သေဆုံးသူ ၆၀၀ ဝန်းကျင်ရှိသွားပေမဲ့ ကျည်အစစ်နဲ့မပစ်ဘူးလို့ စစ်ကောင်စီပြောနေဆဲ
2021.04.07
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားအစိုးရဆီကနေ နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းယူခဲ့တာကြောင့် နိုင်ငံအဝှမ်းက သန်းနဲ့ချီတဲ့ လူတန်းစားပေါင်းစုံ ဆန့်ကျင်ဆန္ဒပြနေကြတာ ခုဆိုရင် နှစ်လကျော်လာပါပြီ။
မကြည့်ဝံ့မမြင်ရဲစရာ ရက်စက်မှုတွေနဲ့ လူထုကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေပုံတွေကိုလည်း လူမှုကွန်ရက်မှာ ဖြန့်ဝေတဲ့ ဗီဒီယိုတွေကတဆင့် တကမ္ဘာလုံးက မြင်ပြီးသိပြီးဖြစ်ပါတယ်။
ဒီရက်စက်မှုတွေကို မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတဲ့ ရန်ကုန်မြို့က ကွမ်းယာရောင်းသူ အမျိုးသမီးတဦးကတော့ လူ့အသက်တွေကို ကြက်ကလေး ငှက်ကလေးတွေကို သတ်သလို သတ်နေကြတာလို့ ပုံဖော်ပြောပြပါတယ်။
"ကျမက ကွမ်းရောင်းတယ်။ ကျမမျက်စိရှေ့တင် ကလေးတွေ သေဆုံးသွားတယ်။ ဦးနှောက်တွေ ပွင့်တယ်။ ဗိုက် တွေ ပွင့်တယ်။ တွက်ကြည့်ပါဦး လူသားချင်း မစာနာဘူး။ ကလေးတွေပြေးလွှားနေတဲ့ကြားမှာ ကိုယ့် သားသမီး တွေလို ရင်ထဲမှာမခံမရပ်နိုင်ဘဲ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျတယ်။ ဒေါသတွေ အထွဋ်အထိပ်ထွက်တယ်။ ပြောတော့ ဘာသာရေး၊ တို့တာဝန် အရေးသုံးပါး။ ပြောဆိုနေပြီးတော့ သတ်လိုက်တဲ့အသတ်ကတော့ မပြောနဲ့ လူ့အသက်တွေကို ကြက်ကလေး ငှက်ကလေးလို ဖမ်းပြီး ရိုက်သတ်နေကြတာ။ ကျမကတော့ လုံးဝလက်နက်ကိုင်ပြီး ပြန်တော်လှန်ချင်တဲ့ စိတ်တွေတောင် တအားပေါ်ပေါက်ပါတယ်"
စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဖေဖော်ဝါရီလ ၆ ရက်နေ့က စပြီးဧပြီလ ၆ ရက်နေ့အထိ နှစ်လအတွင်း သေဆုံးသူပေါင်း ၅၈၁ ယောက်၊ အဖမ်းခံရသူပေါင်းက ၂၇၅၀ ရှိပြီး ၃၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံရပြီး ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းမှာ ဖော်ပြထားပါတယ်။
မြို့ကြီးတွေမှာ ဒီလိုဖြိုခွင်းနေရုံမက ကရင်ပြည်နယ်ထဲမှာလည်း လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက် တဲ့အတွက် လူပေါင်း နှစ်သောင်းကျော် တောတွေတောင်တွေထဲမှာ ပုန်းအောင်းနေရပါတယ်။ စစ်တပ်ဟာ တအိမ်တက်ဆင်း လိုက်မသတ်ရုံပဲ ကျန်တော့တယ်လို့ ကုန်စိမ်းရောင်းသူတဦးက ပြောပါတယ်။
"ကျနော်တို့လက်နက်မဲ့တွေကို သေနတ်နဲ့ ကျည်နဲ့ပစ်ခတ်တဲ့အပြင် လေယာဉ်တွေသုံးတယ်၊ ဗုံးတွေကြဲတယ် ဆိုတော့ ဒါက လူမျိုးတုံးသတ်ဖြတ်တဲ့အဆင့် ရောက်သွားပြီ။ ရှင်းအောင်ပြောရရင် ကျနော်တို့ပြည်သူတွေကို တအိမ်တက်ဆင်း ပစ်သတ်လို့ အမိန့်မထုတ်တာဘဲ ရှိတော့တယ်။ လက်ရှိ ပြည်သူကို ပါးပါးပါးပါးနဲ့ ပစ်သတ်နေတာပဲ။ နေ့လည်း ကောင်းကောင်းမနေရ၊ ညလည်း ကောင်းကောင်းမအိပ်ရအောင် လိုက်ပစ်၊ လိုက်ဆွဲ ဒုက္ခပေးနေတာပဲ။ ဘယ်နိုင်ငံကမှ လက်မခံနိုင်တဲ့၊ ဘယ်နိုင်ငံမှာမှ မရှိတဲ့ ဥပဒေမျိုးတွေ ချိုးဖောက်တဲ့ စစ်တပ်ဖြစ်နေတာပေါ့"
စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူတွေကို ဖြိုခွင်းတာကြောင့် သေဆုံးသူအများစုဟာ မြို့ကြီးတွေမှာဖြစ်ပါတယ်။ ဒါပေမယ့် အာဏာသိမ်းမှုကိုရော အဲဒီလိုအကြမ်းဖက်သတ်ဖြတ်မှုကို မခံမရပ်နိုင်ဖြစ်ကြပြီး ဆန္ဒပြပွဲတွေဟာ ကျေးလက်လယ်ကွင်းတွေ ယာခင်းတွေထဲထိ ပျံ့နှံ့သွားခဲ့ပါတယ်။
မကွေးတိုင်းကလယ်သမားတယောက်ကတော့ စစ်တပ်က လက်နက်နဲ့ အကြမ်းဖက်နေပေမယ့် အသံထွက်လို့ရတဲ့ အချိန်ထိ ထွက်ပြီး ဆန့်ကျင်မယ်လို့ ပြောပါတယ်။
"စစ်အစိုးရဆိုတာက လက်နက်နဲ့ အုပ်ချုပ်တဲ့ပုံစံမျိုးကတော့ ဘယ်သူမှလည်း လက်မခံနိုင်တော့ မြင်ချင်ကြမှာ မဟုတ်ဘူးပေါ့ဗျာ။ ကျနော်တို့ တတ်နိုင်သမျှ ဆန္ဒထုတ်ဖော်တာတို့၊ အဖက်ဖက်က နိုင်ငံတကာကူညီတာ တို့ကို မျှော်လင့်ပြီးတော့ပဲ လုပ်နေရမှာပေါ့ဗျာ။ သူတို့အုပ်ချုပ်တာကိုတော့ မလိုလားနိုင်ဘူးပေါ့။ ဒါပေမဲ့ လက်နက်နဲ့ အုပ်ချုပ်လို့ အားမတန်လို့ မာန်လျှော့တဲ့ နောက်ဆုံးအဆင့်ရောက်သွားရင်တော့လည်း ပြောလို့ရတဲ့ အဆင့်အထိတော့ ပြောနေဦးမှာပေါ့ဗျာ"
မြို့ကြီးတွေမှာတော့ ဆန္ဒပြနေချိန် ပစ်ခတ်သတ်ဖြတ်ရုံမက၊ ညဘက်တွေဆို အိမ်တွေကနေ လာခေါ်သွားတာ၊ ရပ်ကွက်တွေထဲဝင်ပြီး ကြုံသလို ပစ်ခတ်တာ၊ ဖမ်းမိသူတွေကိုလည်း လူမဆန်တဲ့နည်းတွေနဲ့ နှိပ်စက်သတ်ဖြတ် ပစ်တာတွေကြောင့် စစ်တပ်အပေါ် လူထုရဲ့အမုန်းက ပိုကြီးမားလာပါတယ်။ လက်နက်ချင်း၊ အင်အားချင်း မမျှပေမဲ့ အသက်အသေခံပြီး လက်တုံံ့ပြန်ဖို့အထိပြင်ဆင်ထားတဲ့ အိမ်ရှင်မတယောက်ရဲ့ မုန်းတီးမှုကို သူပြောပြတဲ့ စကားတွေထဲမှာ မြင်နိုင်ပါတယ်။
"အရွယ်စုံ၊ လူကြီး၊ မိန်းမ၊ ယောကျ်ား၊ ကလေး။ ဘာမှ မကျူးလွန်ဘဲနဲ့လည်း သူတို့မထင်ရင် မထင်သလို အိမ်ပေါ်တက်၊ ရိုက်နှက် ဆွဲချ။ ဒီညခေါ်သွားပြီး မနက်ဖန် အလောင်းလာပြန်ပို့တယ်ဆိုတာမျိုးက ပိုကြောက်စရာကောင်းတယ်။ မခံနိုင်တော့ဘူး ရင်ဘတ်တွေလည်း။ ရတဲ့နည်းနဲ့ ရသလိုပြန်လုပ်ဖို့။ ဘယ်လိုနည်းနဲ့ရရ ပြန်လုပ်ဖို့ကတော့ အဆင်သင့်ပဲ။ အိမ်ထဲမှာ နေရာတိုင်းမှာ လက်နက်ပေါင်းစုံထားတယ်။ တုတ်၊ ဒါး။ အချွန်၊ အတိုအရှည် အကုန် အဆင်သင့်ပြင်ထားတယ်။ ဝင်လာရင် ရပ်ကွက်အနေနဲ့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လုပ်ကြ မယ်။ ဘယ်သူ့ကို ထိမလဲပဲ။ ကိုယ့်ရပ်ကွက်၊ ကိုယ့်သားချင်း၊ ကိုယ်နဲ့ နီးစပ်တဲ့သူထိရင် ထိသလို လုပ်မယ် ဆိုပြီးတော့ပဲ စောင့်နေကြတယ်"
စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေကို မျက်မြင်ရင်ဆိုင်ခဲ့ရသူတွေက အခုလို ပြောကြ ပေမဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဖေဖော်ဝါရီ ၃ ရက်ကစတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ကျည်အစစ်နဲ့ မပစ်ဘဲ ရာဘာကျည်နဲ့သာ ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်းနဲ့ မီဒီယာတွေက အဖြစ်မှန်ကို မဖော်ပြဘဲ ရိုးရိုးသားသား ဆန္ဒပြမှုအဖြစ် ပုံဖော်နေတာဖြစ်တယ်လို့ စစ်ကောင်စီဝန်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌတွေကို နေပြည်တော်မှာ ဧပြီလ ၆ ရက်က ခေါ်ယူတွေ့ဆုံပြီး ပြောကြားခဲ့ပါတယ်။