စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ အနုပညာသမားတွေ ဝေဖန်ခံရ
2021.05.18
အာဏာသိမ်းစစ်ကောင်စီက ဒီရက်ပိုင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိရုပ်ရှင်ကို ထုတ်လုပ်ဖို့ စီစဉ်မှုနဲ့ မန္တလေးမြို့မ တီးဝိုင်းကို ဖြေဖျော်ခိုင်းမှုတွေဟာ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို မှေးမှိန်အောင် ကြိုးစားမှုတွေဖြစ်ပြီး ပြည်သူတွေ သတ်ဖြတ်ညှဉ်းပန်းခံနေရသလို ဘဝတူ အနုပညာသမားတွေ ဖမ်းဆီး ထွက်ပြေးနေရစဉ်မှာ အခုလို အာဏာရှင်တွေနဲ့ ပူးပေါင်းဆက်ဆံမှုတွေကို ရှောင်ကြဉ်သင့်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
၁၉၈၈ အာဏာသိမ်းပြီးနောက် စစ်တပ်ခေါင်းဆောင်တွေ အရင်ဆုံးပြုလုပ်တဲ့ ဆောင်ရွက်မှုတွေထဲမှာ သူတို့ရဲ့ လူမဆန်သတ်ဖြတ်မှုတွေအတွက် နာကြည်းမှုနဲ့အတူ ကိုယ်စိတ်ဒဏ်ရာတွေရပြီး ထိခိုက်ပင်ပန်းနေတဲ့ လူထုကို စည်းရုံးဖြားယောင်းတဲ့အနေနဲ့ အနုပညာသမားတွေကို အသုံးပြုခြင်းလည်း ပါဝင်ပါတယ်။
အဲဒီကာလမှာ လူထုဘက်က မားမားရပ်ပြီး စစ်ခေါင်းဆောင်တွေရဲ့ ကမ်းလှမ်းချက်တွေကို ဆန့်ကျင်ခဲ့သူတွေ ရှိသလို စစ်တပ်အလိုကျ သီဆိုဖျော်ဖြေခဲ့တဲ့ ဂီတသမားတွေနဲ့ ရိုက်ကူးသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်လောကသားတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ အဲဒီခေတ်က စစ်ခေါင်းဆောင်တွေနဲ့ ပေါင်းပြီး သန်းကြွယ်သူဌေး ဖြစ်သွားကြတဲ့ အနုပညာသမားတွေကိုလည်း အခုအထိ အထင်ကရ မြင်နိုင်ပါတယ်။
ဒီမိုကရေစီနည်းကျအစိုးရထံကနေ လတ်တလော အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကလည်း အဲဒီလမ်းစဉ်ဟောင်းအတိုင်း အနုပညာသမားတွေကို အခုစည်းရုံးခြိမ်းခြောက်နေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ဒါဟာ လူထုအပေါ် စစ်တပ်ရဲ့လူမဆန် ရက်စက်မှုတွေကို ဖုံးကွယ်ပြီး ပြည်သူနဲ့ နိုင်ငံတကာကို လှည့်စားမှုဖြစ်သလို အနုပညာသမားအချင်းချင်း သွေးခွဲမှုလည်း ဖြစ်တယ်လို့ သူတို့က သုံးသပ်ကြပါတယ်။
အရင်အစိုးရလက်ထက်က ရိုက်ကူးပြီး အဆုံးမသတ်နိုင်သေးတဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိရုပ်ရှင်ကို အပြီးသတ်ထုတ်လုပ်ဖို့ စစ်ကောင်စီက မေလ ၁၆ ရက်နေ့မှာ အစည်းအဝေးကျင်းပခဲ့သလို မေလ ၁၇ ရက်နေ့ကလည်း မန္တလေးရှိ အရင်စစ်တပ်ပိုင်ဝင်းအတွင်း ဆောက်လုပ်ခဲ့တဲ့ ရတနာပုံခန်းမဖွင့်ပွဲမှာ နာမည်ကျော် မြို့မတီးဝိုင်းကို တီးခတ်ဖျော်ဖြေခိုင်းခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ခဲ့သူတဦးဖြစ်တဲ့ ဒါရိုက်တာ စိုးမိုး ကတော့ သူဟာ အနုပညာသမားဖြစ်တယ်၊ နိုင်ငံရေးသမားမဟုတ်ဘူးလို့ ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။ ပန်းချီစိုးမိုးဟာ အဲဒီ ရုပ်ရှင်အတွက် ဇတ်ကောင်ရွေးချယ်သူဖြစ်ပြီး ဒါရိုက်တာကတော့ စစ်ကောင်စီဖမ်းဆီးထားတဲ့ ကိုလူမင်းဖြစ်ပါတယ်။ သီချင်းရေးစပ်သူ မင်းချစ်သူက ပန်းချီစိုးမိုး ရဲ့ပြောစကားတွေကို ငြင်းပယ်လိုက်ပြီး အနုပညာသမားတွေဟာ လူထုနဲ့ တသားတည်းရှိရမယ်လို့ RFA ကို ပြောပါတယ်။
“ကျနော်တို့အတူတူလုပ်လာတဲ့ ရဲဘော်ရဲဘက်တယောက်ကို ဖမ်းထားတဲ့အချိန်မှာ ကျနော်ဘယ်လိုမျက်နှာ နဲ့ ဘယ်လိုနှလုံးသားနဲ့ ဆက်လုပ်မလဲဆိုတာ ကျနော်အံ့သြလွန်းလို့။ ကျနော်တို့ အနုပညာသမားတွေဆိုတာ ပရိသတ်တွေ အားပေးလို့ ဒီအနုပညာ ရှင်သန်တာ။ ကျနော်တို့ ပရိသတ်တွေ ကျေနပ်တယ်၊ ပျော်ရွှင်တယ်၊ စိတ်ချမ်းသာတယ်ဆိုတဲ့အချိန်မှာ ကျနော်တို့ အနုပညာလုပ်မယ်။ ကျနော်တို့ ပရိသတ်တွေ စိတ်မချမ်းသာဘူး မပျော်ရွှင်ဘူး မကျေနပ်ဘူးဆိုတဲ့ အချိန်မျိုးမှာ ကျနော်တို့က ပရိသတ်နဲ့အတူရပ်တည်ပြီး သူတို့နဲ့ဆန့်ကျင်တဲ့အလုပ်ကိုတော့ မလုပ်နိုင်ဘူး။ အဲလို လုပ်ဖို့လဲ မသင့်တော်ဘူး။ အဖမ်းခံနေရတဲ့သူတွေ ရှိတယ်၊ ဝရမ်းကပ်ခံရပြီး ရှောင်နေရတဲ့သူတွေ ရှိတယ်၊ ဒီလူတွေကိုမှ ကျနော်တို့က မထောက်မထား အားမနာ၊ တချို့ဆိုရင်လဲ အလုပ်ကြီးတခုကို အတူတူလုပ်ခဲ့ပြီးတော့မှ ကိုယ်နဲ့အတူတူလုပ်ခဲ့သူက အဖမ်းခံရတယ် ကိုယ်ကဒီအလုပ် ဆက်လုပ်တယ်ဆိုတော့ ဒါကတော့ ဘယ်လိုမှ မဖြစ်သင့်ဘူးလို့ ကျနော်က ယူဆတယ်။ ကျနော်ကတော့ ပြည်သူတွေနဲ့ ဆန့်ကျင်တဲ့အလုပ်ကို လုပ်မှာမဟုတ်ဘူး၊ အဲလို လုပ်တဲ့သူတွေကိုလည်း ဆန့်ကျင်ပါတယ် ရှုတ်ချပါတယ်။”
မန္တလေးက စစ်တပ်ပိုင်ဝင်းအတွင်း ဆောက်လုပ်ခဲ့တဲ့ ခန်းမကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားပိုင်ဆိုင်တယ်လို့ စစ်တပ်အသိုင်းအဝန်းက ပြောပါတယ်။ အဲဒီသတင်းကို အတည်မပြုနိုင်သေးပေမယ့် ကျင်းပခဲ့တဲ့ အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဖျော်ဖြေဖို့ အတွက် မြို့မတီးဝိုင်းကို ဖိအားပေးခြိမ်းခြောက်ခဲ့တယ်လို့ သတင်းထွက်ပါတယ်။ မန္တလေးဒေသခံ နာမည်ကျော် ကဗျာဆရာကြီး ကိုလေး အင်းဝဂုဏ်ရည်ကတော့ ခြိမ်းခြောက်မှုကြောင့် တီးခတ်ပေးရတယ်ဆိုတဲ့ ဆင်ခြေပေးမှုကို လက်မခံဘဲ မြို့မငြိမ်းတည်ထောင်ခဲ့တဲ့ အဲဒီ တီးဝိုင်းကို သူစိတ်ပျက်နေတာကြာပြီလို့ RFA ကိုပြောပါတယ်။
