စစ်ကောင်စီရဲ့ ၁၀ လကြာ အပစ်ရပ် ကြေညာချက် အကျိုးမရှိနိုင်

2022.03.04
စစ်ကောင်စီရဲ့ ၁၀ လကြာ အပစ်ရပ် ကြေညာချက် အကျိုးမရှိနိုင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ မေ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: AFP

စစ်ကောင်စီက ထာဝရ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်တယ်ဆိုပြီး ဒီနှစ်ကုန်အထိ အပစ် အခတ် ရပ်စဲရေး ကြေညာလိုက်ပေမယ့် ဒီလိုကြေညာတာဟာ မြေပြင်မှာ တိုက်ပွဲတွေ လျော့သွားမှာ မဟုတ်သလို လူထုအတွက် ဘာအကျိုးမှ ထူးမှာမဟုတ်ဘူးလို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်တဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ဟာ မတ်လ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိဖြစ်လို့ ၁၀ လကြာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တွဲဖက်အထွေထွေ အတွင်းရေးမှူး ခူးဒယ်နီယာက ဒီအပစ်အခတ်ရပ်စဲရေးကို မယုံကြည်ဘူးလို့ RFA ကို ပြောပါတယ်။

“သူတို့ ထုတ်တာနဲ့ တိုက်ပွဲနဲ့ တခြားစီပါပဲ။ ဘယ်နေရာမှာမှ မရပ်ပါဘူး။ အခုလည်း သူ ကချင်ကိုလည်း စစ်ဆင်ရေး လုပ်နေတာပဲ။ ရခိုင်ကိုလည်း သူ လုပ်မှာပဲ။ ကရင်နီ ကိုလည်း သူ ချဦးမှာပဲ ။ သူတို့ ကြေညာချက်နဲ့ လုပ်ရပ်နဲ့က တခြားစီပါပဲ။ ကြာပါပြီ။ ကျွန်တော်တို့က ဒီဟာတွေကို အလွတ်ရနေပြီ"

KNPP ရဲ့ လက်နက်ကိုင်တပ် ကရင်နီတပ်မတော် (KA) ဟာ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတချို့မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ ပူးပေါင်းပြီး ခုခံတိုက်ခိုက် နေတာပါ။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၁၁၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ KA နဲ့ ပူးပေါင်း တိုက်ခိုက် နေတဲ့ KNDF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ စစ်ရေးလှုပ်ရှားမှုတွေ အားလုံး ရပ်မယ်ဆိုပြီး ထုတ်ပြန် ခဲ့တာဟာ စစ်အာဏာသိမ်းမှု ၁၃ လ အတွင်း ကိုးကြိမ်တိတိ ရှိပါပြီ။

အခုလို အပစ်ရပ်ကြောင်း ကြေညာချက်တွေ အကြိမ်ကြိမ် ထုတ်ပြန်တာဟာ တိုင်းပြည် အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို အပြစ်ပုံချချင်လို့ပဲ ဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“စစ်တပ်က စစ်ရေးလှုပ်ရှားမှု ရပ်တန့်မယ်ဆိုတာကို ကျွန်တော်ကတော့ ယုံကြည်မှု မရှိဘူး။ စစ်တပ်က သူ့ရဲ့ အပြစ်တွေကို ဖုံးကွယ်နိုင်ဖို့အတွက် ကျွန်တော်တို့ တိုင်းရင်းသားတွေ၊ NUG ၊ PDF တွေကို အပြစ်ပြန်တင်ဖို့ တမင်တကာ အကွက်ဆင်တဲ့ ပုံစံမျိုးနဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာတယ်လို့ ကျွန်တော် ထင်တယ်”

စစ်ကောင်စီက စစ်ရပ်စဲကြောင်း ကြေညာခဲ့တဲ့ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာပဲ KIO ရဲ့ လက်နက်ကိုင်တပ် KIA နဲ့ စစ်ကောင်စီအကြား စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲအကြိမ် ၅၀၀ ဝန်းကျင် ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ ဒါ့ကြောင့် အခုကြေညာတဲ့ ၁၀ လကြာ အပစ်အခတ် ရပ်စဲတာဟာလည်း ဘာမှ ထူးခြားလာမှာ မဟုတ်ဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက မှတ်ချက် ပြုပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ တပ်တွေကို ခုခံတိုက်ခိုက်နေရတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ဗဟို နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး ကတော့ စစ်ကောင်စီအနေနဲ့ အမှန်တကယ် အပစ်အခတ် ရပ်စဲချင်တယ်ဆိုရင် တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်း တွေကို ချက်ချင်း ပြန်ရုပ်သိမ်း ပေးဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

“ ထပ်ခါထပ်ခါ မရိုးနိုင် မအီနိုင်တဲ့ ဟာသမြောက်တဲ့ အပြောတွေပဲလို့ ပြောရမှာပဲ။ ဒါက မုသာဝါဒတွေပါ။ သူပြောတဲ့ တစ်ချိန်တည်းမှာပဲ စစ်ဆင်ရေးတွေက တောက်လျှောက် ဖြစ်နေတာ။ တိုက်ပွဲတွေက နေ့တိုင်းဖြစ်နေတယ်။ တပ်တွေက လုံးဝ မဆုတ်ဘူး။ တပ်တွေက ဒီအတိုင်း ဆိုင်ထားပြီး တိုက်ပွဲတွေဖြစ်နေတာ ဘယ်လိုလုပ်ပြီး အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာနိုင်မလဲ။ ပထမဆုံး တပ်တွေကို ပြန်ဆုတ်ပါ။ အဲဒါလုပ်ပြီးမှ နိုင်ငံရေးကိစ္စကို ခေါင်းထဲမှာ စဉ်းစားလို့ရမယ်။ ဒီဟာတွေ လုံးဝ မလုပ်ဘဲနဲ့ ဘယ်လိုလုပ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မလဲ”

