လွိုင်ကော်တောင်သူ ၂၁ ဦးကို တပ်က ဒုအကြိမ် တရားစွဲမှု ဝေဖန်ခံရ
2020.06.30
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် တရားရုံးက ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၁၅ ရက် စီရင်ချက်ချထားခဲ့တဲ့ တောင်သူ ၂၁ ဦးကို တပ်မတော်က နှစ်နဲ့ချီ ထောင်ကျနိုင်တဲ့ ပုဒ်မတွေနဲ့ ထပ်မံတရားစွဲဆိုလာတာဟာ မျှတမှုမရှိဘူးလို့ ဒေသတွင်း မြေယာအရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့နယ်က အမှတ် ၃၅၆ အမြောက်တပ်ရင်း မြေဧရိယာထဲမှာ ကျူးကျော်ဝင်ရောက် စိုက်ပျိုးခဲ့တယ်ဆိုပြီး တောင်သူ ဦးဦးရယ် အပါအဝင် တောင်သူ ၂၁ ဦးကို မြို့နယ်တရားရုံးက ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ငွေဒဏ် နှစ်သောင်းနဲ့ ပျက်ကွက်ပါက ထောင်ဒဏ် ၁၅ ရက်ကျခံဖို့ ချမှတ်ခဲ့တာပါ။
တရားလိုဖြစ်တဲ့ အမှတ် ၃၅၆ အမြှောက်တပ်ရင်းက ဗိုလ်မှူး မိုးဝင်းထက်က ပြင်ဆင်ချက်တက်ရာမှာ ခရိုင်တရားရုံးက ပြီးခဲ့တဲ့လ ၁၁ ရက်နေ့မှာ ပလပ်ခဲ့တာကြောင့် ပြည်နယ်တရားလွှတ်တော်ရုံးအထိ ရောက်လာတာလို့ တောင်သူတွေရဲ့ ရှေ့နေ ဦးစောခူးတလေက ပြောပါတယ်။
“ခရိုင်ရုံးကို အရင်ပြင်ဆင်မှုတက်တယ်။ ခရိုင်ရုံးက ပလပ်လိုက်တယ်။ ပလပ်လိုက်တော့ ပြည်နယ်တရားလွှတ်တော်ကို ထပ်တက်တာပေါ့။ ပထမရုံးချိန်းကတော့ ပြီးသွားပြီး တောင်သူတွေ ရောက်ရှိကြောင်း အကြောင်းကြားတာနဲ့ ရှေ့နေပါဝါတင်တယ်။ လာမယ့် ဒုတိယရုံးချိန်းကတော့ လျှောက်လဲချက်ပေးရမယ်။ အခုလောလောဆယ်တော့ ဒုတိယရုံးချိန်းကတော့ ထွက်မလာသေးဘူးဗျ။”
တောင်သူ ၂၁ ဦးက အရင်မူလက စွဲထားတဲ့ ပုဒ်မတွေဖြစ်တဲ့ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)၊ ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ညစ်ညမ်းစွာ ဆဲဆိုမှု ပုဒ်မ ၂၉၄ နဲ့ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ တို့နဲ့ စွဲခံရတာဖြစ်တယ်လို့ ရှေ့နေ ဦးစောခူးတလေက ပြောပါတယ်။
ကယားပြည်နယ် တရားလွှတ်တော်က တောင်သူတွေဆီ ပေးပို့ခဲ့တဲ့ အကြောင်းကြားစာမှာ ဦးဦးရယ်နဲ့ ခူးရှားရယ်တို့ ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ ခလရ (၂၅၀) က အုတ်တံတိုင်းတွေဟာ ပြည်သူပိုင်ပစ္စည်းတွေဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၁၄၉ သိန်းလောက် ရှိတာကြောင့် နိုင်ငံ့ဘဏ္ဍာ ဆုံးရှုံးမှုနဲ့နှိုင်းယှဉ်ရင် ပြစ်ဒဏ်ဟာ နည်းပါးလွန်းကြောင်း တရားလိုဘက်က ရေးသားပေးပို့ထားတယ်လို့ တောင်သူတွေအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
အခုလို ထပ်မံပြင်ဆင်မှုတက်ပြီး ဒုတိယအကြိမ် တရားစွဲတာဟာ တောင်သူတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာအောင် လုပ်ဆောင်နေတာဖြစ်ပြီး ဒီလုပ်ရပ်ဟာ တောင်သူတွေကို ခြိမ်းခြောက်တာဖြစ်တယ်လို့ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂရဲ့ ဥက္ကဋ္ဌ ဦးတူရယ်က ပြောပါတယ်။
“အခုဟာက ထပ်ပြီး တရားစွဲတယ်။ ထပ်ပြီး တောင်သူလယ်သမားတွေကို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော ထိခိုက်နစ်နာအောင် လုပ်ဖို့ကြိုးစားနေတယ်ဆိုတာက စစ်တပ်နဲ့ ပတ်သက်လာရင် သူတို့ မြေနဲ့ပတ်သက်လာရင် တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ လာမလုပ်နဲ့ တရားစွဲလိုက်မယ်ဆိုတဲ့ ပုံစံမျိုး သက်ရောက်နေတယ်လို့ မြင်တယ်။ တရားဥပဒေစိုးမိုးမှုက ဘယ်လောက်ထိ စစ်တပ်ဘက်မှာ မျက်နှာမူနေတယ်ဆိုတာ ကျွန်တော်တို့ ကြည့်လို့ရတယ်။ ဒီလုပ်ရပ်တွေက တောင်သူလယ်သမားကို ခြိမ်းခြောက်နေတယ်လို့ ကျွန်တော်မြင်တယ်။”