“မြို့မက တီထွင်ဆန်းသစ်မှု creative ဘာမှမလုပ်နိုင်တော့ဘူး၊ ဆရာငြိမ်းနဲ့ နန်းတော်ရှေ့သီချင်းနဲ့ ဦးဘသိန်းသီချင်း ၃ ခုပဲ တီးနေကြတာ။ ကျနော် မြို့မလဲ အထင်မကြီးတော့ဘူး။ ရှင်းပါတယ်ဗျာ။ အာဏာရှင်စနစ်ကတော့ အခြောက်တရား နဲ့ အမြှောက်တရား ဒီ ၂ ခုပဲ လက်ကိုင်ထားတာ။ ခြောက်လို့ရရင်ခြောက်မယ် မြှောက်လို့ရရင် မြှောက်မယ် အဲဒီထဲ ပါသွားတာပါဘဲ။ မြို့မ လောက်တော့ ပြောမနေပါနဲ့တော့။ ဒေါင်ဒေါင်မြည်တွေ တကယ့်အသက်ပေးပြီးတော့ ထောင်ထဲကို အကြာကြီး နှိပ်စက်ခံ နေလာတဲ့သူတွေတောင် အသာလေးခေါ် လက်ယပ်ခေါ် သွား ပါသွားတဲ့သူတွေ ရှိတာဘဲ၊ ဖြစ်မှာပဲလေ ဒါကလဲ။ သခင်စိုးကြီး စကားနဲ့ ပြောရရင် တော်လှန်ရေး ဓာတ်အားကုန်သွားပြီ၊ တခါတခါဟုတ်တယ် ဘက်ထရီဒေါင်းသွားတာတွေ ရှိတယ်”
တခြား အမည်မဖော်လိုတဲ့ နိုင်ငံရေးသမားရှေ့နေတဦးကလည်း လက်ရှိအခြေအနေက လူအားလုံး ကိုယ့်သမိုင်းကိုယ်ရေးတဲ့ခေတ်ပဲလို့ ဝေဖန်ပါတယ်။
“အခုအချိန်မှာ အနုပညာသမားတွေကလည်း ၂ ပိုင်းပေါ့၊ Majority အုပ်စုကြီးကတော့ ပိုင်တံခွန် တို့ လူမင်းတို့ ထောင်ထဲရောက်နေပြီ၊ လွတ်မြောက်နယ်မြေကို သွားနေရတဲ့ ချစ်သုဝေတို့ အုပ်စုလဲရှိနေတယ်။ အဲလိုအခြေအနေမှာ သစ္စာဖောက်တဲ့သူတွေလဲ ရှိမှာဘဲ ခေတ်တိုင်းမှာ။ ဂျပန်ခေတ်မှာ ဂျပန်အလိုတော်ရှိတွေ ရှိခဲ့တာဘဲ။ ကျနော့်အနေနဲ့ပြောရရင်တော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို ဒါရိုက်တာဖြစ်တဲ့ လူမင်း ထောင်ထဲရောက်နေချိန်မှာ မရိုက်သင့်ဘူး။ ခေတ်လဲမှားတယ် ဒီခေတ်မှာ မရိုက်သင့်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း စစ်တပ် မဟုတ်ဘဲ အကုန်လု အကုန်ရှိုှု့ အကုန်သတ်ဆိုတဲ့ ပေါ်လစီဆိုတဲ့ စစ်တပ်ဆိုတာ တတိုင်းပြည်လုံး သိနေတဲ့ တိုင်းရင်းသားတွေအကုန်သိနေတဲ့ အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကတော့ မထုတ်သင့်ဘူး။ အနူလက်နဲ့ ရွှေခွက်ကိုင်သလို ဖြစ်မယ်။ မြို့မ အသင်းကြီးကလည်း နဂိုကတည်းက နှစ်ခြမ်းကွဲနေတယ်လို့ ကျနော်တို့ သိတယ်။ အခုဒီလိုဆက်ပြီး လူထုဘက်က မရပ်တည်ဘဲ စစ်အာဏာရှင်ဘက်က ခိုင်းတာလုပ်မယ်ဆိုရင်တော့ အဲဒီလုပ်တဲ့အခြမ်းက စုံးစုံးမြုပ်ပြီးတော့ ပြည်သူတွေရဲ့ ဒဏ်ခတ်ခြင်းခံရမှာပဲလို့ ကျနော်ပြောချင်တယ်။”
အခုလို ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မြို့မအသင်းဥက္ကဋ္ဌ ဒေါက်တာလှခိုင်နဲ့ အတွင်းရေးမှူး ဦးဇင်မင်းထွန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
စစ်ကောင်စီဟာ မြန်မာပြည်ကို သူတို့ နိုင်နင်းစွာအုပ်ချုပ်နိုင်ပြီလို့ ပြည်တွင်းပြည်ပ ပြသနိုင်ရေး တစိတ်တပိုင်းအဖြစ် အနုပညာသမားတွေကို ဆက်လက်အသုံးချဖို့ ကြိုးစားမှာပဲလို့ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။