နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေတာ မှားယွင်းတဲ့လုပ်ရပ်ဖြစ်ကြောင်း လေ့လာသူတွေ ဝေဖန်

RFA Burmese
2023.12.04
နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေတာ မှားယွင်းတဲ့လုပ်ရပ်ဖြစ်ကြောင်း လေ့လာသူတွေ ဝေဖန် ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် နိုင်ငံရေးပါတီများအား အီလက်ထရွန်နစ်မဲပေးစက်အကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး ရှင်းလင်းနေစဉ်။
AFP

တပ်မတော်က ဦးဆောင်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာအောင် လုပ်ဆောင်သွားမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြောဆိုချက်ဟာ လက်တွေ့မဆန်ဘဲ လုံးဝလွဲမှားနေတယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြဝေဖန်လိုက်ပါတယ်။

စစ်တပ်ဦးဆောင်လို့ ရခဲ့တဲ့ ဒီမိုကရေစီစနစ်ဆိုတာ လူ့သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဘူးလို့ နိုင်ငံရေး သုံးသပ်သူတစ်ဖြစ်တဲ့ ဝါရင့်စာရေးဆရာ ဦးထက်မြက်က ပြောပါတယ်။

"တပ်မတော်ရဲ့ ဦးဆောင်မှုအောက်မှာ လုပ်ရမယ်ဆိုရင်တော့ စစ်မှန်တဲ့ ဒီမိုကရေစီ၊ ပါတီစုံဒီမိုကရေစီ တစ်ခုအောက်မှာ ရတယ်လို့ မပြောနိုင်ပါဘူး"

အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသန်းထွန်း ရန်ကုန်မြို့မှာ အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက NUG၊ PDF တွေကို စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကတစ်ဆင့် ဒီဇင်ဘာ ၁ ရက်နေ့မှာ စွပ်စွဲပြစ်တင်ခဲ့တာနဲ့ပတ်သက်ပြီး အမြင်သဘောထား မေးမြန်းစဉ် နိုင်ငံရေးအကဲခတ် တွေက အဲဒီလို တုံ့ပြန်ဝေဖန်လိုက်တာပါ။

ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထားပြီး တိုက်ခိုက်သတ်ဖြတ်နေတာဟာ ဒီမိုကရေစီစနစ်နဲ့ သွေဖီတယ်၊ တပ်မတော်က ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ဦးဆောင်ခဲ့တာဖြစ်ပြီး ရအောင်ပုံဖော်သွားမယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကတစ်ဆင့် ဒီဇင်ဘာ ၁ ရက်နေ့က ပြောခဲ့ပါတယ်။

“အမျိုးသားဒီမိုကရေစီပါတီသစ်က ဥက္ကဋ္ဌ ဦးသိန်းထွန်းကို ရန်ကုန်မြို့မှာ အကြမ်းဖက် PDF အဖွဲ့က အမြင်မတူတာနဲ့ ငါနဲ့မတူ၊ ငါ့ရန်သူဆိုပြီး သတ်ဖြတ်တဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ပြည်သူလူထု လိုလားတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းတဲ့နေရာမှာ ကျွန်တော်တို့ တပ်မတော်က ပြည်သူနဲ့ တစ်သားတည်း ရှိနေပါတယ်။ တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ဦးဆောင် ဖော်ဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ခိုင်မာစေခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်တွေ ဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စုစနစ်ကို အခြေခံတဲ့ ဖက်ဒရယ်စနစ်ကို မလွဲမသွေ တည်ထောင်လျှောက်လှမ်းသွားမှာဖြစ်ပါတယ်”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က အာဏာကို ထိန်းချုပ်ထားတာကြောင့် ပါတီစုံ ဒီမိုကရေစီစနစ်ဆိုတာ ဖြစ်လာမှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းထားတဲ့အောက်မှာ ဘယ်နိုင်ငံရေးပါတီကပဲ အင်အားတစ်စုံတစ်ရာ ရရှိပြီးတော့ နိုင်ငံရေးအာဏာကို ချုပ်ကိုင်ဖို့အခြေအနေ ဖန်တီးပေးပေမယ့် အဆုံးသတ်မှာတော့ စစ်ကောင်စီရဲ့ စစ်အာဏာရှင်စနစ် စိုးမိုးမှုရဲ့အောက်မှာပဲ ရှိနေရမယ်ဆိုတဲ့ အနေအထားကို သူတို့က ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပုံဖော်ထားတာ ဖြစ်ပါတယ်”