တောင်သူတွေဟာ ရိုးရာဓလေ့အရ ပိုင်ဆိုင်မှုတွေနဲ့ လုပ်ကိုင်ခဲ့သလို နောက်ပိုင်းမှာ တချို့က ပုံစံ ၇ ရှိနေပေမယ့် မြေစာရင်းရုံးက မှားယွင်းထုတ်ပေးတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အသိမှတ်မပြုတော့ဘဲ သိမ်းဆည်းခဲ့တာကြောင့် ဥပဒေနဲ့မညီဘူးလို့ တောင်သူတွေကို ကူညီဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။
တောင်သူတွေအနေနဲ့ ထောင်ဒဏ်ကျခံခဲ့ရသလို မြေယာပြန်လည်မရရှိတဲ့အပြင် အခုလို ပြင်ဆင်မှု တက်လာတာဟာ တရားမျှတမှုမရှိဘူးလို့ ကရင်နီပြည် မြေယာအရေး တက်ကြွလှုပ်ရှားသူ ဦးကျော်ထင်အောင်က ပြောပါတယ်။
“ပုံစံ ၇ ရှိရဲ့သားနဲ့တောင် မစွန့်လွှတ်တာဟာ လုံးဝ တရားဥပဒေပိုင်းဆိုင်ရာကပါ အားရှိသူက အနိုင်ယူသွားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ မြေစာရင်းဌာနကပဲ မှားယွင်းထုတ်ပေးတယ်ဆိုတဲ့ ပုံစံမျိုး တပ်ပိုင်မြေမှန်း မသိရှိတဲ့ ပုံစံမျိုးလောက်နဲ့ပဲ ပြီးသွားပြီးတော့။ ဒီဘက်တောင်သူတွေလည်း ထောင်ကျပြီးတော့ အခုလည်း မြေပြန်မရတဲ့အပြင် အခုလို ပြင်ဆင်ပြန်တက်ရခြင်းကိုတော့ ကျွန်တော်အနေနဲ့ကတော့ တရားမျှတမှု လုံးဝမရှိဘူးလို့ပဲ မြင်ပါတယ်”
ဒီကိစ္စနဲ့ပတ်သက်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ခင်မောင်ဝင်းကို RFA က မေးမြန်းဖို့ ကြိုးပမ်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်က တကယ် အသုံးပြုနေတဲ့ မြေထဲကို တောင်သူတွေ ဝင်ရောက်လုပ်ကိုင်နေပြီး ပိုမိုဆိုးရွားလာမှာ စိုးတာကြောင့် ဥပဒေကြောင်းအရ တရားစွဲဆိုထားရတာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့က RFA ကို ပြောကြားထားပါတယ်။
“ကျနော်တို့အနေနဲ့ တစ်ခုရှိတာက တပ်မြေလို့ သတ်မှတ်ထားတဲ့ နေရာအထိ ကျူးကျော် ဝင်ရောက်လာရင်လည်း ကျူးကျော်ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး တရားဥပဒေအရ ဆောင်ရွက်ရမှာပဲ မဆောင်ရွက်ဘူးဆိုရင် ပိုပြီးတော့ ဆိုးလာမှာလေ၊ စွန့်လွှတ်နိုင်သမျှဟာလည်း စွှန့်လွှတ်ပြီးဖြစ်တယ်၊ တကယ် အသုံးပြုနေတဲ့မြေနဲ့ တကယ်အသုံးပြုမယ်လို့ ရည်မှန်းထားတဲ့မြေတွေ ကျန်တာတော့ ဆုပ်ကိုင်ထားတာ မရှိဘူး”
၁၉၉၀ ပြည့်နှစ်ဝန်းကျင်က ကယားပြည်နယ်မှာ တပ်မတော် သိမ်းဆည်းခဲ့တဲ့မြေတွေထဲက အသုံးမပြုတဲ့ မြေတွေကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကနေတစ်ဆင့် မြေဧကရာချီ ပြန်ပေးထားတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားခဲ့ပါတယ်။
လက်ရှိ တရားရင်ဆိုင်နေရတဲ့ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆/၁ ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ခုနှစ်နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်ပြီး ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ အရ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင် နှစ်နှစ် ဒါမှမဟုတ်ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သလို အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ ကို ကျူးလွန်ကြောင်း ထင်ရှားပါက နှစ်နှစ်အထိဖြစ်စေ ဒါမှမဟုတ် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးလည်း ချမှတ်နိုင်ပါတယ်။ ဆဲရေးတိုင်းထွာမှု ပုဒ်မ ၂၉၄ ကတော့ ထောင်ဒဏ် သုံးလ ချမှတ်နိုင်တယ်လို့ သိရပါတယ်။