စစ်ကောင်စီ ရှမ်းမြောက်မှာ အပစ်ရပ်ပြီး စစ်ကိုင်းဘက်မှာ စစ်ရေးတိုးမြှင့်

RFA Burmese
2024.01.29
စစ်ကောင်စီ ရှမ်းမြောက်မှာ အပစ်ရပ်ပြီး စစ်ကိုင်းဘက်မှာ စစ်ရေးတိုးမြှင့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်သုံးဖွဲ့နဲ့ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းဘက်မှာ စစ်ဆင်ရေး ပြန်ပြီးလုပ်ဆောင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ဆားလင်းကြီး၊ ဘုတလင်၊ အရာတော်၊ ကန့်ဘလူ စတဲ့မြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အိမ်တွေ မီးရှို့၊ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြန်လုပ်လာတယ်လို့ ဆိုပါ တယ်။

"မြို့နား ပတ်ချာလည် ရွာလေးတွေလောက်ပဲ သူတို့ မွှေနှောက်ဖျက်ဆီး၊ ပြန်ဝင် အဲလိုလုပ်နေတာ"

ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ဒီပဲယင်းမြို့နယ် မဲအိုးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံ ငါးယောက်ကို သတ်ဖြတ်လိုက်သလို ၁၀ ယောက်ကို ဖမ်းဆီးထားတယ်လို့ သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုနဲ့နီးစပ်တဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“တစ်လောင်းက လည်လှီးသတ်ထားတဲ့ သဘောပေါ့ ခေါင်းကတော့ ပြတ်မနေဘူး။ ကျန်တဲ့ နှစ်လောင်းကတော့ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်ရိုက်နှက်ပြီး နှိပ်စက်ပြီး သတ်ထားတဲ့ ပုံစံမျိုး။ ခေါင်းတခြားကိုယ်တခြား ခြေလက်တွေက အကုန်လုံး တစစီတခြားစီပါဗျာ။ ညီနောင်သုံးဖော် စတိုက်ပြီးနောက်ပိုင်း စစ်ကြောင်းမထိုးတာလည်း တော်တော်လေး ကြာပြီပေါ့။ မြို့နား ပတ်ချာလည် ရွာလေးတွေလောက်ပဲ သူတို့ မွှေနှောက်ဖျက်ဆီး၊ ပြန်ဝင် အဲလိုလုပ်နေတာ။ ဒါက ပထမဆုံးလို့ ပြောလို့ ရတာပေါ့၊ ညီနောင်သုံးဖော် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း“

ဒီပဲယင်းမြို့နယ်မှာ ဒေသခံ ငါးဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ယောက်က RFA ကို ပြောပါတယ်။

“နှစ်ဘက်ပေါ့နော် စစ်တပ်ရယ်၊ စစ်တပ်ကို ဆန့်ကျင်နေတဲ့ အင်အားစုတွေက နိုင်ငံရေး အားပြိုင်မှု အခြေအနေကနေ အခုကျ စစ်ရေးအားပြိုင်မှု အင်မတန် ပြင်းထန်လာတယ်။ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာဆိုရင် အကြီးကျယ်ကျရှုံးနေတဲ့ အခါကျတော့ ဒါကို ပြန်ပြီးထောက်ပံ့နိုင်ဖို့အတွက် ရက်ရက်စက်စက် လုပ်လာကြတယ်လို့ မြင်ပါတယ်။ အဲတော့ ဘယ်လိုပဲလုပ်လုပ် အဲဒါတွေသည် စစ်ရာဇဝတ်မှုတွေဖြစ်တယ်။ အမြင့်ဆုံး တစ်သက်တစ်ကျွန်းထောင်ဒဏ်ကနေပြီး သေဒဏ်ကျခံနိုင်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ပဲ ဥပဒေ အမြင်ရ ဒီလိုပဲမြင်ရမှာပဲ“