စစ်ကောင်စီဟာ ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်တစ်ခုနေနဲ့ စဉ်းစားနေတာကြောင့် ပါတီစုံဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော်မယ်ဆိုပြီး ပါးစပ်က ဟန်ပြသက်သက် ပြောနေတာလို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန်ရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်က ဥက္ကဋ္ဌ ဦးသန်းထွန်းဟာ ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့မှာ လုပ်ကြံခံလိုက်ရတာပါ။ ငမိုးရိပ် Mission Network အဖွဲ့က ဒါဟာ သူတို့လက်ချက်ဖြစ်ပြီး ဦးသန်းထွန်းဟာ စစ်တပ် အာဏာသိမ်းမှုကို ထောက်ခံခဲ့သူ၊ တိုင်းရင်းသား နယ်မြေတွေမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို အားပေးထောက်ခံခဲ့သူလို့ အဲဒီနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီသတ်ဖြတ်မှုကို PDF တွေက လုပ်တာလို့ စွပ်စွဲပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ အမြင်မတူတဲ့သူတွေကို ဒီလိုသတ်ဖြတ်တာဟာ ဒီမိုကရေစီစနစ်နဲ့ သွေဖီနေတယ်လို့ ပြောပါတယ်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ တပ်မတော်က ပြည်သူနဲ့ တစ်သားတည်းရှိနေပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ရအောင်ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ပြည်သူကို ကာကွယ်ရမယ့် စစ်တပ်က နိုင်ငံရေးမှာ ဝင်ပါနေတာကိုက လက်တွေ့မကျဘဲ လွဲမှားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“စစ်တပ်က တိုင်းပြည်ကို ကယ်တင်တယ်တို့ ၊ ဒီမိုကရေစီစနစ်ကို ဦးဆောင်တယ်တို့ ဆိုတာတွေက ဒါတွေက ဒီအတွေးအခေါ်တွေက တော်တော်လေးလည်း ခေတ်လည်း မမီတော့ဘူး။ တော်တော်လေး ဆိုးရွားတဲ့ အတွေးအခေါ် အယူအဆတွေပေါ့နော်။ တပ်မတော်ဆိုတာ ပြည်သူတွေရဲ့ လက်အောက်မှာ၊ ပြည်သူ့အစိုးရ လက်အောက် မှာ၊ ပြည်သူ့ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရမှာဖြစ်တယ်။ ဘယ်နေရာမှာမှ ဦးဆောင်စရာ အကြောင်းလည်း မရှိဘူး”

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်စည်းကမ်းနဲ့ ကျင့်ဝတ်တွေမှာ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာမလုပ်ဖို့ ကန့်သတ်ထားတာကြောင့် ဦးသန်းထွန်း သတ်ဖြတ်ခံရမှုမှာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ မသက်ဆိုင်ဘူးလို့လည်း ဦးနေဘုန်းလတ် က ငြင်းဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်မြက် ကတော့ စစ်တပ်ဦးဆောင်လို့ ရခဲ့တဲ့ ပါတီစုံဒီမိုကရေစီနစ်ဆိုတာ လူ့သမိုင်းမှာ မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

“NLD အာဏာဆိုတာကတော့ ဟန်ပြလောက်ပဲရှိတယ်။ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကြီးအောက်မှာ ရခဲ့တာ မဟုတ်ဘူး။ မဟုတ်တဲ့အတွက် တစ်ခါထပ်ပြီးတော့ ရွေးကောက်ပွဲထပ်လုပ်ရင် တပ်မတော်ရဲ့ ဦးဆောင်မှုအောက်မှာ လုပ်ရမယ်ဆိုရင်တော့ စစ်မှန်တဲ့ ဒီမိုကရေစီ၊ ပါတီစုံဒီမိုကရေစီ တစ်ခုအောက်မှာ ရတယ်လို့ မပြောနိုင်ပါဘူး။ ဘယ်ပါတီစုံ ဒီမိုကရေစီစနစ်မှာမှ စစ်တပ်က ဦးဆောင်လို့ ရခဲ့တာ ကမ္ဘာပေါ်မှာ လူ့သမိုင်းဖြစ်ပေါ်မှုမှာ မရှိခဲ့သေးဘူး”

မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရချိန်ကနေ ၁၉၅၈ ခုနှစ်အထိ ဆယ်နှစ်တာ ကာလအတွင်းမှာသာ ပါတီစုံဒီမိုကရေစနစ်ကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဦးထက်မြက်က ပြောပါတယ်။ ဒါတောင် အပြည့်အဝ မဟုတ်ခဲ့ဘူးလို့ သူက ဆိုပါတယ်။

အီလက်ထရွန်နစ် မဲပေးစနစ်အသုံးပြုပုံနှင့် စက်ပိုင်းဆိုင်ရာများကို ကြည့်ရှုနေသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၃ ခုနှစ် ဖေ‌ဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Military)
အီလက်ထရွန်နစ် မဲပေးစနစ်အသုံးပြုပုံနှင့် စက်ပိုင်းဆိုင်ရာများကို ကြည့်ရှုနေသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၃ ခုနှစ် ဖေ‌ဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Military)

အဲဒီနောက်ပိုင်း အာဏာသိမ်းမှုတွေနဲ့ ဆက်တိုက်ကြုံခဲ့ရပြီး မြန်မာပြည်သူတွေနဲ့ တိုင်းရင်းသား ပြည်သူအားလုံး နှစ်ပေါင်း ၆၀ ကျော် စစ်တပ်လက်အောက်မှာ ဆက်နေထိုင်ရတဲ့ အခြေအနေတွေဟာ ဝမ်းနည်းစရာကောင်းတယ်လို့ ဦးထက်မြက်က ပြောပါတယ်။

ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကတော့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကနေ စစ်တပ် အပြီးထွက်သွားဖို့ အာဏာမသိမ်းခင်ကတည်းက လှုပ်ရှားတောင်းဆိုနေပြီး အခုနောက်ပိုင်း မှာ ပိုပြီးခိုင်ခိုင်မာမာ တောင်းဆိုနေကြပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပါတီစုံဒီမိုကရေစီနစ်ကို ကျင့်သုံးနေတာဖြစ်တဲ့အတွက် ဘယ်လိုအခြေအနေမျိုးရှိနေသည်ဖြစ်စေ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကြိုးပမ်းမယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် စစ်ကောင်စီ အစည်းအဝေးမှာ အခိုင်အမာ ပြောခဲ့ပါတယ်။ အခုနောက်ပိုင်းလုပ်တဲ့ စစ်ကောင်စီအဖွဲ့ အစည်းအဝေးတွေမှာလည်း အဲဒီလို မကြာခဏ ထည့်သွင်းပြောဆို ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။