်းလဲမလဲ
2023.11.30

ပြီးခဲ့တဲ့လက ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက စတင်ခဲ့ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် မြန်မာစစ်ခေါင်းဆောင်တွေဟာ အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ စစ်တပ်ရဲ့အုပ်စိုးမှု ပြိုလဲတော့မှာကို စိုးရိမ်ပူပန်ရတဲ့ အခြေအနေ ရောက်လာပါတယ်။
မြန်မာစစ်တပ်ကို အတိုက်အခံတွေဘက်က အနိုင်ရဖို့ဆိုတာ မသေချာသေးပေမဲ့ အခုအချိန်မှာ အရပ်သားအစိုးရအုပ်ချုပ်မှုကို ပြန်ရောက်ဖို့ မျှော်လင့်ချက်ရှိလာပြီလို့ ဆောင်းပါးရှင်က ဆိုပါတယ်။
ရှေ့ဆက်ပြီး စစ်တပ်က တိုက်ပွဲမှာ ရှုံးနိမ့်လို့ပဲ ဖြစ်ဖြစ်၊ စေ့စပ်ညှိနှိုင်းနိုင်လို့ပဲ ဖြစ်ဖြစ် အရပ်သားအစိုးရ တက်လာနိုင်ရင် ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်း တာဝန်တွေက ကြီးမား များပြားလှပါတယ်။ စီမံခန့်ခွဲမှု အလွဲတွေကြောင့် ပျက်စီးသွားတဲ့ နိုင်ငံ့စီးပွားရေးကို ပြန်နာလန်ထူဖို့၊ ဒီမိုကရေစီ အဆောက်အဦတွေ ပြန်လည်တည်ထောင်ဖို့နဲ့ ထိရောက်တဲ့ အစိုးရတစ်ရပ် ပြန်လည်ထူထောင်ဖို့ စသည်ဖြင့် ဆက်လုပ်ရမယ့် လုပ်ငန်းပေါင်းများစွာ ရှိနေပါတယ်။
ဒီလုပ်ငန်းတွေလိုပဲ အလားတူ အရေးကြီးသလို၊ အမြန်ဆုံးလုပ်ရမယ့် တာဝန်တစ်ခုကတော့ မြန်မာနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရေး စလုပ်ဖို့ပဲ ဖြစ်ပါတယ်လို့ ဆောင်းပါးရှင်ကဆိုပါတယ်။
စစ်ခေါင်းဆောင်တွေကို သူတို့ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ရာဇဝတ်မှု အမျိုးမျိုးအတွက် အရေးယူအပြစ်ပေးဖို့ လုပ်ရုံတင်မကဘဲ၊ အဲဒီနောက်ပိုင်းမှာ စစ်တပ်အပါအဝင် မြန်မာနိုင်ငံက လက်နက်ကိုင်တပ်ဖွဲ့တွေကို ပြုပြင်ပြောင်းလဲရေး လုပ်ရာမှာ ထည့်စဉ်းစားရမယ့် တာဝန်လေးခုရှိတယ်လို့ သူကဆိုပါတယ်။
ပထမဆုံးအနေနဲ့ တပ်မတော်လို့ခေါ်တဲ့ လူများစု ဗမာလူမျိုးတွေလွှမ်းမိုးထားတဲ့ စစ်တပ်ကို လုံးဝဖျက်သိမ်းပြီး အသစ်က ပြန်လည်တည်ဆောက်ဖို့ ဖြစ်ပါတယ်။
ဒါဆို ဖျက်သိမ်းလိုက်တဲ့ တပ်မတော်နေရာမှာ ဘာနဲ့အစားထိုးမလဲ မေးစရာရှိပါတယ်။ အာဏာရှင်တော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စုစည်းပြီး သက်ဆိုင်ရာ တိုင်းရင်းသားလူနည်းစုတွေ အချိုးကျပါဝင်တဲ့ ဗြိတိသျှစတိုင် ဒါမှမဟုတ် အိန္ဒိယမှာကျင့်သုံးနေတဲ့ ပုံစံ တပ်ဖွဲ့မျိုး ဖွဲ့စည်းဖို့ အသင့်လျော်ဆုံးဖြစ်ပါတယ်။ ပြည်နယ်၊ တိုင်းဒေသတွေမှာ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစုအလိုက် တပ်ဖွဲ့တွေ ဖွဲ့စည်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံအဆင့် အမိန့်ပေးစေခိုင်းမှုစနစ်ထဲမှာ ပါဝင်စေဖို့ လိုပါတယ်။ ဒီအတွက် သူတို့ရဲ့ သက်ဆိုင်ရာ ယူနီဖောင်းနဲ့ တံဆိပ်တွေအတိုင်း ဆက်ထားခွင့်ပြုပြီး ဗဟိုက ထိန်းချုပ်တဲ့ လစာ၊ ထောက်ပို့ စနစ်၊ စစ်သင်တန်းနဲ့ စည်းမျဉ်းစည်းကမ်းတွေ အောက်ကို ထည့်သွင်းဖို့ လိုပါတယ်။
ဒီလို တိုင်းရင်းသားအဖွဲ့တွေကို ဗဟိုကထိန်းချုပ်မယ့် စနစ်တစ်ခုထဲ ထည့်သွင်းနိုင်မှလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ မဟာမိတ်တွေရဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းမှုတွေကို ရနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့လည်း ဖိလစ်ပိုင်နိုင်ငံ မင်နာဒါအိုကျွန်းနဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေး ပြည်နယ်တွေမှာ ငြိမ်းချမ်းရေးယူခဲ့စဉ်က လက်နက်ဖျက်သိမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ပါဝင်ကူညီခဲ့သလိုပဲ ဝိုင်းဝန်းကူညီဖို့ လိုပါတယ်။