စစ်မက်ဖြစ်ပွားနေတဲ့ ဒေသမှာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာဟာ သေဒဏ်အထိ ကျခံနိုင်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ၁၉၅၉ ခုနှစ် မြန်မာ့တပ်မတော် အက်ဥပေဒနဲ့ ဂျနီဗာကွန်ဗန်ရှင်း သဘောတူညီချက်မှာ ပြဋ္ဌာန်းထားတယ်လို့ ရှေ့နေက ပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်ထဲကရွာတွေကို ဝင်ရောက်စီနင်းနေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျွဲခိုတောရွာက ကလေးတစ်ယောက် အပါအဝင် အရပ်သား သုံးယောက်သေဆုံးပြီး ခုနစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ရွာတွေထဲ ဝင်ရောက်စီးနင်းတာကြောင့် ဇန်နဝါရီလ ၁၆ ရက်ကနေ ၂၄ ရက်နေ့အတွင်း ဆားလင်းကြီး၊ ဒီပဲယင်း၊ ရေဦး၊ ခင်ဦး စတဲ့မြို့နယ်တွေက ဒေသခံ နှစ်သောင်းနီးပါးလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒုက္ခသည်တွေကို ကူညီနေတဲ့သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတဲ့အခါမှာ အရင်လို ပစ်ပြီးဝင်တာမဟုတ်ဘဲ တိတ်တိတ်ဆိတ်ဆိတ်ဝင်တဲ့ စနစ်ကို အသုံးပြုလာတယ်လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ယောက်က RFA ကို ပြောပါတယ်။

“ဟိုတုန်းကတော့ ရွာတစ်ရွာဝင်တယ် မီးရှို့တယ်။ မီးခိုးတလူလူနဲ့ပေါ့။ ဒီရွာကနေ သေနတ်ဖောက်ပြီး ဟိုရွာပြေးသွားလိုက်။ ဟိုရွာလည်း ဝင်တော့မယ်ဆိုရင် တစ်ဒိုင်းဒိုင်းပစ်ပြီးတော့ဝင်ပြီး တွေ့သမျှအိမ်တွေမီးရှို့။ အဲဒီ ရွာကနေ ဟိုရွာတစ်ခါဆက်ပေါ့။ အဲလိုမျိုးတွေ မဟုတ်တော့ဘူး အခုက ပျောက်နေတော့တာ။ အပျောက်နေပြီး ရွာထဲမှာဖျောက်ထားပြီး အဲဒီရွာနဲ့ လေးငါးဆယ်မိုင်လောက်ဝေးတဲ့ မထင်မှတ်တဲ့ရွာကို ပြောက်ကျား အပြောက်သွားပြီးတော့ ဝင်ကုပ်တာတွေ အဲလိုမျိုး တောက်လျှောက်လုပ်လာတယ်ဗျ”

ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ဆားလင်းကြီး စတဲ့မြို့နယ်က ရွာတွေကို ခြေမြန်တပ်ရင်း ခမရ (၇၀၈)၊ ခြေလျင်တပ်ရင်း ခလရ (၁၁)၊ (၃၃) တပ်ရင်းတွေပါဝင်တဲ့ ဘီလူးစစ်ကြောင်းဟာ ရေဦးမြို့မှာ အထိုင်ချပြီး ဝင်ရောက်စီနင်းနေတာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ)
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ)

ဒီလိုပြောဆိုတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီဟာ တစ်ဖက်မှာ စစ်ရေးအရရှုံးနေတာအတွက် တစ်ဖက်မှာ လက်နက်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက RFA ကို ပြောပါတယ်။

“စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မဲအိုးရွာက ဖြစ်စဉ်အပါဝင် တခြားသော ဒေသတွေမှာ အလားတူ လူ့အခွင့်‌အရေးချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှုတွေ စစ်ကောင်စီက အရှိန်ဟုန်မြှင့်ပြီး လုပ်လာတာ ကျွန်တော်တို့ တွေ့ရပါတယ်။ စစ်ကောင်စီက အဘက်ဘက်ကနေ ကျရှုံးနေတဲ့အခါကျတော့ သူတို့ လုပ်နိုင်တာက လက်နက်မဲ့ ပြည်သူတွေကို ပစ်ခတ်တာတွေ သတ်ဖြတ်တာတွေ လုပ်တယ်ပေါ့။ သူတို့ စစ်မျက်နှာအစုံဖွင့်ပြီးတော့ စစ်တိုက်နိုင်တဲ့ အနေအထားမရှိဘူး။ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ကျရှုံးမှုတွေ အများကြီးရှိနေတဲ့ အခါကျတော့ ဒီအရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး လုပ်တယ်လို့ ပြောလို့ရတယ်“

RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့အထိ သုံးနှစ်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၂၅၄ ယောက် သေဆုံးပြီး၊ ၂၃၂၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ လက်တွေ့ မှာ အခုထက် ပိုများနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။