အိန္ဒိယနဲ့ စစ်ကောင်စီ ဆက်ဆံရေး တရုတ်ကြောင့် ပိုနီးစပ်လာ
2024.05.24

ရုရှားနဲ့ တရုတ်ပြီးရင် စစ်ကောင်စီကို စစ်လက်နက်ပစ္စည်း တင်ပို့မှု တတိယ အများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ဘက်ဆိုင်ရာ သင်တန်းပေးတာတွေလည်း ရှိနေတာကြောင့် ဝေဖန်ခံနေရပေမဲ့ နှစ်နိုင်ငံစစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆက်ပြီးဆွေးနွေးနေဆဲပဲလို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
"စစ်ကောင်စီကို အိန္ဒိယကထောက်ပံ့ခြင်းအားဖြင့် တရုတ်နဲ့ အိန္ဒိယအပေါ်မှာ သက်ရောက်နိုင်တဲ့ တရုတ်ရဲ့ရန်ကို သူ့ဟာသူ ကာကွယ်နေတဲ့ အနေအထားမှာရှိတဲ့ပေါ့နော်”
ဒီလို စစ်ကောင်စီနဲ့ အိန္ဒိယထိပ်ပိုင်းခေါင်းဆောင်တွေ ဆက်ဆံရေး နီးကပ်လာတာဟာ တရုတ်နိုင်ငံကြောင့် ဖြစ်တယ်လို့ အိန္ဒိယအခြေစိုက် မြန်မာ့အရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
“ပြောမယ်ဆိုရင် ကျွန်တော်တို့ အိန္ဒိယ - မြန်မာဆက်ဆံရေးဆိုတာထက် အိန္ဒိယ - မြန်မာ၊ ပြီးလို့ရှိရင် မြန်မာ -တရုတ် ပြီးရင် အိန္ဒိယ - တရုတ်ဆက်ဆံရေးလို့ပြောရင် ပိုပြီးတော့မှန်ပါလိမ့်မယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယကျတော့ တရုတ်နဲ့ အစစအရာရာယှဉ်ပြိုင်နေရတဲ့ အနေအထားမှာရှိတယ်။ ဆိုတော့ စစ်ကောင်စီကို အိန္ဒိယကထောက်ပံ့ခြင်းအားဖြင့် တရုတ်နဲ့ အိန္ဒိယအပေါ်မှာ သက်ရောက်နိုင်တဲ့ တရုတ်ရဲ့ရန်ကို သူ့ဟာသူ ကာကွယ်နေတဲ့ အနေအထားမှာရှိတဲ့ပေါ့နော်”
စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တွေအရ မေလ ၁၅ ရက်နေ့မှာ အိန္ဒိယလေတပ်အကြီးအကဲ Ichettira Iyappa Kuttappa နဲ့ စစ်ကောင်စီ လေတပ် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံလေတပ် ဆက်ဆံရေးတိုးမြှင့်ပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့နဲ့ သင်တန်းသား စေလွှတ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် နေပြည်တော်လေတပ်စခန်းမှာ ငါးရက်ကြာ ဆွေးနွေးပွဲတစ်ခု လုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ခဲ့ပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။
ဒါ့အပြင် မေ ၂၁ ရက်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး (Abhay Thakur) ဦးဆောင်တဲ့ အဖွဲ့ဟာ စစ်ကောင်စီရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်နဲ့ နှစ်နိုင်ငံချစ် ကြည်ရင်းနှီးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
အလားတူ အိန္ဒိယနိုင်ငံ အမှတ် (၃) တပ်မကြီးမှူး Harjeet Singh Sahi အပါအဝင် အိန္ဒိယတပ်မတော် ကိုယ်စားလှယ် ငါးဦးနဲ့ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက အရာရှိတွေလည်း ဖေဖော်ဝါရီ လကုန်ပိုင်းက နှစ်နိုင်ငံစစ်တပ် ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဖို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကတည်းကနေ ၂ဝ၂၂ နှစ်ကုန်အထိ အိန္ဒိယဘက်က စစ်ကောင်စီနဲ့ ထိပ်တန်းအဆင့်မြင့်အရာရှိတွေသာ ဆက်ဆံခဲ့ပေမဲ့ ၂ဝ၂၃ ခုနှစ် မဏိပူရ်ပြည်နယ် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း