စစ်အာဏာသိမ်း အရေးပေါ်ကာလ ထပ်တိုးနိုင်ကြောင်း လေ့လာသုံးသပ်သူတွေပြော
2024.07.22

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး စစ်ကောင်စီက ငါးကြိမ်မြောက် အရေးပေါ်ကာလကို နောက်ထပ် ခြောက်လသက်တမ်းတိုးခဲ့တာ အခု ဇူလိုင်လ ၃၁ ရက်ဆို သက်တမ်းကုန်ဆုံးပြီဖြစ်ပါတယ်။
စစ်ကောင်စီဟာ အရေးပေါ်ကာလ သက်တမ်းပြည့်ဖို့ နီးကပ်လာချိန်မှာ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးမကောင်းဘဲ နေ့စဉ်လှုပ်ရှားဆောင်ရွက်နိုင်တာမရှိတာကြောင့် အနီးကပ်ကျန်းမာရေး စောင့်ရှောက်ပေးနေတယ်လို့ ဇူလိုင် ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
"ကာလုံအစည်းအဝေး အထမမြောက်နိုင်ရင် သက်တမ်းထပ်တိုးဖို့ဆိုတာလည်း ဥပဒေအရကို ခက်ခဲပါတယ်”
ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူကိုလည်း ကျန်းမာရေးအရ အနားယူခွင့်ပြုလိုက်ကြောင်း အခုနှစ် ဧပြီ ၂၂ ရက် နေ့က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ ယာယီသမ္မတနဲ့ ဒုသမ္မတ မတက်ရောက်နိုင်ဘဲ စစ်ကောင်စီအနေနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလသက်တမ်း ထပ်တိုးဖို့ မလွယ်ကူဘူးလို့ RFA ကို ပြောပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရကတော့ သူက ကာလုံကနေ ခွင့်ပြုမှပဲ သက်တမ်းတိုးလို့ရမှာလေ။ အဲတော့ ယာယီသမ္မတ ဦးမြင့်ဆွေကလည်း ဒါကျန်းမာရေးအရ ကာလုံကိုတက်နိုင်တဲ့အနေအထားမရှိဘူး။ ဒုတိယ သမ္မတဖြစ်တဲ့ ဟင်နရီ ဗန်ထီးယူကလည်းပဲ ဒါ သူ့ကို ကျန်းမာရေးအရ အနားပေးလိုက်တယ်ဆိုတော့ ဒီယာယီ သမ္မတရော၊ ဒုတိယသမ္မတရော မတက်ရောက်နိုင်ဘူးဆိုတော့ ဒါကာလုံအစည်းအဝေးက အထမမြောက်နိုင်ဘူးပေါ့နော်။ ကာလုံအစည်းအဝေး အထမမြောက်နိုင်ရင် သက်တမ်းထပ်တိုးဖို့ဆိုတာလည်း ဥပဒေအရကို ခက်ခဲပါတယ်”
လက်ရှိကာလုံအဖွဲ့ကို စစ်တပ်အာဏာသိမ်းပြီးမှ ခန့်အပ်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက ဦးဆောင်နေပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ် ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ စစ်ကောင်စီရဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လေးဦးအပါအဝင် စုစုပေါင်း ကိုးဦးနဲ့ ဖွဲ့စည်းထားတာပါ။
အရေးပေါ်ကာလသက်တမ်းကုန်ဆုံးတော့မှာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ လက်ရှိအခြေအနေဟာ ကြားဖြတ်အစိုးရဖွဲ့ရမဲ့ အခြေအနေဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“ကျွန်တော်တို့အနေနဲ့ ဆိုရင်တော့ ကြားဖြတ်အစိုးရဖွဲ့ရမှာပေါ့နော်။ ဘယ်လို့လဲဆိုတော့ (ယာယီသမ္မတ) ဦးမြင့်ဆွေကလည်း မပါဝင်နိုင်တော့ဘူးဖြစ်သွားပြီပေါ့နော်။ အဲဒီအခါမှာ ကျွန်တော်တို့က (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ) ဦးတီခွန်မြတ်တစ်ယောက် ရှိနေသေးတယ်လေ။ သူတစ်ယောက်ရှိနေတုန်းမှာ ဒီဘာပဲပြောပြော အပြောင်း အလဲကို ကျွန်တော်တို့က ဒီ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အခုနေပြန်ကူးမှ လက်ရှိတာဝန်ယူနေတဲ့သူ အတွက်လည်း ဥပဒေဘောင်နဲ့ညီမယ် ကိုက်ညီမယ်။ အဲတော့ ပုံမှန်ဆိုရင်တော့ အဲလိုပဲဖြစ်သင့်တယ်လို့ ကျွန် တော်ယူဆတယ်။ သို့သော် ဒါကတော့ လက်ရှိတာဝန်ရှိတဲ့သူအပေါ်မှာ မူတည်တာပေါ့နော်။ အဲလိုဖြစ်နေပါတယ်”
