ရှမ်းမြောက် မြို့တွေပြန်လည်သိမ်းပိုက်ရေး စစ်ကောင်စီ အင်အားဖြည့် ကြိုးပမ်းနေ

RFA Burmese
2024.09.25
ရှမ်းမြောက် မြို့တွေပြန်လည်သိမ်းပိုက်ရေး စစ်ကောင်စီ အင်အားဖြည့် ကြိုးပမ်းနေ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းယူပြီးချိန် MNDAA တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Facebook/ 果敢资讯网

ရှမ်းပြည်နယ်မြောက်ပိုင်းက မြောက်ပိုင်းညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ မြို့တွေကို ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်း ပို့နေတယ်လို့ ကိုယ်တိုင်တွေ့ခဲ့သူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလန်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) ကနေတစ်ဆင့် ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်၊ တန့်ယန်း၊ နမ့်လန်မြို့တွေကို စစ်အင်အားအလုံးအရင်းပို့နေတာလို့ ဆိုပါတယ်။

“လဲချားအလွန် တပ်မတော်စစ်ကား ၁၅ စီးလောက်က အင်အားအလုံးအရင်းနဲ့ မိုးကာတွေအုပ်ပြီး သွားတာကို တွေ့ရတယ်"

အလုံပိတ်ကားတွေနဲ့ အင်အားအများအပြားပါတာ တွေ့ခဲ့ရတယ်လို့ ကျေးသီးမြို့နယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကားတွေကတော့ သွားတယ် ဆယ်စီးအထက်မှာပေါ့နော်။ သူကမိုးကာတွေ အလုံပိတ်ထားတယ်။ အထဲမှာ စစ်သားတွေ အများကြီးပဲ။ စစ်အင်အားက အတော်များတယ် အထဲမှာထိုင်သွားတာ။ ပထမရက်ကတော့ စစ်ကားတွေနဲ့သွားတယ်။ စစ်သားတွေပဲ ရိက္ခာမပါဘူး။ ကားတိုင်းအပြည့်ပဲ ကျေးသီးနဲ့ မိုင်းရယ်လမ်းက ရွာတစ်ရွာမှာ ရှောင်သွားကြတာ”

အရပ်သားတွေအသုံးပြုတဲ့ ကားတွေနဲ့လည်း ပင်လုံ၊ လဲချားလမ်းကနေ ကျေးသီးနဲ့ မိုင်းရယ်ဘက်ကို သွားကြတာ တွေ့ရတယ်လို့လည်း ပင်လုံမြို့နယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လဲချားအလွန် တပ်မတော်စစ်ကား ၁၅ စီးလောက်က အင်အားအလုံးအရင်းနဲ့ မိုးကာတွေအုပ်ပြီး သွားတာကို တွေ့ရတယ်။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကပေါ့။ ဒုတိယ အသုတ်မှာကြတော့ အရပ်ကားတွေနဲ့ အဲဒါက ပင်လုံမြို့ထဲမှာ ပင်လုံမြို့ကနေ လဲချား ကျေးသီးဘက်ကို ထွက်သွားတယ်။ အရပ်ကားတွေပေါ့ ဒိုင်နာတို့လို ဘော်ဒီ ၁၂ ပေရှိတဲ့ အရပ်ကားတွေနဲ့ ဆင်းသွားတာကိုတွေ့ရတယ်။ အဲဒါလည်း ဆယ်စီးကျော်မှာရှိတယ်”

အဲဒီစစ်ယာဉ်တန်းမှာ အင်အားတစ်ထောင်လောက် ပါနိုင်တယ်လို့လည်း ကိုယ်တိုင်တွေ့ခဲ့သူတွေက ပြောကြပါတယ်။


ဆက်နွှယ်သော သတင်းများ

စစ်ကောင်စီကို ဘဏ္ဍာရေးအရ ဝင်ကယ်ဖို့ တရုတ်ကမ်းလှမ်း

သိမ်းထားတဲ့မြို့တွေက ပြည်သူတွေ လေကြောင်းရန် ကြောက်လန့်ဆဲ

တရုတ်နဲ့ စစ်ကောင်စီတို့ ပိတ်ဆို့မှုကြောင့် ရှမ်းမြောက်ဒေသခံတွေ အခက်ကြုံနေ


TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ စစ်ကောင်စီဘက်က အခုလို အင်အားအလုံးအရင်း ပို့ဆောင်နေတာ ဘယ်မြို့တွေကို ထိုးစစ်ဆင်ဖို့လဲဆိုတာ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

“လက်ရှိ စစ်ကောင်စီက အင်အားအလုံးအရင်းသုံးပြီး ကျွန်မတို့ဆီဝင်လာတာတော့ မှန်တယ်။ သို့ပေမဲ့ သူက ဘာရည်ရွယ်ချက်နဲ့ ကျွန်မတို့ဆီလာတယ်ဆိုတာတော့ မပြောတတ်သေးဘူး”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရှမ်းမြောက်ဒေသက လက်လွှတ်ခဲ့ရတဲ့မြို့တွေကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ ဝေဟင်ရော မြေပြင်ကနေပါ ထိုးစစ်ဆင်မယ်လို့ အခုလ တောင်ကြီးခရီးစဉ်မှာ ပြောထားတာပါ။

စစ်ကောင်စီဟာ စက်တင်ဘာလ ၂ ရက်နေ့ကလည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပါတယ်။

စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ တရုတ်အနေနဲ့ မြောက်ပိုင်းသုံးဖွဲ့ကို စစ်ပွဲတွေရပ်ဖို့ ဖိအားပေးနေချိန်ဖြစ်တာကြောင့် စစ်တပ်အနေနဲ့ မြောက်ပိုင်းထိုးစစ်တွေ ပြန်စနိုင်တယ်လို့ သုံးသပ်ပါတယ်။

ရှမ်းမြောက်က တိုင်းရင်းသားအဖွဲ့တွေနဲ့ နီးစပ်တဲ့ စစ်ရေးလေ့လာသူ တစ်ဦးကတော့ စစ်ကောင်စီတပ်အနေနဲ့ ဆုံးရှုံးခဲ့တဲ့နေရာတွေကို ပြန်လည်ထိုးစစ်ဆင်လာနိုင်တာကြောင့် ပေါ့ဆလို့မရဘူးလို့ RFA ကို ပြောပါတယ်။

“ပွင့်လင်းရာသီရောက်ခါနီးဆိုတော့ အရင်ဆုံး တော်လှန်ရေးတပ်ဖွဲ့တွေ နောက်တန်းမှာ အလုပ်ရှုတ်အောင်တော့ သူအရင်ဆုံးလုပ်လိမ့်မယ်။ ဒီလိုပဲ ဗုံးကြဲပြီးတော့မှ လူထုကိုမနေရဲအောင် လူထုကိုကြောက်လန့်မှုရှိအောင် အရင်ဆုံးလုပ်မယ်။ ပြီးရင် မြေပြင်ထိုးစစ်လုပ်မယ်လို့တော့ သုံးသပ်လို့ရတယ်။ လတ်တလော စစ်ကောင်စီ အင်အားတိုးချဲ့မှုတွေကို ပြန်ကြည့်မယ်ဆိုရင် စစ်မှုထမ်းဥပဒေနဲ့ လူသစ်စုဆောင်းပြီးတော့မှ လက်လွှတ်ဆုံးရှုံးရတဲ့ တိုင်းစစ်ဌာနချုပ်ကို ပြန်တိုက်ဖို့ ကြံစည်ကောင်း ကြံစည်လိမ့်မယ်။ ဒီအနေအထားမှာ တော်လှန်ရေး အင်အားစုတွေအနေနဲ့ ပေါ့ဆလို့တော့ မရဘူး။ နောက်တန်းမှာ နေတဲ့သူတွေလည်း သတိရှိဖို့လိုမယ်လို့ ပြောကြားလိုပါတယ်ခင်ဗျ”

စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်တိုက်ပွဲအတွင်း ဆုတ်ခွာသွားတဲ့ အင်အားတွေကို တန့်ယန်း၊ မိုင်းရယ်နဲ့ ခိုလန် မြို့တွေမှာ ပြန်လည်စုစည်းထားတာပါ။

အဲဒီအင်အားတွေအပြင် တပ်မ (၅၅)၊ စကခ (၁၈)၊ စကခ (၁၇) နဲ့ စကခ (၇) က တပ်ရင်းကိုပါ အသုံးပြုပြီး ရှမ်းမြောက်ကို ထိုးစစ်ဆင်ဖို့ပြင်နေတာလို့ ရှမ်းမြောက်စစ်ရေးလေ့လာသူ တစ်ဦးက သုံးသပ်ပါတယ်။

ရှမ်းမြောက်ဒေသကို စစ်အင်အားတွေ ဖြည့်တင်းနေတဲ့အပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းဖြစ်တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကနေ ၂၀၂၄ ဇန်နဝါရီအထိ ရှမ်းမြောက်က မြို့ပေါင်း ၁၆ မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးနောက် တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် တိုက်ပွဲတွေခေတ္တရပ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းယူပြီးချိန် MNDAA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (Facebook/ 果敢资讯网)
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းယူပြီးချိန် MNDAA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (Facebook/ 果敢资讯网)

ဒါပေမဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းပြန်လည်စတင်ခဲ့ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိတဲ့ လားရှိုး၊ စကခ (၁) ရှိတဲ့ ကျောက်မဲ၊ နောင်ချိုနဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့တွေကို TNLA နဲ့ MNDAA တပ်က သိမ်းပိုက်ခဲ့ပါတယ်။

သီပေါမြို့ပေါ်ကိုလည်း TNLA က သိမ်းပိုက်ထားပြီး မြို့အထွက်မှာရှိတဲ့ ခလရ (၂၃) နဲ့ ခမရ (၅၀၃) တပ်ရင်းတွေ အနီးမှာ စက်တင်ဘာလ ၂၅ ရက် ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ဒါ့အပြင် နောင်ချိုမြို့နဲ့ မိုင်နှစ်ဆယ်အကွာမှာရှိတဲ့ တောင်ခမ်းရွာအနီးက အမြောက်တပ် အမတ (၉၀၂)၊ အမတ (၂၀၆) တပ်ရင်းတွေအနားမှာလည်း တိုက်ပွဲဆက်ဖြစ်နေဆဲပဲလို့ TNLA ဘက်က ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ သီပေါနဲ့ နောင်ချိုမြို့အပြင် တိုက်ပွဲမရှိတဲ့ လားရှိုးမြို့ကိုပါ အခုရက်ပိုင်းအတွင်း လေကြောင်းကနေ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။