နယ်စပ်လုံခြုံရေးအကြောင်းပြုပြီး ဆက်ဆံရေးတိုးမြှင့်လာတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် (BHRN) အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းကလည်း တရုတ်နိုင်ငံကြောင့် အိန္ဒိယဟာ စစ်ကောင်စီကို အလေးပေးဆက်ဆံလာတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“အိန္ဒိယနိုင်ငံရဲ့ အဓိကပြီးတော့ သူ့ရဲ့နိုင်ငံခြားရေးမူဝါဒကို ပြန်ကြည့်မယ်ဆိုရင် သူက တရုတ်ကို ပြိုင်ဘက်အဖြစ် ထားကြည့်တာ။ ဆိုတော့ တရုတ်နိုင်ငံရဲ့ လက်ရှိရပ်တည်ချက်က ပြန်ကြည့်မယ်ဆိုရင် မြန်မာပြည်ရဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေထဲမှာ မြောက်ပိုင်းအဖွဲ့ကို တော်တော်လေးဇောင်း (အခွင့်အရေး) ပေးတဲ့အနေအထားကို မြင်ရတယ်ပေါ့နော်။ ဆိုတော့ အိန္ဒိယကဘာကိုမြင်လဲဆိုတော့ သူ့နိုင်ငံရဲ့အကျိုးစီးပွားဟာ တရုတ်ဘက်ကိုယိမ်းတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ သူ့နယ်စပ်ဘက်ကို ရောက်လာမယ်ဆိုရင် သူ့အတွက် အန္တရာယ်ကြီးကြီးမားမားတစ်ခုလို့ သူမြင်ထားပြီးသား။ ဆိုတော့ အဲဒီလိုအနေအထား ရောက်လာမှာကို သူတို့အဖြစ်ခံမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့မြင်တယ်။ အဲဒီအတွက်ကြောင့်မို့လို ဒီချိန်ခွင်လျှာကို ထိန်းညှိနိုင်ဖို့ အတွက်ဆိုပြီးတော့ မြန်မာစစ်တပ်ကို တော်တော်လေးကို ဆက်ဆံရေးတစ်ခုနဲ့ သူ့နယ်စပ်ဘက်ကို အခြေအနေတစ်ခုကို ထိန်းညှိမယ်လို့ ကျွန်တော်တို့ မြင်တယ်ပေါ့နော်”
အိန္ဒိယနိုင်ငံက မြန်မာစစ်ကောင်စီကို စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်တန်းတွေနဲ့ စစ်ရေးပံ့ပိုးမှုအားလုံး ရပ်ဆိုင်းဖို့ Justice For Myanmar (JFM) က မေလ ၁၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။
စစ်ကောင်စီကို ပံ့ပိုးနေတာဟာ အိန္ဒိယက နိုင်ငံတကာ လူ့အခွင့်အရေးတာဝန်တွေကို ချိုးဖောက်နေတာ ဖြစ်တယ်လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က RFA ကို အီးမေးလ်ကနေတစ်ဆင့် မှတ်ချက်ပြုပြောပါတယ်။
“အိန္ဒိယနိုင်ငံက တရားမဝင်စစ်အုပ်စုနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ လေ့ကျင့်သင်ကြားမှုတွေ ဆက်လက်ပြုလုပ်နေတာဟာ စစ်အုပ်စုကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အိန္ဒိယကို ကြံရာပါဖြစ်စေပါတယ်။ စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် စစ်ပွဲဆင်နွှဲနေတာဖြစ်ပြီး၊ ရှုံးနိမ့်နေပါတယ်။ အိန္ဒိယရဲ့ ပံ့ပိုးနေမှုတွေက ၎င်းတို့ရဲ့ နိုင်ငံတကာ လူ့အခွင့်အရေးတာဝန်တွေကို ချိုးဖောက်နေတာဖြစ်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေရဲ့ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ရုန်းကန်မှုကိုလည်း နှောင့်ယှက်ထိပါးနေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ စစ်အုပ်စုကို စစ်ဘက်နဲ့ စီးပွားရေးဆိုင်ရာ ပံ့ပိုးမှုအားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ ကျမတို့ တောင်းဆိုပါတယ်”