ဒုတိယတာဝန်ကတော့ စစ်ကောင်စီနောက်ပိုင်း တက်လာတဲ့အစိုးရဟာ မြန်မာစစ်တပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖျက်သိမ်းမယ်ဆိုရင် သက်ဆိုင်ရာတပ်သားတွေအတွက် ပင်စင်နဲ့ အခြားရပိုင်ခွင့်တွေ ကိစ္စကို ခက်ခက်ခဲခဲ ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေဟာ စစ်တပ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေ များပြားလွန်းလှတာကြောင့် တာဝန်က ရပ်နားခွင့်ပေးလိုက်တဲ့ စစ်သားဟောင်းတွေကို ဘာရပိုင်ခွင့်မှ မပေးသင့်ပေမဲ့လည်း၊ ဒါကို မကျေနပ်တဲ့ စစ်သားဟောင်းတွေက နိုင်ငံမငြိမ်မသက်ဖြစ်အောင် မီးမွှေးမယ့် အလားအလာလည်း ရှိနေပြန်ပါတယ်။
တကယ်လို့ စစ်သားဟောင်းတွေကို ပင်စင်နဲ့ ရပိုင်ခွင့်တွေ ပေးမယ်ဆိုရင် အခြားတိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တွေကိုရော အလားတူ ပေးမှာလားလို့လည်း မေးစရာ ရှိနေပါတယ်။
တော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့အဖွဲ့တွေဟာ တော်လှန်ရေးပြီးသွားရင် အသစ်ဖွဲ့စည်းမယ့် စစ်တပ်အသစ်မှာ အလုပ်အကိုင်နဲ့ ခံစားခွင့်တွေရပြီး အရေးပါတဲ့ ရာထူးတာဝန်တွေ ရကြဖို့ မျှော်လင့်ချက် ရှိနေတတ်ပါတယ်။
ဥပမာ အရှေ့တီမောမှာ တော်လှန်ရေးအောင်မြင်ပြီး နိုင်ငံသစ်တည်ထောင်နိုင်တဲ့အချိန်က တော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်သားတွေဟာ တော်လှန်ရေးအပြီးမှာ သူတို့ မျှော်လင့်ထားသလို အရေးပါတဲ့ ရာထူးတာဝန်တွေ မရကြတဲ့ အဖြစ်တွေ ရှိနေပါတယ်။
တတိယ တာဝန်ကတော့ နောက်တက်လာတဲ့ အစိုးရဟာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC နဲ့ ဦးပိုင် ကုမ္ပဏီတို့လို စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးတွေကို အမြန်ဆုံး ပုဂ္ဂလိကပိုင် လုပ်ဖို့ ဖြစ်ပါတယ်။ ဒီ စစ်တပ်ပိုင် လုပ်ငန်းကြီးနှစ်ခုနဲ့ လက်အောက်က လုပ်ငန်းခွဲ ၁၀၀ ကျော်လောက်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍတိုင်းလိုလိုမှာ ဝင်ရောက်ပြီး ချုပ်ကိုင်ထားပါတယ်။
စစ်တပ်ရဲ့ အလုပ်က စစ်ရေးတာဝန်ယူဖို့ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ဖို့ မဟုတ်ပါဘူး။ စစ်တပ်ကို စီးပွားရေးလုပ်ခွင့်ပေးထားတာဟာ မြန်မာစစ်ခေါင်းဆောင်တွေ အကျင့်ပျက်ခြစားဖို့ လမ်းစဖြစ်လာပါတယ်။ စစ်တပ်ဆိုတာဟာ အရပ်သားအစိုးရကချပေးတဲ့ ဘတ်ဂျက်ငွေနဲ့ပဲ လည်ပတ်ရတာ ဖြစ်ရပါမယ်။ စီးပွားရေးဝင်လုပ်ပြီး ကိုယ့်အသုံးစရိတ် ကိုယ်တိုင်ရှာလို့ မရပါဘူးလို့ ဆောင်းပါးရှင်က ထောက်ပြထားပါတယ်။
နောက်ဆုံးတာဝန်ကတော့ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဖျက်သိမ်းလိုက်တဲ့နောက် လက်နက်နဲ့ တိုက်ခိုက်ရေး စက်ပစ္စည်းကိရိယာတွေ မှောင်ခိုဈေးကွက်ထဲ ရောက်မသွားအောင် နိုင်ငံတကာက ပူးပေါင်းကာကွယ်ကြဖို့ ဖြစ်ပါတယ်။ ဒါမှလည်း ဒီလက်နက်တွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေကျေပြီး နိုင်ငံမတည်ငြိမ်မှုတွေ ဆက်မဖြစ်အောင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။
အခုအချိန်မှာ တော်လှန်ရေးအင်အားစုတွေက စစ်တပ်က အနိုင်တိုက်နိုင်မလား ဒါမှမဟုတ် စေ့စပ်ညှိနှိုင်းပြီး သဘောတူညီချက် တစ်ခုခုရအောင် လုပ်နိုင်မလားဆိုတာ ပြောဖို့စောလွန်းပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စစ်တပ်ဟာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ လုပ်ချင်ရာလုပ်ခွင့်ရပြီး နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဝင်ပါခွင့်ရနေတာဟာ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ဒုက္ခပြဿနာအားလုံးရဲ့ အရင်းအမြစ် ဖြစ်နေပါတယ်။
ဒါကြောင့်မို့ ဒီလိုအခြေအနေမျိုး လုံးဝထပ်မဖြစ်တော့အောင် တားဆီးနိုင်မှ ဖြစ်ပါလိမ့်မယ်လို့ ဆောင်းပါးရှင် ဒေါက်တာ ဇက်ခါရီ အဘူဇာက သုံးသပ်ရေးသားထားပါတယ်။