အရေးပေါ်ကာလသက်တမ်းကုန်ဆုံးဖို့ နီးကပ်လာချိန်မှာ စစ်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သလို သမ္မတဟောင်းလည်းဖြစ်တဲ့ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။
အဲဒီခရီးစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူယူထားတဲ့ အာဏာကို လွှဲပြောင်းပြီး ရွေးကောက်ပွဲအတွက် လမ်းခင်းပေးမဲ့ ကြားဖြတ်အစိုးရ တစ်ခုဖွဲ့စည်းဖို့အတွက် စည်းရုံးပေးဖို့ သမ္မတဟောင်း ဦးသိန်းစိန်ကိုတိုက်တွန်းခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့တာပါ။
ဒါကြောင့် စစ်ကောင်စီဟာ သမ္မတဟောင်း ဦးသိန်းစိန်ကို ယာယီသမ္မတ ဦးမြင့်ဆွေနေရာမှာအစားထိုးပြီး ကြားဖြတ်အစိုးရဖွဲ့လာနိုင်မလားလို့ လေ့လာသုံးသပ်သူတွေကြား ခန့်မှန်းပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးဆိုးရွားနေ
စစ်ခေါင်းဆောင် အာဏာစွန့်ရေး စည်းရုံးပေးဖို့ ဦးသိန်းစိန်ကို တရုတ်တိုက်တွန်း
နိုင်ငံရေးအရ ဖြေရှင်းရင် အရေးပေါ်သက်တမ်းမကြာနိုင်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ပြော
မြန်မာ့နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေး တရုတ်တိုးမြှင့်
တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကတော့ စစ်ကောင်စီဟာ နောက်ထပ် အရေးပေါ်ကာလ သက်တမ်းကို ထပ်တိုးနိုင်တယ်လို့ ပြောပါတယ်။
“အခုအခြေအနေကတော့ ထပ်တိုးစရာလမ်းပဲရှိမယ်ထင်တယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ဦးမြင့်ဆွေက လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက နေမကောင်းနေတာ အခုမှဘာလို့ ကောက်ကြေညာသလဲဆိုတာ ထူးတော့ ထူးဆန်းတာပေါ့နော်။ အဲတော့ အဲဒီဟာကို အကြောင်းပြပြီးတော့ ကာလုံကိုဖြတ်လိုက်ပြီးတော့ ကြားဖြတ်အစိုးရဖွဲ့လိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မသိသလောက်တော့ သူတို့က ဟိုကျားသေကို အသက်မသွင်းတတ်ဘူးဗျ။ ဦးသိန်းစိန်ကို ပြန်တင်ဖို့ဆိုတာကတော့ သိပ်မဖြစ်နိုင်ဘူးထင်တယ်”
မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) က ဦးအောင်သူငြိမ်းကလည်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အစည်းအဝေးမိန့်ခွန်းတွေအရ နောက်ထပ်အရေးပေါ်ကာလထပ်တိုး နိုင်တယ်လို့ သုံးသပ်ပါတယ်။
