အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေကို အကြောက်တရားဖန်တီးနေ

ခင်ခင်အိ(ဝါရှင်တန်ဒီစီ)
2021.04.20

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က ပြည်သူ အရွေးကောက်ခံအရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပြီး အာဏာသိမ်းလိုက်ပြီးတဲ့နောက် တစစ ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်တွေဘက်က အဓိက ဦးတည်လုပ်ဆောင်နေတဲ့ မဟာဗျူဟာ ခြေလှမ်းကတော့ ပြည်သူတွေ အကြောက်တရားလွှမ်းမိုးပြီး မတရား အာဏာသိမ်းလိုက်တာကို ခေါင်းငုံ့ အညံ့ခံစေပြီး စစ်အာဏာ မြန်မြန် တည်ဆောက်နိုင်ရေးပဲဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြောကြားကြပါတယ်။

တပ်မတော် စစ်ခေါင်းဆောင်တွေဟာ အာဏာနဲ့ပတ်သက်တဲ့ သူတို့ရည်မှန်းချက်တွေ အထမြောက် အောင်မြင်ရေးအတွက် ပြည်သူလူထုအပေါ် အကြမ်းဖက် ပစ်ခတ်တာ၊ ဖမ်းဆီးအရေးယူတာ၊ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ ကျူးလွန်ကြရုံမက ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေကိုပါ လုယက်ယူငင်တာတွေ မီးရှို့တာတွေ လုပ်လာခဲ့ကြပါတယ်။ ဒီလုပ်ရပ်တွေကြောင့် ပြည်သူတွေဟာ နေ့နဲ့ည အကြောက်တရားတွေနဲ့ နေထိုင်လာကြရသလို စစ်အာဏာရှင်တွေကို ပိုပြီး မုန်းတီးနာကြည်းလာခဲ့ကြပါတယ်။

ရန်ကုန်တိုင်း တာမွေမြို့နယ်မှာနေထိုင်တဲ့ ပြည်သူတဦးက.....

“ဂွတ္တလစ် ကျနော့်လမ်းကို ဝင်ဖို့ကို လမ်းထဲကို အဝင်မခံဘူး။ စစ်သားတွေ အကုန်ပိတ်ဆို့ပြီး သွားပြီးအစစ်ခံပါ စစ်ပြီးတော့မှ သွားချင်ရာသွားတဲ့။ ကျနော်သွားပြီး အစစ်ခံတယ်။ ကျနော့်မှာဘာမှမရှိဘူး ပြီးတော့ ကျနော်သွားတယ်။ ၂ လမ်း ၃ လမ်းကျော် ကျနော်လမ်းထဲဝင်တော့ ဝင်ရုံဘဲရှိသေး ပစ်သံတွေ ကြားတယ်။ ဟိုနေ့ကလဲ ကျနော့်အိမ်ကို လောက်လေးခွတွေ နဲ့ လာပစ်တယ်၊ သံပုံးတီးလို့တဲ့။ ကျနော်တော့ တကယ်ကို လုပ်ချင်နေပြီ။ ဘယ်လိုလုပ်ရမလဲဘဲ။ အကုန်လုံးက ခံပြင်းနေတာ ဘယ်လိုမှ မခံစားနိုင်ကြဘူး”

ရန်ကုန်မြို့လယ် မြို့နယ်တစ်ခုဖြစ်တဲ့ ဗိုလ်တထောင်မြို့နယ်မှာလဲ အခုလို သံပုံးတီးဆန္ဒပြကြလို့ စစ်သားတွေက နေအိမ်ကို တံခါးရိုက်ချိုးဖျက်ဆီးဝင်ရောက်ပြီး အိမ်သားတွေကို ရိုက်နှက်သွားတာလဲ ရှိခဲ့ပါတယ်။

မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ အိမ်ရှင်မတဦးကလည်း သူ့အတွေ့အကြုံ အခုလို ပြောပြပါတယ်။

“မလုံခြုံတာ အမြဲခံစားနေရတယ် ဈေးရောင်းလဲ သွက်သွက်မြန်မြန် ရောင်း မြန်မြန် ဝယ်၊ ကိစ္စရှိလို့ အပြင်သွားရင်လဲ ဘယ်အချိန် အစစ်ခံရမလဲ၊ ဘယ်အချိန် အဆွဲခံရမလဲ၊ သေနတ်မြင်ရင် ကြောက်ကိုနေတာလေ”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေရင်း ပစ္စည်းတွေကို ယူသွားတာ၊ သူတို့ရှာတဲ့သူမတွေ့ရင် မိသားစုဝင်တွေကို ဖမ်းသွားတာတွေ၊ ဈေးဆိုင်တွေ အဆောက်အဦးတွေကို မီးရှို့တာတွေတွေ ဆိုးဆိုးရွားရွားလုပ်လာတွေကိုလဲ တွေ့ရတယ်လို့ ပဲခူးမြို့ခံတဦးကလည်း ပြောပါတယ်။

