TNLA ဌာနချုပ်အနီးကို စစ်ကောင်စီတပ် ထိုးစစ်ဆင်

တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။
တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရခိုင်ပြည်နယ်မှာ ရုတ်တရက် အပစ်ရပ်ပြီးနောက် စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်က တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဌာနချုပ်နဲ့ အနီးတစ်ဝိုက်နယ်မြေတွေကို ထိုးစစ်ဆင်လာပါတယ်။

ဒီဇင်ဘာလ ၇ ရက်က စတင်တဲ့ ထိုးစစ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ TNLA တာဝန်ရှိသူတွေက ပြောပါတယ်။

"ပြေးနေရတဲ့သူတွေလည်း ပြေးနေပြီ။ ရွာတွေမှာတော့ စစ်ပွဲမဖြစ်စေချင်ဘူး"

ဒီဇင်ဘာလ ၉ ရက် ဒီနေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး ဌာနချုပ်အနီးလက်နက် ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

"ဘာကြောင့်လာပစ်တယ်ဆိုတာတော့ မသိရဘူးပေါ့နော်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ပုံစံကိုကြည့်ရင် အရင်ကလည်း ကျနော်တို့ တိုင်းရင်းသား အင်အားစုတွေအပေါ်မှာ တစ်ဘက်နားရင် တစ်ဘက်ပစ်လိုက် လုပ်လာတဲ့ပုံစံမျိုးတွေတော့ တွေ့ရပေါ့။ အခုလည်း ကျနော်တို့ ဌာနချုပ် စခန်းပြောလို့ရတာပေါ့နော်၊ ဟိုဘက်တောင် ဒီဘက်တောင်လောက်ပဲရှိတယ်။ စဖြစ်တဲ့နေ့ ၇ ရက်နေ့ကတော့ သူတို့ပစ်တဲ့ လက်နက်ကြီးတချို့စခန်းပတ်ဝန်းကျင်မှာ လေးငါးလုံးလောက် သွားကျတယ်။ လူထိခိုက်တာတော့ မရှိဘူး”

တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေအကြား ထိခိုက်သေဆုံးမှုရှိတယ်ဆိုပေမယ့် အသေးစိတ်ကို သူက ထုတ်မပြောပါဘူး။

ဒီတိုက်ပွဲဟာ နမ့်ဆန်မြို့နယ် ကုန်းသာ၊ မန်လုံ၊ တာလတ်နဲ့ ဟူးမန်းရွာတွေအနီးမှာ ဖြစ်ပွားနေတာပါ။

စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၇ ရက်မှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်ငါးစီးနဲ့ မန်လုံနဲ့ ကုန်းသာရွာအနီး တပ်သား ၁၃၀ နီးပါး ချပေးပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကုန်းသာ ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကုန်းသာရွာဒေသခံ ဦးအိုက်သိန်းက ပြောပါတယ်။

“အခု သူတို့က နမ့်ဆန်ကနေ လက်နက်ကြီးနဲ့ ငါးမိနစ်ခြားတစ်ခါ အမြဲတမ်း ထုနေတယ်။ ပြီရင်ဒီအပေါ်မှာ ကင်းထောက်လေယာဉ်က ၂၄ နာရီပျံနေတယ်။ အခုတောင် ကျနော်တို့ မြင်နေရတယ်။ အသံကတော့ မကြားရဘူးဗျာ။ ကျနော် နည်းနည်းတော့ စိုးရိမ်ရတယ်။ အခု သူတို့က စစ်မြေပြင်တစ်ခုမှာဖြစ်နေတာ မဟုတ်ဘဲနဲ့ ရွာထဲမှာ ရမ်းသန်းပြီးတော့မှ လက်နက်ကြီးတွေနဲ့ပစ်နေတဲ့ အခြေအနေမျိုးဖြစ်တယ်။ ပြေးနေရတဲ့သူတွေလည်း ပြေးနေပြီ။ ရွာတွေမှာတော့ စစ်ပွဲမဖြစ်စေချင်ဘူး”

လက်ရှိမှာ ကုန်းသာ၊ မန်လုံး၊ တာလတ်၊ ဟူးမန်းနဲ့ ဆာမ်ငန်းရွာက ဒေသခံ ငါးရာဝန်းကျင် ဟာ အနီးနားရွာတွေဖြစ်တဲ့ ဇယန်းကြီး၊ မန်ဖတ်နဲ့ ကယားကြီး ရွာတွေဆီ တိမ်းရှောင်နေ တယ်လို့ သူက ပြောပါတယ်။