JFM ရဲ့ တောင်းဆိုချက် အပါအဝင် သုံးသပ်ချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ဖြေကြားခြင်း မရှိပါဘူး။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ စစ်ကောင်စီက တရုတ်အပေါ် မှီခိုနေရတဲ့ အခြေအနေကို ထိန်းညှိလိုတာကြောင့် အိန္ဒိယနဲ့ ပိုပြီးနီးကပ်တဲ့ ဆက်ဆံရေးရှိလာတာလို့ သုံးသပ်ပါတယ်။
“အိန္ဒိယက ရုရှားရဲ့ သူက အစဉ်အလာမဟာမိတ်လည်း ဖြစ်တယ်လေနော်။ လက်ရှိမှာလည်း မြန်မာနိုင်ငံကလည်း ဒါကစားတဲ့သဘောပါပဲ။ တရုတ်တစ်ခုတည်းကိုပဲ မှီခိုမနေတော့ဘူးဆိုတဲ့ နေရာကနေ (သံခင်းတမန်ခင်း) ဖောက်တဲ့အတွက်ကြောင့်မို့လို့ အိန္ဒိယနဲ့ အဆင်ပြေလာတယ်။ ဒီလိုဆက်ဆံလာတာ ပေါင်းသင်းလာတာ သူရော၊ ကိုယ်ရော အကျိုးရှိတယ်။ တရုတ်ကိုလည်း တစ်ဖက်က ထိန်းညှိရာရောက်တယ်လို့ ကျွန်တော်ကတော့ အဲလို မြင်ပါတယ်”
JFM ရဲ့ မေလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့က အိန္ဒိယသမ္မတကိုယ်တိုင် တက်ရောက်စစ်ဆေးခဲ့တဲ့ အိန္ဒိယ ဗိုလ်လောင်းသင်တန်းဆင်းပွဲတစ်ခုမှာ ဗိုလ်လောင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက ဗိုလ်လောင်းတွေလည်း ပါဝင်နေတယ်လို့ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လက အိန္ဒိယကာကွယ်ရေးဝန်ကြီး Shri Giridhar Aramane မြန်မာနိုင်ငံကို တရားဝင် အလည်အပတ်ခရီး လာရောက်ချိန်မှာလည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့သလို အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့လည်း တွေ့ဆုံခဲ့တယ်လို့လည်း ဆိုပါတယ်။
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ မြန်မာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မီဇိုရမ်၊ မဏိပူရ် စတဲ့ ပြည်နယ်တွေကို ထွက်ပြေးခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ခြောက်သောင်းခွဲဝန်းကျင်ရှိပါတယ်။ မဏိပူရ်အစိုးရက ပြည်နယ်တွင်း ခိုလှုံလာတဲ့ ဒုက္ခသည်တွေရဲ့ ကိုယ်ရေးဇီဝအချက်အလက်တွေ ကောက်ယူပြီး စစ်ကောင်စီကတစ်ဆင့် နေရပ်ပြန်ပို့ဖို့ စီစဉ်နေတာတွေကြောင့် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒုက္ခသည်အရေး ကူညီနေသူတွေက ကန့်ကွက်နေကြတာဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အိန္ဒိယနဲ့ စစ်ကောင်စီတို့ဟာ နှစ်ဖက်ကိုယ်ကျိုးစီးပွားအတွက် ပိုပြီးနီးကပ်လာကြတာဖြစ်တယ်လို့ ပြောပါတယ်။
“အိန္ဒိယဟာ မြန်မာပြည်မှာဖြစ်နေတဲ့ ပြဿနာတွေကို မျက်ကွယ်ပြုပြီးတော့ သူ့ရဲ့ အကျိုးစီးပွားတွေကို စစ်ကောင်စီနဲ့ပဲ တိုက်ရိုက်ဆက်စပ်လုပ်ကိုင်နေတာပါ။ အခုပိုပြီး (ဆက်ဆံရေး) များလာတယ်ဆိုတဲ့ အဓိပ္ပါယ်ကတော့ (စစ်ကောင်စီက) တရုတ်အပေါ်မှာ တစ်ဖက်သတ်မှီခိုရတဲ့ အနေအထားကနေပြီးတော့ အိန္ဒိယဘက်ကို ထပ်မံပြီးတော့ ထိန်းညှိတဲ့အနေအထားနဲ့ လုပ်တယ်လို့ပဲမြင်ပါတယ်”
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ရဲ့ ၂၀၂၃ ခုနှစ်၊ မေ ၁၇ ရက်က ထုတ်ပြန်တဲ့ သေမင်းတမန် လက်နက်ကုန်သွယ်ရေးဆိုတဲ့ အစီရင်ခံစာမှာ အိန္ဒိယဟာ စစ်ကောင်စီကို အာဏာသိမ်းချိန်ကစလို့ အမေရိကန်ဒေါ်လာ ၅၁ သန်းဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ပေးပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။