“အိမ်တွေကို ဝင်ရှာတယ်၊ ပြည်သူတွေက ထွက်ပြေးတိမ်းရှောင်တဲ့အခါ ရှိနေတဲ့ပစ္စည်းတွေကို ယူသွားတယ်။ တချို့စစ်သားတွေဆိုရင် ဖုန်းတွေကိုစစ်တယ် ဖုန်းမပါဘူး။ ရွှေရှိရင် ရွှေယူသွားတယ်။ ပိုပြီးဆိုးလာတာက လုံခြုံမှုက ဘယ်လောက်ထိဖြစ်လာသလဲဆိုရင် သားကို မတွေ့လို့ အဖေကို ဖမ်းတာ၊ ယောကျာ်းကို မတွေ့လို့ မိန်းမနဲ့ သမီးကို ခေါ်သွားတာတွေ လုပ်လာတယ်။ တဖြည်းဖြည်းနဲ့ဆိုးလာတယ် မီးရှို့တာ၊ နှစ်ဆန်းတရက်နေ့ကဆိုရင် ည ၁ နာရီ အင်တာနက်ပြတ်တဲ့အချိန်၊ မီးမလောင်ဘဲ မီးသတ်ကားကြီး ဥသြဆွဲပြီး လိုက်မောင်း လူတွေအထိတ်တလန့်ဖြစ်အောင်၊ တမြို့လုံးပတ်မောင်းပြီး မနက် ၄ နာရီလောက်ကျတော့ ရွှေသာလျောင်းဘုရားနားက ဆိုင်ခန်း ၈ ခန်းကို မီးတိုက်ပစ်လိုက်တယ်။ ညနေဘက်မှာလဲ ဆိုင်ကယ်ဂိုဒေါင်တခုကို မီးရှို့တယ်”

ဧပြီလ ၁၈ ရက်နေ့ကဆိုရင်လည်း ဆိုရင်လဲ မြင်းခြံမြို့ အမှတ် ၃ အမှတ် ၄ ရပ်ကွက်က သပိတ်ခံတပ်ကို စစ်တပ်နဲ့ရဲက လာရောက်ဖြိုခွင်းရင်း နေအိမ်တလုံး နဲ့ ဆိုင်ကယ်တွေကို မီးရှို့သွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အခုလို တပ်မတော်တပ်သားတွေက အရပ်သားပြည်သူတွေအပေါ် ရက်စက်မှုနဲ့ လက်လွတ်စပယ် ပြစ်မှုကျူးလွန်တတ်တာတွေကြောင့် ပြည်သူတွေ အကြောက်တရားနဲ့ နေနေရသလို မြင်းခြံမြို့က အမှတ် ၆ ရပ်ကွက်တခုလုံးက ထောင်နဲ့ချီတဲ့ ပြည်သူတွေ နေအိမ်တွေကို စွန့်ခွာပြီးထွက်ပြေးနေကြရတယ်လို့ မြို့ခံတဦးက ပြောပြပါတယ်။

“ကျနော်တို့မှာ သူတို့ရှေ့ မသွားရဲဘူး မဖြတ်ရဲဘူး။ လမ်းသွားရင်လဲ မိန်းလမ်းကို အသုံးမပြုရဲဘူး သူတို့ရှိတဲ့ဘက်ကို ရှောင်ပြီး သွားရတယ်။ အခုဆိုရင် အမှတ် ၆ တရပ်ကွက်လုံး ထွက်ပြေးနေကြတယ်။ သူတို့တွေ မတရားပစ်တဲ့အတွက် လူတိုင်း အကြောက်တရားနဲ့ နေထိုင်နေရတယ်။ မလုံခြုံဘူး။ ဈေးဆိုရင်လဲ မနက်ပိုင်းဘဲ ဝယ်ရဲတယ်။ ၉ နာရီဆို ဘယ်သူမှ မရှိတော့ဘူး။ အကုန်ထွက်ပြေးနေကြတယ်”

တနင်္သာရီတိုင်းမှာဆိုရင်လဲ စစ်တပ်က ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ရုံတင်မက ပစ္စည်းတွေကိုလဲ လုယူ ဖျက်ဆီးတာတွေကြောင့် ပြည်သူတွေက စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကို လုံးဝလက်မခံနိုင်တော့တဲ့ အခြေအနေအထိ ဖြစ်နေကြတယ်လို့ ထားဝယ်မြို့ခံတဦးက ပြောပါတယ်။