ဒါ့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ဆိုရင် စစ်ကောင်စီဘက်က ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်မှုကို အာမခံဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အားလုံးပါဝင်ခွင့်ရဖို့၊ ဆွေးနွေးပွဲအပေါ် နိုင်ငံတကာ ကြီးကြပ်မှုကို လက်ခံဖို့၊ စစ်တပ်ဟာ နိုင်ငံရေးက ဆုတ်ခွာ ဖို့နဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို လိုက်နာဖို့ဆိုတဲ့ အချက် ၅ ချက်ကို မဖြစ်မနေ အာမခံချက် ပေးရလိမ့်မယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

"သူတို့ ကြေညာချက်နဲ့ လုပ်ရပ်နဲ့က တခြားစီပါပဲ။ ကျွန်တော်တို့က ဒီဟာတွေကို အလွတ်ရနေပြီ"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်ကလည်း စစ်တပ်ဟာ တွေ့ဆုံဆွေးနွေးရေးကို တကယ် လိုလားတယ် ဆိုရင် အပြစ်မဲ့ပြည်သူတွေအပေါ် မတရားဖမ်းဆီး၊ သတ်ဖြတ်တာနဲ့ အင်အား အဆမတန် သုံး တိုက်ခိုက်တာတွေကို အရင်ဆုံး ရပ်တန့်ရမယ်၊ ဒါ့အပြင် မတရား ဖမ်းဆီးခံထားရသူ အားလုံးကို လွှတ်ပေးဖို့လိုသလို ဥပဒေမဲ့ လုပ်ရပ်တွေ အပေါ်မှာလည်း တာဝန်ခံဖို့ ကတိကဝတ်ပြုနိုင်ရမယ်လို့ ပြောပါတယ်။

စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ NUG၊ CRPH တို့လို အဖွဲ့တွေကို ပါဝင်ခွင့် မပြုနိုင်ဘူးလို့ တုံ့ပြန်ပါတယ်။

“ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆက်လုပ်တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ ယခင် တုန်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများရော၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက် ပြီး လေ့လာသုံးသပ်နေသူတွေ ပြောတာရော အစိုးရအနေနဲ့ ကြိုတင် ကန့်သတ်ချက်ရှိတဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်တယ်။ ဆွေးနွေးမှုတွေ မလုပ်ဆောင်ခင် မှာလည်း ကြိုတင် ကန့်သတ်တယ်။ ဒါ့ကြောင့် မအောင်မြင်ဘူးလို့ ပြောတဲ့အတွက် ကျွန်တော်တို့အနေနဲ့ မည်သည့် ကြိုတင်ကန့်သတ်ချက်မှ မထားဘဲ အတတ်နိုင်ဆုံး ဆွေးနွေးသွားမယ်ဆိုပြီး ဆွေးနွေးခဲ့တာရှိတယ်။ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ အနေနဲ့ ဆွေးနွေးစရာ အကြောင်း မရှိဘူးဆိုတာ ကျွန်တော်တို့ရဲ့ နဂိုမူလရပ်တည်ချက် အတိုင်းပဲ ရှိနေတယ်”

KNPP
(ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။) Photo: Karenni Nationalities Defense Force - KNDF BO1

စစ်တပ်လိုလားနေတဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ အင်အားစုတွေ လိုလားတဲ့ ငြိမ်းချမ်းရေးက ကွာဟလွန်းတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ် ပါတယ်။

“စစ်တပ်က ငြိမ်းချမ်းရေးဆိုတာက နိုင်ငံရေးမှာ သူ့ရဲ့ အခန်းကဏ္ဍနဲ့ သူ့ရဲ့ ဆုံးဖြတ် ပိုင်ခွင့်ပါတဲ့ ငြိမ်းချမ်းရေးမျိုးကို သူက စဉ်းစားတာ။ ဒီဘက်က လူတွေက စဉ်းစားတာ က စစ်တပ်ပါလို့ မရတဲ့ ငြိမ်းချမ်းရေး၊ စစ်တပ်ဆိုတာ ယန္တရားစနစ် တစ်ခုတည်းမှာ ရှိတဲ့ အဖွဲ့အစည်း တစ်ခုအနေနဲ့ပဲ မြင်ချင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့။ အဲဒီငြိမ်းချမ်းရေး အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုက ကွဲနေပြီလို့ မြင်တယ်။ အဲဒီဟာက တော်ရုံညှိလို့ ရမယ့်ဟာတော့ မဟုတ်ဘူး”

လက်ရှိ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၈ ဖွဲ့ရှိပြီး ၁၀ ဖွဲ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ် ထိုးထားပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရပ်တန့်သွားတဲ့အပြင် ချင်း၊ ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာပါတယ်။

သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အင်စတီကျူ (ISP-Myanmar) ရဲ့ ဖေဖော်ဝါရီ ၂ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာ သိမ်းမှု တစ်နှစ်အတွင်း ဒေသအသီးသီးမှာ လက်နက်ကိုင် တိုက်ပွဲ ၂,၂၇၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် ငါးသိန်းခွဲ ဝန်းကျင်ရှိတယ်လို့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ကာလတွေအတွင်း စစ်ကောင်စီက ထာဝရငြိမ်းချမ်းရေး အတွက်ဆိုပြီး အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။