တောတောင်တွေထဲ ပိတ်မိနေတဲ့ အရပ်သားတွေလည်းရှိနေတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ ဇယန်းကြီးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီမနက် ဝင်လာတာ ခြောက်ဆယ်၊ ခုနစ်ဆယ်လောက်ရှိတယ်။ ကုန်းသာရွာကတော့ လုံးဝထွက်လို့ မရသေးဘူး။ တောထဲမှာ ထမင်းလည်းငတ်နေတယ်တဲ့။ ဘယ်လို ပြောမလဲ သူတို့ တောတွေကနေ တိုက်ပွဲတွေကိုရှောင်ပြီး တိုက်ပွဲမဖြစ်တဲ့နေရာလေး တွေကို ရောက်တယ်ဆိုရင်တော့ ကျနော်တို့ သွားကြိုလို့ရတယ်လေနော်။ အကူအညီ တောင်းလာရင် ကျနော်တို့ သွားလို့ရတဲ့နေရာဆိုရင် ချက်ချင်းသွားပေးတယ်လေ”

နမ့်ဆန်မြို့နယ်အတွင်းဖြစ်နေတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ကရော TNLA တပ်ဘက်ကပါ အင်အားဖြည့်တင်းနေသလို စစ်ရေးပြင်ဆင်မှုတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့ကြောင့် တိုက်ပွဲပိုပြင်းထန်လာပြီး စစ်ဘေးဒုက္ခသည်တွေ တိုးလာနိုင် တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ရှမ်းပြည်နယ် စစ်ကောင်စီလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းကတော့ တိုက်ပွဲအခြေအနေကို မပြောနိုင်သေးဘူးလို့ RFA ကို ဒီကနေ့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ ၂၆ ရက်ကစပြီး အပစ်အခတ်ရပ်စဲထားတဲ့ စစ်ကောင်စီ တပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသနဲ့ တအာင်းဒေသတွေကို ဒီဇင်ဘာ လဆန်းကစလို့ ထိုးစစ်ဆင် တိုက်ခိုက်လာတာပါ။

shan-army.JPG
ရှမ်းပြည်နယ်အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။ (Photo: RFA)

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ခေါ် တအာင်းအဖွဲ့နဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ခေါ် ကိုးကန့်အဖွဲ့တို့ဟာ PDF တွေကို လက်နက်ထောက်ပံ့နေတယ်လို့ သံသယရှိတာကြောင့် ထိုးစစ်ဆင်တာဖြစ်နိုင် တယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

“ထူးထူးခြားခြားကတော့ TNLA ကိုရော၊ MNDAA တပ်စခန်းကိုရော ဝင်တိုက်တယ်လို့ အဲလို ကြားရတယ်ဗျ။ ခန့်မှန်းကြည့်ရတာကတော့ လွန်ခဲ့တဲ့ နှစ်လလောက်က ကိုးကန့် PDF ဆိုပြီး အဲလိုအဖွဲ့တစ်ဖွဲ့ကနေပြီးတော့ စစ်ကိုင်းတို့၊ မန္တလေးတို့မှာ လှုပ်ရှားနေတဲ့ PDF တွေကို သူတို့ကို လာပြီးဆက်သွယ်ပါ။ လက်နက်ခဲယမ်းမီးကျောက် လိုသလောက် ပေးမယ်ဆိုတာမျိုးလေ အဲသလို ကြေညာတဲ့ဟာမျိုးတစ်ခု တွေ့လိုက်မိတယ်။ အခု တိုက်ပွဲတွေဖြစ်လာတယ်ဆိုတဲ့အခါကျတော့ မြေပြင်မှာ တကယ်လည်း အဲသလို အဆက်အသွယ်တွေယူပြီးတော့ လက်နက်ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ပေးနေတာတွေရှိလို့ တပ်က ထိုးစစ်ဆင်တယ်လို့ ခန့်မှန်းရတာပဲ”

အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ MNDAA နဲ့ တိုက်ပွဲဖြစ်တာရှိပေမယ့် TNLA နဲ့တော့ တိုက်ပွဲကြီးကြီးမားမားမဖြစ်ခဲ့ပါဘူး။

MNDAA နဲ့ TNLA ဟာ စစ်ရေးနဲ့ နိုင်ငံရေးမဟာမိတ်တွေဖြစ်သလို တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ( NCA) ကိုလည်း လက်မှတ်ရေးထိုးခြင်း မရှိသေးပါဘူး။ ဒီအပြင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းချက်တွေကိုလည်း ပယ်ချခဲ့တဲ့အဖွဲ့တွေဖြစ်ပါတယ်။