“ကျနော်တို့ ဆန္ဒပြတဲ့ပြည်သူလူထုကို ကျည်အစစ်နဲ့ ပစ်ခတ်ရုံတင်မက ပြည်သူတွေရဲ့ ဥစ္စာပစ္စည်းတွေကို လုယူဖျက်ဆီးတာတွေကို တနင်္သာရီတိုင်း နဲ့ မြို့ကြီး ၃ မြို့မှာ ကြုံနေရတယ်။ ကျနော်တို့ပြည်သူတွေကို နည်းမျိုးစုံ နဲ့ ဒုက္ခပေး ဖိနှိပ် နှိပ်စက် ညှင်းပန်းတဲ့ အကြမ်းဖက်တဲ့ စစ်တပ်ဖြစ်တယ်။ ကျနော်တို့ပြည်သူတွေက ဒီစစ်တပ်ကို လုံးဝလက်သင့်ခံတဲ့ စိတ်ဓာတ်တွေ မရှိတော့ဘူး”

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပြည်သူတွေအပေါ် ဥပဒေမဲ့ ရက်စက်ကြမ်းကြုတ်နေကြတာ၊ စာနာဂရုဏာစိတ် ကင်းမဲ့နေကြတာတွေရဲ့ နောက်ကွယ်မှာ ဘယ်လို အကြောင်းတရားတွေ၊ အမိန့်တွေ ရှိနေပါသလဲ။

စစ်ကောင်စီ လက်အောက်ခံ တပ်မတော်ထဲကနေ အဖိနှိပ်ခံပြည်သူတွေဘက်ကို ကူးပြောင်းလာခဲ့သူ တစ်ဦးဖြစ်တဲ့ အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်က စစ်ဦးစီးအရာရှိ ဒုတိယတန်း စစ်ရေးစစ်ထောက်တာဝန်ယူခဲ့သူ ဗိုလ်မှူးဟိန်းသော်ဦး က အခုလို ပြောပြပါတယ်။

“ အခု ဘယ်လောက်ထိတောင် လုပ်နေသလဲဆိုရင် သတင်းတွေမှာတွေ့နေရတဲ့ ရဲတွေ ဘာတွေ ဝင်လုတာတို့ တပ်က အိမ်တွေထဲ ဝင်လု မုန့်တွေဖောက်တာတို့ ၊ ဒါတွေက တိုက်ပွဲတခုဖြစ်လာရင် သူတို့က အဲဒီစိတ်ကို ရိုက်သွင်းလိုက်တာရှိတယ်။ လှည်းတွေ့ရင် ထင်းလုပ်ပစ်လိုက် တို့၊ ဒီစကားတွေက ဒါ စစ်ဘက်မှာ အရင်တုန်းက သုံးတဲ့စကားတွေပဲ။ မဖြစ်မနေ နိုင်ရမယ့် တိုက်ပွဲတွေမှာ စည်းရုံးရေး တမျိုးပဲပေါ့။ အနိုင်ရဖို့အတွက် စိတ်ကို ရိုင်းအောင် လုပ်လိုက်တဲ့သဘောပဲ။ လက်နက်တွေ စိန်ပြောင်းတွေဆိုရင်လဲ ကြိုက်တဲ့နေရာ ပစ်၊ ရေထဲကျ ငါးရ၊ ကုန်းပေါ်ကျ ထင်းရတို့၊ ဒါတွေက စစ်ဘက်မှာ စိတ်ဓာတ်မြှင့်တင်တဲ့ စကားပေါ့။ ရှိတဲ့ပစ္စည်း မင်းတို့ပစ္စည်း၊ ရတာ အကုန်လုပ်ဆိုတဲ့ စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းတွေထဲမှာ ဒါတွေက ပါသွားတာ”

ဗိုလ်မှူးဟိန်းသော်ဦးရဲ့ စကားတွေအရ ဥပဒေမဲ့သတ်ဖြတ်မှုတွေကို အကြမ်းဖက်လုယက်မှုတွေကို ကျူးလွန်ဖို့အတွက် အာဏာသိမ်း ခေါင်းဆောင်တွေက အတားအဆီးမရှိ ခွင့်ပြုထားတဲ့သဘောဖြစ်ပါတယ်။

ဒီ မတရားမှုအားလုံး အဆုံးသတ်ရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံး ညီညွတ်ဖို့လိုတယ်လို့လည်း သူက ပြောဆိုပါတယ်။

RFA က သီးခြား ပြုစုထားတဲ့ မှတ်တမ်းအရ စစ်တပ်က အာဏာသိမ်းအပြီး စစ်ကောင်စီအဖွဲ့ကို လက်မခံတဲ့အတွက် ဆန့်ကျင်ဆန္ဒပြကြတဲ့အတွက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပြစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ အရေ အတွက်ဟာ အခု ဧပြီ စတုတ္ထပတ်မှာ ၇၀၀ ကျော်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ထုတ်ပြန်ချက်တွေအရ နိုင်ငံတဝှမ်း ဖမ်းဆီးအရေးယူခံရသူ စုစုပေါင်း ၃၂၆၀ ကျော်ရှိပြီး အမှုဖွင့်အရေးယူခံထားရသူပေါင်း ၉၇ဝ ကျော်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။