“ကျွန်တော်ထင်တာတော့ ဒီပုံမှန်အတိုင်းဆက်တိုးတာမျိုး ဖြစ်သွားမယ် ထင်တယ်။ ဘာဖြစ်လို့ပြောလဲဆိုတော့ ပြီးခဲ့တဲ့ သိပ်မကြာသေးဘူးဗျ။ တစ်ပတ်ဆယ်ရက်လောက်ပဲရှိဦးမယ်။ အဲဒီမှာ အစိုးရအစည်းအဝေး လုပ်တယ်လေ။ အဲဒီမှာ ဗိုလ်ချုပ်မင်းအောင်လှိုင်မိန့်ခွန်းပြောတော့ သူက ပြောတယ်။ ရှေ့ကာလမှာ အရေးကြီးတဲ့ ဒီနိုင်ငံ တော်လုပ်ငန်းစဉ်နှစ်ခုရှိတယ်ပေါ့။ တစ်ခုကတော့ နိုင်ငံတော် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲနဲ့ နောက်တစ်ခုက အမျိုးသား အားကစားပွဲတဲ့။ ဆိုတော့ ဒါပြောထားတော့ ဘာမှမထူးဘူးထင်တယ်”
ဇူလိုင်လ ၅ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးပြုလုပ်ချိန် နိဂုံးချုပ်မိန့်ခွန်းပြောကြားခဲ့ရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အဆင့် ဆောင်ရွက်ဖို့ရှိတဲ့ အခမ်းအနားကြီးနှစ်ခုအဖြစ် ဆိုကရေးတီးပြိုင်ပွဲနဲ့ အမျိုးသားအားကစားပြိုင်ပွဲနှစ်ခုကို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်က လက်စွဲကျင့်သုံးနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်ကာလကို ကာကွယ်ရေးဦးစီးချုပ်က အာဏာစသိမ်းချိန်ကနေ တစ်နှစ်တိတိ ရယူခွင့်ရှိပါတယ်။
အဲဒီနောက် တိုင်းပြည်မတည်ငြိမ်သေးဘူးလို့ ကာကွယ်ရေးဦးစီးချုပ်က ထပ်တင်ပြရင် ပုဒ်မ ၄၂၅ အရ နောက်ထပ် ခြောက်လ နှစ်ကြိမ် အာဏာသိမ်းသက်တမ်း တိုးခွင့်ရှိပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေရလို့၊ တည်ငြိမ်အေးချမ်းရေး လိုအပ်နေလို့၊ သာမန်အခြေအနေမဟုတ်လို့ စတဲ့အကြောင်းပြချက်တွေပေးပြီး သက်တမ်းတိုးလာတာ ဒီတစ်ကြိမ်နဲ့ဆို ငါးကြိမ်မြောက်ရှိပါပြီ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကတော့ စစ်ကောင်စီဟာ လက်ရှိ အရေးပေါ်ကာလသက်တမ်းကုန်သွားရင်လည်း နိုင်ငံတော်အာဏာကို ဆက်လက်ရယူပြီး အကြမ်းဖက်မှုတွေ ဆက်လုပ်လိမ့်မယ်လို့ ဝေဖန်ပါတယ်။
“ဒီဇူလိုင် ၃၁ ရက်နေ့မှာတော့ သူတို့ဟာ ဘယ်လိုပဲလုပ်လုပ် ဒီခြောက်လကို တရားမဲ့ နောက်ထပ်ခြောက်လ ကြေလည်း ကြေညာမယ်။ စစ်အုပ်ချုပ်ရေး အာဏာသိမ်းချင်လို့ ဗြောင်သိမ်းချင်သိမ်းမယ်။ နာမည်ပြောင်း၊ လူပြောင်းချင်လည်း ပြောင်းမယ်။ အဖွဲ့နာမည်ပြောင်းချင်လည်းပြောင်းမယ်။ သူတို့မပြောင်းတာကတော့ သူတို့ နိုင်ငံတော်ရဲ့ အာဏာကို လက်နက်အားကိုးနဲ့ လုယူပြီးတော့ ပြည်သူတွေအပေါ်မှာ အကြမ်းဖက်မှု ပိုတိုးပွားအောင် လုပ်မယ်ဆိုတာ ကျိန်းသေပေါက်ပြောနိုင်ပါတယ်”
လက်ရှိအချိန်မှာ မြန်မာနိုင်ငံအနှံ့အပြားမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေဟာလည်း အဘက်ဘက်က ယိုယွင်းကျဆင်းလာတာကြောင့် ပြည်သူတွေလည်း ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ပိုများလာပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီက လက်ရှိအရေးပေါ်ကာလသက်တမ်းကုန်ဆုံးလို့ နောက် ထပ်သက်တမ်း ထပ်တိုးတိုး၊ မတိုးတိုး မြန်မာ့နိုင်ငံရေးဟာ အပြောင်းအလဲတစ်ခုဖြစ်လာနိုင်တဲ့ အခြေအနေမျိုး မတွေ့ရသေးဘူးလို့ သုံးသပ်ကြပါတယ်။